my lovely baby...
she came to our life in 18 march 2011...
I cannot find a word to show how much i love her...
(ဘလော့နဲ့စိမ်းတဲ့ သမီးရဲ့ဖေဖေ ပထမဆုံးရေးထားတဲ့ ပို့စ်ကို draft ထဲတွေ့လို့ အမှတ်တရ ပေါင်းတင်လိုက်ပါတယ်။ )
သမီးလေးလူ့လောကထဲရောက်တဲ့နေ့က..............
သမီးကိုမမွေးခင် တစ်ရက်ကြိုပြီး ကျွန်မဆေးရုံတက်ခဲ့တယ်။ ဆေးရုံကိုသွားရတာ သနပ်ခါးအဖွေးသား ဟီးဟီးဟားဟား ပျော်ပျော်ပါးပါးနဲ့ပါ။ ရောဂါရှိလို့ ဆေးရုံတက်တာမှမဟုတ်ပဲ ။ ချစ်သူက ကျွန်မဆေးရုံမတက်ခင် တစ်ရက်စောပြီး ပြန်လာခဲ့တယ်.. လူနာစောင့်လုပ်ရအောင် ဆိုပဲ...။
သမီးကိုမွေးမှာက သောကြာနေ့မနက် ၅နာရီခွဲ။သမီးလေး အမေ့ဗိုက်ထဲရောက်တာ ၃၉ ပတ်ပြည့်တဲ့နေ့မှာပါ။ ခန့်မှန်းမွေးရက်ထက် တစ်ပတ်စောတာပေါ့...။ ဒါပေမယ့် ကြာသပတေးနေ့ည မှာပဲ ကျွန်မ ဗိုက်နာချင်သလို
ဖြစ်လာတော့ သမီးလေးဟာ နေ့စေ့လစေ့နဲ့ လူ့လောကထဲရောက်လာခဲ့ပါတယ်။ အဲဒီတစ်ညလုံး ကျွန်မအိပ်မရခဲ့ဘူး.. မနက်ကျရင်သမီးလေးကိုတွေ့ရတော့မှာကိုး...ဝမ်းဗိုက်ပြင်အောက်ဖက်ပိုင်းက တချက်တချက် ကိုက်ခဲနေတာကို လက်နဲ့ အသာအယာပွတ်ပြီး သမီးကို စိတ်ထဲကနေ စကားတွေပြောနေခဲ့ပါတယ်။
သောကြာနေ့ မနက် ၄ နာရီခွဲလောက်မှာ ငှားထားတဲ့ သူနာပြုဆရာမလေးက ကျွန်မတို့ကိုနှိုးပြီး ပြင်ဆင်ကြတယ်။ ၅ နာရီမှာ ခွဲခန်းဝရောက်နေပြီး ခွဲခန်းဝတ်စုံလဲဝတ်နေရပြီ။ ခွဲခန်းအပြင်မှာစောင့်နေကြတဲ့လူနာရှင်တွေကတော့ မောင်ကြီးရယ်၊ သမီးရဲ့ကြီးကြီးဂွမ်းပုံရယ်၊ သမီးဘဂျီးစောမိန်းမ ကြီးကြီးအေးသင်းရယ်ပေါ့။
ခွဲစိတ်ခန်းထဲရောက်တော့ ကျွန်မကိုတွန်းလှည်းပေါ်ကနေ ခွဲစိတ်မဲ့ကုတင်ပေါ်တင်ပေးကြတယ်။ ကုတင်က ကျဉ်းမြောင်မြောင်နဲ့ လက်နှစ်ဘက် ဘေးကားထားဖို့နေရာလည်း ပါတယ်။ ကုတင်ကြည့်ပြီး " ခွဲစိပ်နေတုံး ငါပြုတ်ကျရင် ဒုက္ခပဲ" လို့ တွေးမိသေးတယ်..။ အခန်းထဲမှာ မေ့ဆေးဆရာဝန်မကြီးနဲ့ လက်ထောက်တွေ အားလုံးရောက်နေပြီး ပြင်ဆင်နေကြပြီ။ ကျွန်မကို အလ္လာပ၊ သလ္လာပပြောကြ၊ မေးကြနဲ့..ကြောက်နေမှာစိုးလို့ စိတ်ပြောင်းပေးနေတာလို့ ထင်တာပါပဲ။ အမှန်ကတော့ ကျွန်မမှာကြောက်စိတ်မရှိပဲ ပျော်တဲ့စိတ်ပဲ ဖြစ်နေတယ်။ အမေ့ဗိုက်ထဲမှာ ၉လခွဲကျော် နေခဲ့တဲ့သမီးလေးကို မြင်ရတော့မယ်လေ..။
လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်ထားပြီး၅နာရီခွဲ အိုဂျီဆရာဝန်ကြီးအလာကိုစောင့်ကြတယ်။ ကျွန်မမျက်လုံးကို ပုဝါခေါက်လေးနဲ့အုပ်ထားပေးပြီး နှာခေါင်းဝမှာလည်း အေးအေးလေးတစ်ခုလာတပ်သလိုပဲ၊ နောက်မှ သိရတာက အောက်စီဂျင်ပေးထားတာတဲ့။ ကျွန်မရဲ့သွေးပေါင်ချိန်တော်တော်ကျနေလို့ ပုံမှန်လည်း သွေးပေါင်ကျနေတတ်ကြောင်းပြောပြရပါသေးတယ်။ မေ့ဆေးဆရာဝန်မကြီးက ကျွန်မကိုသွေးပေါင်ခဏခဏချိန်ရင်း "ဘုရားစာရွတ်နေပေါ့သမီး" တဲ့ပြောတော့မှ ဘုရားစာရွတ်ဖို့ သတိရတော့တယ်။ ကိုယ်ဝန်ဆောင်တွေ မွေးဖွားရလွယ်ကူတယ်ဆိုတဲ့ အင်္ဂုလိမာလသုတ်တော်ကို အလွတ်မရတော့ ကိုယ်ရတဲ့ သရဏဂုံ ၃ ပါးပဲ အပြန်ပြန်ရွတ်နေခဲ့ရတယ်(အပြင်မှာစောင်နေ့တဲ့ မောင်ကြီးကတာ့ အင်္ဂုလိမာလသုတ်တော်ကို စာအုပ်ကြည့်ရွတ်နေခဲ့တယ်တဲ့)။ နောက် ကျွန်မကိုပြောသေးတယ်။ ဗိုက်ကို ထုံဆေးနဲ့ခွဲမှာ၊ ဆေးကို နောက်ကျောရိုးကနေထိုးမှာ၊ လုံးဝ မတွန့်၊ မလှုပ်ရဘူးတဲ့၊
အိုဂျီဆရာဝန်ကြီးကားဆိုက်တာနဲ့ကျွန်မကိုနဖူးနဲ့ဒူးထိလုလုထိကွေးခိုင်းပြီး ကျောရိုးကိုထုံဆေးထိုးတယ်
(ဗိုက်ကြီးတစ်ပွေ့နဲ့လူဟာ မကွေးနိုင်မှန်းသိတော့ အကူသူနာပြုတစ်ယောက်က ခေါင်းနဲ့ဒူးကို လာဝိုင်းကွေးပေးတယ်)။ ပထမတစ်ခါမှာ အပ်ထိတော့ ခြေထောက်တစ်ဘက် ရုတ်တရက် ကျဉ်သွားတော့ ယောင်ပြီးလှုပ်မိလို့ နောက်ထပ်ထိုးရတယ်။ အိုဂျီဆရာဝန်ကြီးအရောက်မှာ ကျွန်မကိုစခွဲဖို့ပြင်ပြီ ( ကျွန်မက သွားနှုတ်ရင်ထိုးတဲ့ထုံဆေးလို ထုံလာဖို့ အကြာကြီးစောင့်ရတယ်လို့ ထင်ထားခဲ့တာ၊ ဒီထုံဆေးကတော့ ချက်ချင်းနီးပါးထုံတာပဲ)။ ကျွန်မခွဲစိတ်ကုတင်ပေါ်ကနေ မေ့ဆေးဆရာဝန်မကြီးကို "သမီးခြေထောက်တစ်ဘက်ပဲ ထုံသေးတယ်နော်" လို့ သတိပေးနေသေးတာ :P .. ဆရာမကြီးက ရယ်ရယ်မောမောနဲ့" အေး..အေး.. အားလုံးထုံမှ စခွဲမယ်နော် သမီး" လို့ ပြန်ပြောတယ်။ ဒါပေမယ့် အဲဒီအချိန် စခွဲနေကြပြီ ။ ကျွန်မကြိုတွေးထားခဲ့တာက ဗိုက်ပေါ်ဒါးတင်လိုက်လို့ ဗိုက် အေးကနဲဖြစ်သွားရင် မျက်နှာကျက်မီးလုံးကနေ ကျွန်မကိုခွဲနေတာတွေ ကြည့်မယ်ပေါ့ (ရုပ်ရှင်တွေထဲမှာ မြင်ဖူးတာပဲ :P )။
အိုဂျီဆရာဝန်ကြီးနဲ့ တခြားသူတွေ အဲဒီတုံးက တီဗီမှာပြနေတဲ့ ကိုရီးယားဇာတ်လမ်းတွဲအကြောင်းပြောနေ
ကြတာ ကျွန်မနားထောင်နေရင်း သူတို့ ရီစရာပြောရင် လိုက်ရီလိုက်နဲ့ပေါ့ (တကယ်က ပြုံးရုံပြုံးနိုင်တာပါ) ။ မျက်စိကို အုပ်ထားတဲ့ပုဝါခေါက်နဲ့ ကျွန်မရဲ့ စူပါနှာတံပေါ်ကြားနေရာလွတ်ကလေးကနေ မြင်ရသမျှ ကျွန်မကြည့်နေခဲ့တယ်...။ ကျွန်မဗိုက်ပေါ် နီညိုရောင်အရည်တွေ ခပ်ရွှဲရွှဲသုတ်လိုက်တာမြင်တယ်။ ကျွန်မရဲ့ညာဘက်မှာ ရပ်နေတဲ့ အိုဂျီဆရာဝန်ကြီးကိုမြင်တယ်။ သူ့နှာခေါင်းစည်းမှာ UPM လို့ ဆရာကြီးနာမည် အတိုကောက်ကို အပ်ချည်ဖြူနဲ့ ထိုးထားတာတွေ့တယ်။ စာလုံးက မညီမညာနဲ့ အကြီးကြီးရေးထားတာ ရီချင်စရာကြီး... ၊
ကျွန်မမှာ ဗိုက်အအေးကိုစောင့်နေရင်း "ဒီနေ့တော့ ကံကောင်းတယ်ဟေ့.. ပွဲဦးထွက်ကတည်းက ပါးစပ် ဟ ပြီးထွက်လာတာ" ဆိုတဲ့ဆရာကြီးအသံကြားမှကြည့်လိုက်တော့ ဆရာကြီးလက်ထဲကနေ သူနာပြုတစ်ယောက် လက်ထဲမှာ ပါသွားတဲ့ ချက်ကြိုးရှည်ရှည်နဲ့ ကလေးလေးကိုမြင်လိုက်ရပါတယ်။ အား..အားနဲ့ အူဝဲလေးငိုသံပါကြားလိုက်ရတယ်။ (ပါးစပ်ဟပြီးထွက်လာတဲ့ သမီးလေး၊ ပါးစပ်ထဲ ရေမွှာရေတွေဝင်လို့ဆိုပြီး နှာခေါင်းပိုက်နဲ့ ခဏနေလိုက်ရသေးပါတယ်)။ အရေပြားမှာအဆီသုတ်လိမ်းထားသလိုမျိုးနဲ့ ပြောင်လက်တာလဲမဟုတ်ဘူး..။ ဝဝတုတ်တုတ်လေးမှန်းလည်း ခန့်မှန်းလို့ ရပါတယ်။သမီးလေးကို လှမ်းမြင်ကတည်းက စိတ်လှုပ်ရှားပြီးကျွန်မ ရင်တွေတအားခုန်လာတာပဲ..။ "ကလေးလေးကို ကျွန်မ မြင်ရတယ်" လို့ ကျွန်မပြောလိုက်သေးတယ်။ သမီးလေး၊ ခြေလက်အင်္ဂါအားလုံးစုံတယ် လို့တစ်ယောက်ကပြောပါတယ်။ နောက်တော့ ၈ ပေါင် ၆ အောင်စ ဆိုတဲ့ အော်သံကြားလိုက်ရပါတယ် (အဲဒီနေ့က ၂ လုံးထီက နေ့လည် ၁၂ နာရီအခေါက်မှာ ၈၆ ထွက်တယ်တဲ့ :P)။
ကျွန်မဆက်ကြည့်နေရင်း အပ်ချည်ကြိုးတစ်ချောင်း (သွေးလည်းပေနေတာတောင်တွေ့လိုက်သေး)နဲ့ လုပ်နေတာတွေ့တော့ ဗိုက်ကို ပြန်ချုပ်နေပြီလို့ ထင်လိုက်တဲ့ ခဏမှာ လည်ချောင်းထဲ တစ်ဆို့ဆို့ဖြစ်လာတော့ သမီး တမျိုးကြီးဖြစ်လာတယ် လို့ ခေါင်းရင်းက မေ့ဆေးဆရာဝန်မကြီးကိုပြော၊ ဆရာမကြီးက ဟုတ်တယ်..အဲလိုပဲဖြစ်တတ်တယ်.. ထွေးချလိုက် သမီးလို့ပြောပြီး ကျွန်မပါးစပ်ဝမှာ တစ်ရှူးတွေ (လို့ထင်တယ်) လာခံပေးပါတယ်။
နောက်တော့ ရေမိုးချိုးသန့်စင်ပြီး အနှီးလေးထွေးထားတဲ့ သမီးလေးကို ခွဲခန်းအပြင်မထုတ်ခင် ကျွန်မကိုလာပြပါတယ် ။ အဖေနဲ့တူတယ်လို့လဲပြောသေးတယ်။ သမီးလေးက ခုတော့ မငိုတော့ပဲ မျက်လွှာချငြိမ်နေပါတယ်။ မျက်နှာပန်းနုရောင်နဲ့ ဖောင်းအိနေတဲ့ ကျွန်မသမီးလေး... ကျွန်မဘယ်လောက်ဝမ်းသာနေတယ်ဆိုတာ ပြန်ပြောမပြတတ်ဘူး..။
ကျွန်မသွေးပေါင်အရမ်းကျနေတော့ ပုလင်းချိတ်ထားတဲ့ထဲ ဘာဆေးတွေလည်းမသိ ထပ်ထည့်ဖို့ပြောသံတွေ ကြားရတယ်။ မေ့ဆေးဆရာဝန်မကြီးက ကျွန်မကို စိတ်မချလို့ ဆိုပြီး ဟိုဘက်ဆေးရုံမှာခွဲခန်းဝင်ဖို့ အချိန်ရောက်လို့ ဖုန်းလှမ်းခေါ်ပေမယ့် ၊ အိုဂျီဆရာကြီးက စိတ်ချပြီးသွားပါ ရပါတယ်ဆိုပေမယ့် မသွားသေးပဲစောင့်နေခဲ့ပါတယ်။ ခွဲစိတ်ခန်းမှာ ကျွန်မ နာရီဝက်လောက်ပိုနေလိုက်ရပါတယ်။ နောက်ဆုံးတော့ ကျွန်မ ခွဲစိတ်ခန်းထဲကအောင်မြင်စွာပြန်ထွက်လာနိုင်ခဲ့ပါပြီ။ ကျွန်မကိုတင်ထားတဲ့စင်ကို သယ်လာပေးတဲ့ ဆေးရုံဝန်ထမ်းကောင်လေးတွေက အစ်မ မျက်စိမှိတ်ထားပါ၊ မူးသွားမယ် ဆိုပေမယ့် ခွဲခန်းအပြင်ဘက်မှာ စိုးရိမ်စွာနဲ့စောင့်နေမယ့်သူကို စိတ်မပူပါနဲ့လို့ ပြုံးပြချင်သေးတာလေ... :) ။
ကျွန်မအခန်းထဲပြန်ရောက်တော့ သမီးလေးက သူ့အိပ်ရာလေးထဲမှာပါ။
သမီးလေးကြီးလာရင် သူငယ်ငယ်ကအကြောင်းတွေ ပြန်ပြောပြဖို့မှတ်တမ်းတင်ထားတာပါ။
အဲဒီနေ့က ၂၀၁၁ခု မတ်လ ၁၈ရက် ၊သောကြာနေ့ပါ။

10 comments:
တို့ သမီးလေးလဲ 18 မတ်လ 2011 ဘဲ လေ ။
ဘယ်မှာ မွေးတာလဲ ။
ခု ဆို အတော် ချစ်စရာကောင်းနေလောက်ပြီနော် ။
ဓါတ်ပုံတွေတင်ပါလား ။
တို့ သမီးလေးကတော့ ပဲပြုတ်သိပ်ကြိုက်....း)))
အပေါ်က အီးလိုတွေက ကိုမောင်ကြီးရေးထားတာတွေလား :)
သတ္တိကောင်းသော စင်စင်
တယ်သတ္တိကောင်းပါလား စင်စင်. တို့ကတော့ အသေးစားလေးခွဲတာတောင်မေ့ချင်တာ။ မကြည့်ရဲလို့။ ခံစားရမှာကြောက်လို့။
များများရေးပါ မယ်ဆင်
MaThandarLwin>>ပြည်မြို့က လောကပါလဆေးခန်းမှာမွေးတာပါ။ သမီးလေးဟေမာလွင်ဦးကို ဘလော့မှာရော၊ ဖဘမှာပါ မြင်ဖူးပါတယ်။ လာအားပေးတာကျေးဇူးပါ။
မြိုး>> ဟုတ်တယ်.. သူက အီး ကျွမ်းတယ်လေ..:D
မမခဥမ>> သတ္တိမကောင်းပါဘူး မမ.. သူများကိုလုပ်ရင် ဆေးထိုးတာတောင် မကြည့်ရဲဘူး.. ကိုယ့်ဘာသာသာ ကြည့်ရဲတာ..
ကိုကိုဒီဘီ >> များများ :D
စိတ်ထဲမှာ တခုခု ဖြစ်သွားသလိုပဲ ဖတ်ရတာ...
ဝဲလ်ကမ်းသမီးလေးစင်စင် ((ဟမ်))
တော်တော်သတ္တိကောင်းတဲ့ စင်စင်ပါလား...
အမ သားကိုမွေးတုန်းက ဘာဆို ဘာမှ မမြင် မတွေ့လိုက်ဖူး... ထုံဆေးနဲ့ ခွဲဖို့ကို လူက မငြိမ်ပဲ ညည်းနေလို့ မေ့ဆေးပါ အုပ်ပလိုက်တယ်လေ... ခွဲခန်း အပြင်ရောက်တော့ ငိုတာ ငိုတာ ရပ်လို့မရဘူး... ဘာမှ ငိုစရာမရှိတာ သိပေမယ့် တိတ်လို့ကိုမရဘူး... ဆရာဝန်ကပြောတာတော့ မေ့ဆေးကြောင့် depress ဖြစ်သွားတာ တဲ့... ငိုလို့တော်တော်ကြာမှ သားကို ကြည့်နိုင်တယ်... ဆိုးတယ်နော်...း(
ပျော်စရာ မိသားစုလေး ထာဝစဉ် ပျော်ရွှင် ကျန်းမာ ချမ်းသာကြပါစေ...
သတ္တိကောင်းတယ်ဆိုတာနဲ့ နောက်၁၀ယောက် ထပ်မွေးတော့မယ် ထင်တယ်။ :D :D
mm
ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
Post a Comment