Sunday, December 18, 2011

(၉)လ မှုံနံ့သာ

ဒီနေ့ သောကြာသမီးလေး မမှုံနံ့သာ (၉)လပြည့်တဲ့နေ့.... ။
သမီး အမေ့ကိုလှမ်းခေါ်နေတုံး ဖေဖေရိုက်ထားတာ
အရင်လတွေကတော့ အိမ်သားတွေအတွက် တစ်ခုခုချက်ပြီးကျွေးဖြစ်ပေမယ့် မေမေခုတလော အိပ်ရေးပျက်ပြီး ပင်ပန်းတာတွေများနေလို့ မွေးနေ့အတွက် ဘာမှ ထွေထွေထူးထူး ချက် မစားဖြစ်ဘူး၊ သမီးလေးရဲ့ တိုးတက်မှုတွေကိုပဲ စာရေးဖြစ်အောင်ရေးမယ်လို့.....။

ကလေးလေးတစ်ယောက် တဖြည်းဖြည်း ကြီးပြင်းလာတာကိုစောင့်ကြည့်ရတာ သိပ်ပျော်ဖို့ကောင်းတယ်။ ကလေးလေးက ကိုယ့်ရင်သွေးလေးဖြစ်နေတော့ ပိုပြီးပျော်စရာကောင်းတာပေါ့ နော် သမီး....။

သမီးကိုကြည့်ရင်း ခုတလောဖေဖေနဲ့ မေမေပြောဖြစ်တာက သမီးလေး လူဖြစ်လာပြီလို့..... ။ သမီးရဲ့ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုထက် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု ပိုများလာတယ်လို့ ထင်တယ်။

စိတ်ဆိုးတာ၊ စိတ်တိုတာ၊ အလိုမကျတာတွေတွေ့ရင် အော်တတ် ဟစ်တတ်၊ ငိုတတ်လာတော့ မေမေက သဘောကျနေတာ...။ သမီးငယ်ငယ်က သိပ်အေးပြီး တော်ရုံနဲ့ မငိုတတ်၊ ချိုချိုဆာလည်း မငို၊ တော်ရုံထိခိုက်မိတာမျိုးလည်း အဲ့ကနဲ တချက်နဲ့ ပြီးတတ်တဲ့လူဆိုတော့ ကြီးလာရင် ကိုယ့်ဆန္ဒကို မထုတ်ဖော်ပဲ အားနာတတ်တဲ့လူ၊ သူများအလိုကျ လိုက်လျောနေတတ်တဲ့လူမျိုးဖြစ်မှာ စိုးရိမ်ခဲ့တာ...။
တစ်ခုခုထိခိုက်မိလို့ သမီးက တစ်ချက်မဲ့ရုံပဲ လုပ်လိုက်ရင် မေမေက "ငိုလေ.. သမီး....နာသွားတယ်မဟုတ်လား၊ ခိုက်မိရင် ငိုရတယ် သမီးရဲ့" လို့ လုပ်လို့ ဘွားဘွားတို့က ကလေးကို အငိုသင်နေတယ်လို့ မေမေ့ကို ဆိုကြသေးတာ။

အခုတော့ သမီးကို Baby Walker ထဲထည့်ထားတာကြာရင် သမီးကိုချီဖို့ လှမ်းအော်တယ်။ ချက်ချင်းမချီနိုင်အားရင် သမီးက ငိုချင်ယောင်ဆောင်၊ သံရှည်ဆွဲပြီး အော်တတ်ပြီ (မျက်နှာက ပြုံးစိစိနဲ့) ။သမီးအဲလိုအော်ရင် မေမေ့မှာ သမီးနားလာပြီး မချီပဲ မနေနိုင်အောင် အသံလေးက ဆွဲငင်ငင်နဲ့ သနားစရာဖြစ်အောင် အော်တတ်တယ်။ မေမေလက်ကမ်းလိုက်တာနဲ့ သမီးမျက်နှာက ချက်ချင်းပြုံးချိုပြီး အသံ တိကနဲ ရပ်သွားတာ...။

မေမေလို့ မခေါ်တတ်သေးပေမယ့် သမီးတစ်ခုခုလိုချင်လို့ အော်ရင်၊ ခိုက်မိလို့အော်ရင် " မေမေ... အမေ " စသဖြင့် ပီပီသသ အော်ပြီ။ ရှေ့က ပြောင်ပြသမျှအကုန်လိုက်လုပ်ပြီ။ စာအုပ်တွေမှာ တီဗီမှာ ကလေးပုံလေးတွေ့ရင် သမီးသိပ်သဘောကျတယ်။

မွေ့ယာပေါ်ရောက်ရင် သမီးက အစွန်းထိလေးဘက်ထောက်သွားပြီး ရပ်သွားတယ်။ ငယ်ငယ်ကလို ပြုတ်ကျမယ်မှန်းမသိလို့ ဆက်သွားတာမျိုး မလုပ်တော့ဘူး ၊ မွေ့ယာစွန်းရောက်ရင် ဝမ်းလျားမှောက်ပြီး အောက်ကြမ်းပြင်အခင်းကို ငုံ့ကြည့်မယ်။ အခင်းပေါ်က ဖုံမှုန့်တွေ၊ ဆံပင်စတွေကို လက်ညှိုးနဲ့ လိုက်တို့မယ် ( မေမေ့မှာ အခင်းကို ဘယ်လိုလှည်းလှည်း ဆံပင်မွေးကတော့ မုန်းစရာကောင်းအောင်ပါပဲ) ။ အဲ့လိုတို့မှာစိုးလို့ သမီးလေးဘက်ပြေးရင် မေမေလိုက်ဖမ်းတတ်တော့ သမီးက ပြေးရင်းနောက်ကို လှည့်လှည့်ကြည့်တတ်သေးတာ... ။ မေမေလိုက်ဖမ်းလို့ မိသွားရင်တော့ တခစ်ခစ်ရယ်တော့တာပဲ။ 

သမီးလေးအိပ်ရင် မေမေ့ကိုလက်သေးသေးတိုတိုလေး အစွမ်းကုန်ဆန့်ပြီး ဖက်တတ်ပြီ။ ခြေထောက်တိုတို တုတ်တုတ်လေးနဲ့ ခွထားတတ်ပြီ။ 

တူတူရေဝါးကို ဘယ်အချိန်ကစားကစား သမီးပျော်တယ်။ တကူကူးကူး စီးရတာကြိုက်တယ်။ ကျီးဖြူကျီးမည်းကစားရင် မေမေက သမီး ခါးနားလေးတို့ ရင် သမီးလေးယားလို့ တွန့်တွန့်ပြီး ရယ်တော့တာပဲ ...။ 

သမီးရေ ... သမီးလေးအိပ်တုံး တက်သုတ်ရိုက်ရေးခဲ့တဲ့ ဒီစာကလေးက သမီး(၉)လပြည့်မွေးနေ့ အမှတ်တရပေါ့ ... ၊ မေမေမေ့ခဲ့တာရှိရင် နောက်တော့ ပြန်ပြင်ရေးမယ်၊ သမီးကြီးရင် မြန်မာလိုဖတ်ဖို့လေ.....။

သမီးလေးကို ကိုယ်ဝန်လွယ်ကတည်းက မေမေအမြဲတောင်းခဲ့တဲ့ ဆုတစ်ခုကိုပဲ သမီးလေး အတွက်ဆုတောင်းပေးလိုက်ပါတယ်။ 

သမီးလေး ကျန်းမာ ပျော်ရွှင်ပါစေ...........

သမီးလေး (၉)လမှာ အလေးချိန် 9kg နဲ့ အရပ်အမြင့် 70 cm  ရှိတယ်ဆိုတာ အမေ မှတ်တမ်းတင်ထားလိုက်ပါတယ်။

12 comments:

သစ်သစ် said...

၉လပြည့် မှုံနံ့သာလေးရေ တီတီကလည်း သောကြာသမီးချစ်မှုံလေးကို ထက်မြက်ပြီး မိဘကိုလုပ်ကျွေးပြုနိုင်တဲ့ သမီးကောင်းရတနာလေးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..မွမွ

Rita said...

စိတ်ဝင်စားစရာပဲ မမစင်။
သမီးကလေးအကြောင်းအပြင် အမေဖြစ်သူ အတွေးတွေက တမျိုး ထပ်စိတ်ဝင်စားစရာနော် =)

သက်ဝေ said...

သားသမီးတွေအပေါ်ထားတဲ့ မိခင်မေတ္တာတွေကို အမေတယောက်မို့ သေသေချာချာ နားလည်ခံစားမိပါတယ်... ၉ လ သမီးလေး မှုံမှုံ ကျန်းမာ ပျော်ရွှင်ပါစေ...း)

ခင်မင်းဇော် said...

အော် စင်စင် ဘလော့ရေးနေတာ အမခုမှသိတယ်။

khin oo may said...

့happy birthday မှုံမှုံ

Ko Boyz said...

သမီးလေး မှုံနံ့သာခြယ်လေူအတွက် ဦးဦးဘ ဆုတောင်းပေးတယ်။ စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာစေသော်ဝ်......။

သီရိရတနာ said...

Ma Sandar Lin သမီးလေး မှုံနံ့သာ ဘုန်းကြီး၊ အသက်ရှည်၊ ကျန်းမာ၊ ပျော်ရွှင်ပါစေလို့ အန်တီသက် ဆုတောင်းပေးပါတယ် သမီးလေး မှုံနံ့သာရေ ... ရေလို အေးပီး ပန်းလို မွှေးပါစေနော်။

Thandar Lwin said...

သမီးလေးမှူံ အကြောင်းရေးတာ ကိုယ့်သမီးလေးအကြောင်းရေးသလိုပဲခံစားရတယ် ။
သမီးလေးမှူံနံသာ ကျန်းမာပျော်ရွှင်ပါစေ လို့ ဆုတောင်းပေးပါတယ်။

Thant said...

ပြုံးပြီးဖတ်သွားပါတယ်.... အမေရော သမီးရော ချစ်ဖို့ကောင်းလိုက်တာ... အမြဲတန်း ကျန်းမာပျော်ရွှင်ပါစေ သမီး မှုံကလေး..... :)))

Anonymous said...

သမီးလေးကိုဆုတောင်းပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်


စင်စင်

Anonymous said...

ချစ်ဖို့ကောင်းလိုက်တဲ့ မှုံမှုံလေး..
mm

Anonymous said...

မျက်နှာချိုချိုလေး နဲ့ ချစ်ဖို့ကောင်းလိုက်တဲ့ မှုံမှုံလေး..
မျက်လုံးလေးပါ ရယ်နေတယ်ရော...
အဆင်ပြေရင် ကလေးဓါတ်ပုံလေးတွေ တင်ပါလို့...
ချစ်လို့:)