Tuesday, February 28, 2012

အားနည်းသူများနှင့်....


ကလေးကိုယ်ဝန် ၅ လခွဲ မှာ ရွာပြန်နေဖြစ်သည်။ အိမ်မှာ အဝတ်လျှော်စက်မဝယ်ရသေးခင်၊ တစ်ချိန်က အဝတ်လျှော်ငှားရ၏။ (အသက် ၇၀ ကျော် ၈၀ တွင်း မိဘ ၂ ပါးနှင့် မူလတန်းကျောင်းသား တူ/တူမ ၂ ယောက်အဝတ်က အဓိက ဖြစ်သည်)။ လာလျှော်ပေးတဲ့ အမျိုးသမီးက ကိုယ်ဝန်အရင့်အမာနဲ့... သိတဲ့အတိုင်း အဝတ်လျှော်ပါပြီဆိုမှ ဖင်ထိုင်ခုံနဲ့ ဆောင့်ကြောင့် ထိုင်လျှော်ရပြီပေါ့။ စားပွဲ၊ ကုလားထိုင်နဲ့ လျှော်လို့မှ မရပဲကိုး။

ကိုယ်ကိုယ်တိုင် ကိုယ်ဝန်နဲ့မို့ ဒီဗိုက်ကြီး တစ်လုံးနဲ့ ဆောင့်ကြောင့်ထိုင်ရတာ ဘယ်လောက် နေရခက်လဲ ကိုယ်ချင်းစာသည်.. သူ အဝတ်တွေ အားရပါးရလျှော်နေရင် ကိုယ်က အားနာသလိုလို ၊သနားသလိုလို တမျိုးကြီး ဖြစ်ဖြစ်နေတော့တာ ။ မနေနိုင်တော့တဲ့ အဆုံး သူ့ကို သနားလို့ မမလေးကို တခြား အဝတ်လျှော်သည် ငှားဖို့ပြောတာသူသိသွားတော့ တစ်နေ့ အဝတ်လျှော်အပြီး လာပြောသည်။

"အစ်မရယ်.. ကျွန်မကို သနားလို့တော့ အဝတ်လျှော် တခြားသူ မပြောင်းပါနဲ့" တဲ့ ..

( သူက လာပြီး အသနားခံတဲ့သဘော မဟုတ်ပါဘူး... ကျွန်မကို ဗိုက်ကြီးနဲ့မို့ သနားလို့ အဝတ်လျှော်မငှားရင် ဗိုက်ကြီးနဲ့ ကျွန်မက နောက်ထပ် အဝတ်လျှော်ဖို့ တစ်အိမ်ရှာရအုံးမှာပေါ့ဆိုတဲ့ သဘော) ။

အဝတ်လျှော်ကို သူ့ပဲ ဆက်ငှားဖြစ်ပါသည်။ ဖေဖေက အဝတ်လျှော်စက် ရန်ကုန်လှမ်းမှာလိုက်တုံးကတောင် မခင်မာကြည်(ထိုအစ်မကြီးနာမည်) စီးပွားရေး ဒုတ်နဲ့ထိုးတာ ဖေဖေပဲ လို့တောင် ဖေဖေ့ကို စ နေရသေးသည်။

*********************************************

သူပြောတော့မှ တစ်ခါက အလုပ်ထဲကို သွားသတိရလိုက်မိသည်။  

စီမံကိန်းတစ်ခုရှိလို့ တစ်ခါက အညိုရောင် နယ်မြေဖြစ်ခဲ့ဖူးတဲ့ ပြည်နယ်မြို့ တစ်မြို့ ကိုရောက်နေခဲ့တုံးက.......။ လုပ်ငန်းရဲ့ အစက Earth ချဖို့ မြေကျင်းကြီး တူးခြင်းပဲ ၊ ကျောက် စရစ်မြေဖြစ်တဲ့အတွက် တော်တော်နှင့် Earth မိမည်မဟုတ်။ ကျင်းကို ကျယ်ကျယ်နဲ့ နက်နက် တူးရဖို့ သေချာနေပြီ။  မြေကျင်းတူးဖို့ မြို့ခံ ဝန်ထမ်း ကို လူရှာ ခိုင်းတော့ ခြေတစ်ဖက်ပြတ်လူ ၂ ယောက်ခေါ်လာသည်။ လူငယ် ၁ ယောက်၊ လူလတ်ပိုင်း ၁ ယောက်။ ခေါ်လာပြီးသားမို့ သာ အလုပ်ခိုင်းနေရသည်။ ကျင်းတူးလိုက်၊ အတွင်း က မြေကြီးကို တူးထုတ် လိုက်၊ ခြေတစ်ဘက် ထဲနဲ့ ကျင်းပေါ်ခုန်တက်လာပြီး ပုံထားတဲ့ မြေကြီးတွေ ဂေါ်ပြားနဲ့ရွှေ့လိုက် .. ကြည့်ရတာ ဘယ်လိုမှ မသက်သာပေ။ အဲဒီနားရောက်ရင် ကိုယ့်မှာ သူတို့ ခြေထောက်ကို မျက်စိ က ရောက်သွားလိုက် ၊ စိတ်ဒုက္ခရောက်လိုက်...၊ သူတို့ ခြေတု ၂ ချောင်းက ကျင်းဘေးမှာ တုံးလုံးလှဲလျက်သား.... ။

 အဲဒီတုံးက ၆ ပေလောက်နက်သော ကျင်း အကျယ်ကြီး ၂ ကျင်းတူးလိုက်ရသည်။ တခြားမြို့မှာ (အဲဒီကာလက)တစ်ကျင်း တစ်သောင်းခွဲေ လာက်သာပေးရပေမယ့် အဲဒီမှာ တစ်ကျင်း ၃ သောင်းလား၊ ၄ သောင်းလား မသိ ပေးရတော့ " ဈေးကြီးလိုက်တာ" လို့ ကျွန်မပါးစပ်က လွှတ်ကနဲထွက်သွားပြီးမှ ... ထိုလူ ၂ ယောက်ကို အားနာလိုက်ရတာ...။ တကယ်တော့ မြို့က ပစ္စည်းမှန်သမျှ ဈေးကြီးတာဖြစ်သည်။

ခြေလက် အင်္ဂါစုံတဲ့လူကို မငှားရကောင်းလားလို့ တာဝန်ခံကို တိုးတိုးတိတ်တိတ် အပြစ်တင်တော့မှ သူတို့က Gunshot တွေတဲ့ (အစိုးရ စစ်တပ် ဘက်ကလား၊ တိုင်းရင်းသား စစ်တပ်ဘက်ကလားတော့ မသိ)။ တကယ်က မိုင်းထိတာတဲ့၊ မိုင်းထိတာလဲ Gunshot ပဲ ခေါ်သလားဘာလားလည်းမသိ.. ။ ဒီမြို့မှာ ခြေကောင်း၊ လက်ကောင်း လူတွေက ဒီလိုအလုပ်မျိုးမလုပ်ကြဘူးတဲ့။ နယ်စပ်က ပစ္စည်းတွေ အသယ်အပို့ လုပ်တာနှင့် တဖက်နိုင်ငံ နယ်စပ်မြို့မှာ အလုပ်သွားလုပ်တာက ငွေဖြစ်မြန်တာကိုး။ သူတို့မှာတော့ သွက်သွက်လက်လက်လုပ်ရမည့် ငွေဖြစ်မြန် အလုပ်မျိုး ဘယ်လုပ်လို့ ရပါ့မလဲလေ။ ကျင်းတူးနေ တဲ့ထဲက အသက် ပိုကြီးတဲ့လူဆိုရင် စက်ဘီးနဲ့ ရေခဲချောင်းတောင် လိုက်ရောင်းသေးတာတဲ့။ ဟုတ်ပါ့... အလုပ်မပြီးသေးလို့ အဲဒီမှာ ရှိနေစဉ် စက်ဘီးစုတ်စုတ် ကယ်ရီယာ မှာ ရေခဲချောင်းပုံး တင်ပြီး ပေါင်လည်လောက် ခြေတစ်ဘက်ပြတ်နှင့် စက်ဘီး နင်း ရေခဲချောင်းေ လျှာက်ရောင်းနေတာ တွေ့ခဲ့သေးသည်။

ကျွန်မတို့နယ်ဘက်မှာဆို လူ တစ်ယောက်ယောက် ခြေလက်အင်္ဂါ တစ်ခုခု ချို့ယွင်းနေလျှင် အထူးအဆန်းပဲ၊ ရှားလည်း ရှားသည်။  အဲဒီမှာတော့ ၁၀ ရက် ၊ ၁ပတ်လောက်နေတာတောင် ခြေ၊ လက်ပြတ်နေသူ အတော်လေးများတာတွေ့ရသည်။ တိုက်ပွဲ ပေါများခဲ့၊ ကြိုကြားဖြစ်နေဆဲဒေသမို့ ဖြစ်မည်။ အလာခရီးတုံးက ပြည်နယ်မြို့တော် အထွက် မှာတွေ့တဲ့ အဆောက်အဦ တစ်ခုမှာတောင် ခြေတု၊ လက်တု စက်ရုံလို့ ဆိုင်းဘုတ် တွေ့ခဲ့ရလို့ အံ့သြနေသေးတာ....။

အင်း... ရေးရင်း လိုရင်းမေ့ကုန်ပြန်ပြီ...
ကျွန်မ သဘောကတော့ ခြေပြတ်နေသူကို ကျင်းတူးမငှားလိုခဲ့.........မရှိလို့သာ ငှားလိုက်ရခြင်း။ လူကောင်းလို အလုပ် မြန်မြန်ထက်ထက် မပြီးမှာစိုးသည့် အတ္တ နှင့် ခိုင်းဖို့ အားနာနေရမှာ စိုးသည့် ကိုယ့် အားနည်းချက်ကြောင့်ပင်...

ကိုယ်ဝန်ဆောင်ကို အဝတ်လျှော်မငှားချင်သလိုမျိုးပဲ......။

(သို့သော် ထိုသူ နှစ်ယောက်သည် အလုပ်ကို မြန်ဆန် သေသပ်စွာ လုပ်သွားကြပါသည် )။

**************************************

ရွာပြန်တုံး မနက်ဈေးမှာ အများကြီးဝယ်မိလို့ ခြင်းတောင်းလေးရင် ဂိတ်မှာထိုးထားတဲ့ ဆိုက်ကားတွေ ထဲက အဖိုးကြီးနင်းတဲ့ ဆိုက်ကားစီးရမှာ အားနာလို့ သန်သန်မာမာနင်းတဲ့ ဆိုက်ကားကို ရွေးငှားတတ်တဲ့ ကျွန်မ အကျင့် ဖျောက်ရဦးမည်။

ဒီတစ်ပုဒ်ရေးပြီး ခေါ်င်းစဉ်ဘယ်လိုတပ်ရမယ်မသိလို့ မတင်ဖြစ်တာ..။ ဖေဖော်ဝါရီ ၂၉ ရက်ဖြစ်တုံး ပို့စ်တင်မယ်ဆိုပြီး (ဘာမှ တော့မဆိုင်ဘူး) ခေါင်းစဉ် ဖျစ်ညှစ်တပ်လိုက်တယ်။ အားနွဲ့သူများနှင့် လို့ ပေးမလို့... ။ အားနွဲ့သူ ဆိုရင် မိန်းမတွေပဲ ပြေးမြင်ယောင်နေတတ်လို့...။
ဆီလျော်တဲ့ ခေါင်းစဉ် တပ်ပေးသွားရင် ကျေးဇူးတင်ပါမည်။ ဥာဏ်ပူဇော်ခ တော့ ရမည် မဟုတ်ချေ.... :P

3 comments:

Anonymous said...

အင်းးး..
ဖတ်ပြီး ထိုင်စဉ်းစားနေတယ်..။
ဒီမှာတော့ ထီရောင်းခွင့်တွေကို မသန်မစွမ်းတဲ့သူတွေကို
ပေးထားတယ်..။
သက်သက်သာသာလုပ်ရတာပေါ့လေ..။


ပေါက်

ThuHninSee said...

ရန်ကုန်မှာလည်း ခြေတုလက်တု စက်ရုံရှိတယ်လေ... ၈မိုင်မှာ။ ကိုယ်ဝန်ကြီးနဲ့ အ၀တ်လိုက်လျှော်ရတာ မလွယ်ဘူးနော်..သူတို့ထက်စာ တို့တွေ ဘ၀က မဆိုးပါဘူး။

Thandar Lwin said...

အင်း ..ဟုတ်တယ်နော် ..ဒီမှာ အဘိုးကြီး အဘွားကြီးတွေ တုန်တုန်ချိချိ အလုပ်လုပ်နေရတာ ကိုမြင် ရင် စိတ်ကိုမကောင်းဘူး ..ကိုယ်ကတော့ သူတို့ ကို မခိုင်းချင်ဘူး ..တတ်နိုင်တာလေးတွေတော့ ပေးချင်တယ် ။ လကုန်ရင် မိုင်လိုထုတ်ကြီး ၂ ထုတ်၊ ကိတ်မုန့် ။ အအေးဘူးတွေ ၀ယ်ပြီး အမ်အာတီမှာ သန့်ရှင်းရေးလုပ်တဲ့သူတွေ လမ်းမှာ တံမြက်စည်းလှည်းတဲ့သူတွေ ကို တကူးတက လိုက်ပေးဖြစ်တယ် ..သူတို့ အရမ်းဝမ်းသာတာ ..ပရောမနိတ်က အဘိုးကြီးက အအေးဆို စပါ့ကလင်း ဟန်ဒရက်ပလပ်စ် မကြိုက်ဘူးတဲ့ ဆွိ .ဆွိ ဆိုပြိး ချို တဲ့ ဘူးကို ရွေးတယ် .....