Sunday, November 13, 2011

Nursing Room ထဲက ငမိုက်သား

သမီးလေးကိုမွေးကတည်းက မိခင်နို့ချည်းတိုက်ခဲ့ပြီး ၅ လလောက်ကျမှ နို့ဗူးကျင့်ကြည့်တော့ သမီးက မစို့တတ်ပါ။ ကျွန်မကလည်းအပြင်ထွက်အလုပ်လုပ်တဲ့သူမဟုတ်တော့ နို့ဗူးကို ပြင်းပြင်းထန်ထန်ကျင့်မနေတော့။ အပြင်သွားနေတုံး ကလေးဗိုက်ဆာရင် တခါတလေ အာရုံနောက်ရပါသည်။ ကိုယ့်နိုင်ငံမှာလို ကလေးဆာတိုင်း နေရာတကာ နို့မတိုက်ရဲ။ ပါပါရာဇီနှင့်တွေ့ပြီး ယူကျုမင်းသမီးတွေဖြစ်သွားမှာလည်း စိုးရသေးသည်။

ကျွန်မကလည်း အပြင်သွားခဲ၍ သွားလေ့ရှိသော Shopping Mall တွေမှာတော့ Nursing Room များရှိသည်။ Nursing Room များမှာ အများအားဖြင့်အမျိုးသမီးအိမ်သာနှင့်ကပ်လျက်ဖြစ်ပါသည်။ ကလေးမိခင်များအတွက် သီးသန့်ဖြစ်၍ ကလေး Diaper လဲပေးရန်နေရာလေးတွေ၊ ရေနွေး၊ရေအေးစက်တွေ၊ မိခင်နို့တိုက်ရန် အခန်းကလေးတွေပါသည်။ အခန်းကလေးတွေမှာ အဲကွန်းနှင့် ဆိုဖာကလေးနှင့် ကလေးတွန်းလှည်းပါ ယူလာလို့ရလောက်သော နေရာအကျယ်အဝန်းနှင့် အတော်လေးအဆင်ပြေအောင်စီစဉ်ပေးထားသည်။သို့သော် အရေအတွက်ကတော့နည်းသည်ဟုထင်ပါသည်။ ကျွန်မအစ်မဝမ်းကွဲ လွန်ခဲ့သော၁၀ နှစ်ကျော် သူဂျပန်မှာရှိတုံးကတော့ ဂျပန်မှာNursing Room တွေ နေရာအနှံ့ထားပေးသည်ဆို၏။ လမ်းထိပ်တွေမှာ ဘူတာရုံအနီးအနားတွေမှာတဲ့၊ ဒီမှာလည်း အဲလိုထားပေးရင်ကောင်းမှာပါပဲ။

ကျွန်မသိသည့် Nursing Room များမှာ ဘွန်လေးJurong Point မှာဆို ဒုတိယထပ်က fairprice Xtra နားမှာတစ်ခန်း၊ Kiddy Palace ဆိုင်နားမှာတစ်ခန်း၊ နှစ်ခန်းရှိသည်။ IMM က မြေညီ Giant နားမှာ ကျဉ်းကျဉ်းလေးတစ်ခန်းရှိသည်။ Raffle City က ဒုတိယထပ်မှာလည်းရှိသည်။ ION Orchard မှာတော့ အခန်းတံခါးပျက်နေသည်ကိုမပြင်ရသေး :( ၊ ချန်ဂီလေဆိပ်ထဲက Terminal 1 မှာရော၊ 2 မှာရော၊nursing room  မှာတော့ "Please lock the door before breastfeeding." လို့သတိပေးစာတမ်းကပ်ထားသည်။ Singapore Zoo မှာလည်းရှိသည်ဆိုသည်။ (တခြားနေရာတွေတွေ့မိရင် လက်တို့ကြပါ၊ လမ်းများလို့ရတာပေါ့ :P)

ပြီးခဲ့တဲ့သောကြာနေ့က မောင်ကြီးအန်တီ့အသိ အန်တီတစ်ယောက်ကို လေဆိပ်လိုက်ပို့ပြီးအပြန် Raffle City ကို ဝင်ကြသည်။ Mos Burger ဆိုင်မှာ သမီးကို သူ့ဖြည့်စွက်အစာကျွေးသော်လည်း သိပ်မစား၊ သမီးလေး အိပ်ငိုက် လာတော့ ဒုတိယထပ်က Nursing Room ကိုသွားရသည်။ နို့တိုက်တဲ့အခန်းက တစ်ခန်းတည်း ၊ လူဝင်နေ၍ တံခါးကလည်း ပိတ်ထားသည်၊ အပြင်မှာစောင့်နေတာက တရုတ်ကလေးနှင့်အမေ တစ်တွဲ၊ ရုံးသမား မားဖြစ်ဟန်တူသော နို့ညှစ်မည့်အမျိုးသမီးတစ်ဦး။ ကျွန်မတို့သားအမိတစ်တွဲ၊ နောက်ထပ်ရောက်လာတာက အိန္ဒိယနွယ်ဖွား သားအမိတစ်တွဲနှင့် အိမ်အကူဖြစ်ဟန်တူသူတစ်ဦး။ (အပြင် ဆိုတာ့နို့တိုက်တဲ့အခန်းရဲ့အပြင်ဘက်။ ဒါပေမယ့် Nursing Room အတွင်းမှာပဲ၊ Nursing Room ထဲမှာ နို့တိုက်ဖို့ရာအတွက် အထဲက ချက်ချလို့ရတဲ့ အခန်းငယ်ကလေးဖွဲ့ထားတာ)။ ကျွန်မတို့ အားလုံး တံခါး ပွင့်အလာကို စောင့်ကြသည်၊စောင့်ကြသည်၊စောင့်ကြသည်။ အရင်ရောက်သူကို နောက်မှရောက်သူက အထဲမှာ လူဝင်သွားတာ ဘယ်လောက်ကြာပြီလဲဟု မေးသည်။ အရင်ရောက်သူများက အိုင်ဒုန့်နိုးဟု တညီတညာတည်း ပြန်ဖြေကြသည်။ အချိန် တော်တော်ကြီးကြာလာတော့ တံခါးစေ့ထားတာဖြစ်မည်စိုး၍ တံခါးကို သွားစစ်သူက စစ်သည်။ တံခါးကို အထဲမှ ချက်ချထားတာသေချာသည်။ ဗိုက်ဆာနေသောကလေးများက တကျီကျီ၊ တကျာကျာလုပ်ကြသည်ကိုချော့ကြရသည်။ အိန္ဒိယကောင်ကလေးကတော့ သူ့အမေခွံ့ကျွေးသော Gerber အသီး အနှစ်ဗူးကို စားနေပြီ။ မတရုတ်မတို့သားအမိလည်း မစောင့်နိုင်၍ ထွက်သွားကြပြီ။ ကလေးမပါသောရုံးသမားကို ရုံးက လှမ်းဖုန်းဆက်နေသည်။ စီပီယူ ဘယ်နှစ်လုံးလဲ ဘာလဲဟု ဖုန်းပြောသံသဲ့သဲ့ကြားလိုက်သည်။ 
သန့်ရှင်းရေး အမျိုးသမီးဝင်လာသည်။ အထဲကလူကြာလှပြီဟု ပြောကြပြန်သည်။ နာရီဝက်ခန့်စောင့်ပြီးသော် အတော်ကြီးစိတ်တိုနေဟန်ရှိသော ရုံးသမားက တံခါးခေါက်၍ ဘယ်လောက်ကြာဦးမှာလဲ သွားမေးသည်။ အထဲမှ ပြန်ဖြေသံက ဗလုံးဗထွေး အသံသြသြမို့ အပြင်က မိန်းမတသိုက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့် မျက်စပစ်နေတုံး အခန်းထဲမှ ကမူရှူးထိုး၊ ကသုတ်ကရက် ထွက်သွားသူက တီရှပ်အနက်၊ ဘောင်းဘီနက်၊ ကျာပိုးအိတ်အနက်နှင့်ယောက်ျားတစ်ဦး။ နောက်ကျောကိုသာမြင်လိုက်ကြရသည်။သူက ဘာကိစ္စဝင်နေရတာလဲ ၊ဘာလဲ၊ ညာလဲ၊ ကျွတ်ကျွတ်ညံပြောနေချိန် ဟိုလူကတော့ အတော်ဝေးဝေးရောက်လောက်ပြီ။ သန့်ရှင်းရေး တရုတ်မက အခန်းထဲ နောက်ထပ်လူရှိသေးလားပြေးကြည့်တော့ ဘယ်သူမှ မရှိပါ။ ကျွန်မတို့အလှည့် ကျတော့ တော်တော်ဗိုက်ဆာနေသည့် သမီးကလေးမှာ နို့အနည်းသာစို့နိုင်၍ အိပ်ပျော်သွားရှာသည်။

မိခင်များအတွက်သာ ဆိုသည့်နေရာ၊ ထို့ထက်ပို၍  နို့တိုက်မည့်မိခင်များအတွက်သီးသန့်လုပ်ထားသောနေရာ၊ အမျိုးသားများနှင့်လားလားမျှ မဆိုင်သောနေရာမှာ တံခါးချက်ချပြီးဝင်နေသောထိုလူ၊ အပြင်က ကလေးပေါက်စ စလေးများ ဗိုက်ဆာ၍ အော်သံ ငိုသံ၊ ဂျီကျသံများကို ကြားလျက်နှင့် ထွက်လာမပေးသောထိုလူ ။ ထိုလူကား အရူးလား၊အကောင်းလားမသိ။ အပြင်မှာရပ်စောင့်နေသောမောင်ကြီးက တရုတ်ဆင်(ကုလားဆင်မဟုတ်) ထိုသူမှာ ယောကျာ်းလေးအိမ်သာဘက် သုတ်သုတ်ဝင်သွားတာမြင်လိုက်သည်။ ကျပ်မပြည့်ဘူးဖြစ်မှာပါ ၊ ခွင့်လွှတ်လိုက်ပါဟုနားချသည်။ သို့သော် ကိုယ့်ကလေးဗိုက်ဆာရတော့ ထိုသူကို ဒေါသထွက်လွန်း၍ !@#$%^&* ပစ်ချင်လှသည်။သို့သော် လူလည်း မမှတ်မိ၊ မှတ်မိလည်း @#$% ရဲမည်မဟုတ်၍ ကိုယ့်ဘလော့ကိုယ် လာပေါက်ကွဲရပါသည်။ :(
အိပ်ပျော်နေသောသမီးနှင့်  Nursing Room




1 comment:

ZT said...

ဝင်အိပ်နေတာ နေမှာပေါ့။ :D ကျွန်တော့် မိတ်ဆွေ ထဲမှာတော့ အိပ်ရေးပျက်လွန်းလို့ ရုံးက Washroom ထဲ သတင်းစာ ခင်းပြီး အိပ်တဲ့သူ တောင် တွေ့ဖူးသေးတယ် ။