Friday, March 16, 2012

ကိုဝင်းနှင့်ကြည်ခဲ့စဉ်က (ကိုယ်ဝန်ဆောင်တုံးက) (၁)

ကိုယ်ဝန်ဆောင်တုံးက အကြောင်း ပြန်တွေးလိုက်ရင် ဘာမှ မလုပ်ရတာ ၊ ကောင်းကောင်းအိပ် ၊ ကောင်းကောင်းစား၊ ကောင်းကောင်းနားခဲ့ ရသည်များကိုသာ ပြန်သတိရသည်။ ကျွန်မ၏ ရွှေရောင်နေ့ရက်များပင်.. (အဟမ်း)။

ကိုယ်ဝန်ရှိတာသိပြီးတဲ့နေ့ ညနေမှာ မောင်ကြီးဝယ်လာတဲ့စာအုပ်၊ တစ်ပတ်ချင်း သန္ဒေသားတိုးတက်မှု၊ မိခင်လောင်း ဘာတွေခံစားရနိုင်တယ် ဆိုတာတွေကို အသေးစိတ်ရေးထားလို့ ကျွန်မ ကြိုက်တယ်။ တစ်ခုခု မအီမသာ ခံစားရလို့စာအုပ်ကောက်လှန်ကြည့်လိုက်ရင် ပုံမှန် ဖြစ်လေ့ရှိတာပဲလို့ သိလိုက်ရတော့ စိုးရိမ်စိတ် မပိုတော့ဘူး။

ကိုယ်ဝန်ရှိမှန်း သိသိချင်းချက်ချင်းမပျော်နိုင်သေးပဲ စိုးရိမ်ခဲ့ရတာတစ်ခုပဲ။ (မြန်မာဆေးခန်းကို သွားပြီး) မြန်မာဆရာဝန်ကိုသွားပြလိုက်တာ တီဘီဆေး ၆ လသောက်ဖူးတယ်ဆိုတဲ့ ရာဇဝင် ပြောပြလိုက်ရော ချက်ချင်းသွား ဓာတ်မှန်ရိုက်ခိုင်းတာပဲ၊ ပြီးခဲ့တဲ့ လကမှ ဒီကျွန်းရဲ့ TBCU (TB Control Unit) မှာ ဆေးပတ်လည်ပြီး ၆ လမြောက်လို့ သွားရိုက်ပြီး အဖြေမှာ ကင်းရှင်းပါပြီ ဆိုတာလည်းမရ။ဘာမှ လာရှင်းပြမနေနဲ့ ဆိုသလိုပါပဲ၊ ဘာမှ ရှင်းအပြမခံ၊ စောင့်နေသောလူနာ တစ်ယောက်မှ ရှိတာလည်းမဟုတ်ပဲ ကိုယ်ပြသော ရောဂါရာဇဝင် စာအုပ်တွေ ၊ စာရွက်တွေလည်း မကြည့်ချေ။ အိမ်နားက ဆေးခန်းမှာ ပြပြီးသားကို ကိုယ့်ရောဂါဟောင်း ဘာလာဆီးမီးယားတို့၊ ညာလာဆီးမီးယားတို့ အဲဒီ ရာဇဝင်တွေ မြန်မာလိုပြောပြ ပြီး သေသေချာချာ ဆွေးနွေးမေးမြန်း ချင်လို့ မြန်မာဆေးခန်းလာခဲ့ရာမှ စိတ်တော်တော်ညစ်ရ သည်။ ထိုဆရာဝန်ကြီးသည် ကျွန်မ သူငယ်ချင်းရဲ့အဖေ မြန်မာပြည်မှာ ပြနေကျ အလွန်တော်သော အထူးကုဆရာဝန်ကြီးတဲ့..။ ကျွန်မနှင့်ကျမှ ကီးမကိုက်ဖြစ်ရသည်။

ဓာတ်မှန်ရိုက်ပြီးပြန်လာမှ ကိုယ်ဝန်ရှိမှန်းသိရာ အဲဒီဓာတ်မှန် ၂ ခါရိုက်ခဲ့ရခြင်းအတွက် XRay တွေ အထဲက ကလေးကို ထိပါပြီဆိုပြီး စိတ်မကောင်းဖြစ်လိုက်ရတာ ဆိုတာ နောက်တစ်နေ့ OG နဲ့ပြ၊ သူက ဘာမှ မဖြစ်နိုင်ပါဘူး ဆိုမှပဲ စိတ်ချ လက်ချေ ပျာ်နိုင်တော့တာ...။ ဒါတောင် ဓာတ်မှန်ရိုက်ခါနီး မိမိမှာ ကိုယ်ဝန်မရှိပါဘူးဟု လက်မှတ် ထိုးခိုင်းတာကို "ငါ့မှာ ကိုယ်ဝန်ရှိမရှိ မသေချာဘူး" လို့ ကောင်တာကို ပြောလိုက်တော့ protector လို့ခေါ်တဲ့ ဂျယ်လီတွေ အပြည့်ပါတဲ့ အပြားကြီး ခါးမှာ ပတ်ရိုက်ရလို့ တော်သေးသည် ( တီဘီဆေးသောက်နေတုံး တလျှောက်လုံး ခဏခဏ ဓာတ်မှန်ရိုက်တာကို ဒီတိုင်းပဲ လက်မှတ် ထိုး ရိုက်လာပြီး ဒီတစ်ခါမှ ကိုယ်ဝန်ရှိမှန်းလဲ မသိသေးပဲ .. ဒီတစ်ခါမှ ပြောခဲ့မိတာ၊ protector ပတ်ခဲ့မိတာ ကံကြီးပေလို့ပဲ)။

ကိုယ်ဝန် သိသိချင်း ၇ ပတ်မှ ၄ လလောက်ထိ ပင်ပန်းသောအလုပ် ဘာမှ မလုပ်။ "၃ လမှာ ကိုယ်ဝန်မြဲသည်၊ ၃ လအတွင်း အနေအထိုင် ဆင်ခြင်ရမည်" ဟု ကြားဖူး၊ ဖတ်ဖူးထားရာ လိုလိုပိုပို ၁ လတိုး၍ ၄ လအထိ နုနေခြင်းပေ။ ခါတိုင်း ဟိုဟိုဒီဒီသွားလိုသည်ဆိုလျှင် ကိုယ့်ဘာသာကိုယ် သွားခိုင်းသောမောင်ကြီးသည် သူမပါပဲ ဘယ်မှ မသွားခိုင်းတော့ချေ။ အိမ်နားကဈေး သွားသည်ကိုပင် လိုက်ပို့သည်။ ဘာအထုပ်မှ ဆွဲစရာမလိုပေ။ ကိုယ်ဝန်ကို ကြောင့်ကြလို့ပဲ ဆိုဆို ကိုယ်သက်သာခဲ့တာပဲ... ညှင်းညှင်း..။

နေမကောင်း ၂ ပတ်လောက်ဖြစ်၊ စားသောက်မကောင်းလို့ ဆေးခန်းပြရာက ကိုယ်ဝန်ရှိမှန်းသိ။ ကိုယ်ဝန်ရှိမှန်းသိရာကစလို့ ဒေါင်ဒေါင်မြည်ပြီး စားကောင်းသောက်ကောင်း အမြဲ ဗိုက်ဆာနေသည်ကို မမကေအိုအမ် စီဘောက်စ်မှ ဘော်ဒါများ သတိရကောင်းရကြမည်။ မိုက်ခရိုဝေ့ဗ် အာဗဲန်ဝယ်ခိုငးသော ကိုမောင်ဝေးကိုလည်း သတိရသည်။

ကိုယ်ဝန်မရှိခင်ရော ၊ကိုယ်ဝန်ရှိစဉ်ရော ဘုရားတရား သိပ်မလုပ်ဖြစ်ချေ။ Avatar ကားကို အမြီးပါတဲ့လူတွေကားမို့ ကိုယ်ဝန်နှင့်မကြည့်သင့်ဟု သူငယ်ချင်းက တား၍မကြည့်ဖြစ်။ သို့သော် အမြီး ၇ ချောင်းပါသော လူမြေခွေးကား ကိုရီးယားဇာတ်လမ်းတွဲ (The Revenge of Guminho)ကို အင်တာနက်ကနေ မောင်ကြီးနှင့် ညတိုင်း ထိုင်ကြည့်နေသည်ကို သူမသိချေ။ (ကြည့်ကြည့်ပါလား..ကောင်းတယ်ဟ..အဟိ)

ကိုယ်ဝန်ကို အိမ်နားမှာ ဆေးခန်းဖွင့်သော သော်မဆင်ဆေးခန်းမှ OG နှင့်ပြသည်။ ရွာမှာ ပြန်မွေးမည်ဖြစ်သည်။ Package ဝယ်သည်။ စပြသည်မှ မမွေးခင်ထိအတွက်ဖြစ်သည်။
နောက်ဆုံးပြသည့်အခေါက်က ရွာမှာ သောက်ရန်ဆေးများ ရက်တွက်၍ ဝယ်သည်။ သောက်နေကျ ကိုယ်ဝန်ဆောင်အားဆေးတစ်မျိုးကို ကောင်တာမှ ၇ ဗူး ထည့်ထားသည်။ မိမိတို့ ပိုပိုမိုမိုတွက်ထားတာက ၄ ဗူးပဲ ဝယ်ရန်ဖြစ်သည်။ အများကြီး ပိုနေတော့ ကောင်တာက ဝန်ထမ်းကို အဲလောက်မလိုဘူး ၊ မယူဘူးငြင်း.. စာရေးမလေး က မွေးပြီးလည်းသောက်လို့ရတာပဲ ဆို အတင်းထည့် ၊ နောက်ဆုံး ၅ ဗူး နှင့် ညှိ၍ အဆင်ပြေ သွားသည်။ ငွေချေမှ သိရတာက အဲဒီအားဆေး ၇ ဗူးက ပိုက်ပိုက်မယူပဲ ဆရာဝန်က အလကား ပေးလိုက်တာတဲ့။ အစောကြီး ရွာပြန်တော့ ကျွန်မတို့ Package ဝယ်ထားတာ ငွေ မနစ်နာအောင် ထင်သည်။
ကတောက်...စောစောက သိရင် ဘယ်ငြင်းပါ့မလဲ... ၇ ဗူးလုံး ယူလာမှာပေါ့.......  ။

ဆရာဝန်က ကဖင်းဓာတ်ပါသောအစားအသောက်ကိုသာရှောင်ခိုင်းသည်။ ကိုကာကိုလာတဲ့။ ကျွန်မ မကြိုက်တာနဲ့ အတော်ပဲ။ လက်ဖက်ရည်၊ ကော်ဖီသောက်ခြင်း မသောက်ခြင်းကို ဘာမှ မပြောသော်လည်း ကျွန်မ ကိုယ်ဝန်ဆောင်ကာလမှာ လုံးဝ ကော်ဖီ၊ လက်ဖက်ရည်မသောက်ခဲ့။ ကိုယ်ဝန်အတွက်သောက်ရသော ဆေးမှတပါး ဖျားသည်ဖြစ်စေ၊ ခေါင်းကိုက်သည်ဖြစ်စေ တခြားဆေး လုံးဝမသောက်ခဲ့။ သောက်ရလောက်သော ရောဂါလည်း မဖြစ်ခဲ့ချေ။ အစားလည်း ထူး၍မရှောင်ခဲ့။ မျှစ်လို၊ တညင်းသီးလို ပုံမှန်ချိန်တောင် သိပ်မတည့်ချင်သည့် အစာမျိုးတော့ လုံးဝရှောင်လိုက်သည်။ ငရုတ်သီးက နကိုယ်အတိုင်း ခပ်နည်းနည်းစားသည်။

ဆေးခန်းက ခိုင်းလို့ သွေးသွားစစ်သည်။ ကျွန်မသွေးထဲမှာ အရင်တုံးကလောက် မဆိုးပေမယ့် ဟေမိုဂလိုဗင် နည်းနေတုံးပဲ။ OG က ထပ်စစ်ခိုင်းလို့ မောင်ကြီးပါစစ်တော့ သူလည်း မဆိုစလောက် နည်းတယ်ဗျိုး...။(အသားဝါရောင် အာရှတိုက်သားတွေ မှာ သွေးအားနည်းရောဂါပါတဲ့ ရာခိုင်နှုံး များတယ်လို့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးသည်။) ၂ ယောက်လုံး သာလာ မိုင်နာတွေပေါ့... ၊ဒါဆိုကလေးမှာလည်း ပါလာဖို့ ရာနှုံးများတယ်တဲ့။ ဆရာဝန်ကို သေချာမေးကြည့်တော့ ကလေးမှာ မွေးရာပါ သာလာဆီးမီးယား ပါမည်၊ မပါမည် ကို ရေမွှာရည်ဖောက်စစ်ရင် သိနိုင်မည်။ အကယ်၍ ပါလာမည်လို့ သိလျှင် မဖြစ်အောင် ကြိုတင်ကာကွယ်မည့်နည်း ရှိသလားဆိုတော့ မရှိဘူးတဲ့။ သိရရုံပဲ ဆိုရင်တော့ ရေမွှာရည်ဖောက်မစစ်တော့ဟု နှစ်ဦးသဘောတူလိုက်သည်။ သမီးကိုမွေးပေးသည့် ရွာက အိုဂျီကိုပြောပြပြီး ဘာလုပ်ဖို့လိုမလဲ ဆိုတော့ ဘာမှမလုပ်နဲ့ ဟု ဆိုသည်။ သမီးသည် မွေးကတည်းက ကျန်းမာရေးလည်း ကောင်းပါသည်။


ကိုယ်ဝန် ၅ လခွဲ ၊ဆေးရုံမှာ Detailed scan ရိုက်ပြီး အားလုံး အိုကေသည်ဆိုသော် ရွာပြန်သည်။



**ဆက်ရေးဦးမည်.... မျှော့ (လို က မျှော့)
ရေးပြီး ကော်ပီပြီးသားတွေ ပေ့စ်ဖို့မေ့သွားတယ်..ဟင့်... ။

9 comments:

Anonymous said...

တပုဒ်တည်းနဲ့မွေးချလိုက်တော့မလား အောက်မေ့ရတယ်
အသာလုပ်ပါဟယ်

Anonymous said...

တို့

လာလေ့လာတယ်...

ကာကာ

rose of sharon said...

ကိုယ်ဝန်ဆောင်စဉ်ကအကြောင်း အမှတ်တရလေး လာလည်ရင်းဖတ်သွားပါတယ်...

Anonymous said...

ZT has left a new comment on your post "ကိုဝင်းနှင့်ကြည်ခဲ့စဉ်က (ကိုယ်ဝန်ဆောင်တုံးက) (၁)":

မျှော့နေမယ် မမဆင်။ :D

Anonymous said...

Pls write detail!!! Ma Ma sin :) Mon

Anonymous said...

Pls write detail!!! Ma Ma sin :) Mon

JuneOne said...

တို့ ကိုယ်ဝန်ဆောင်တုန်း က အပူအစပ်တို့၊ဆီပြန်ဟင်းတို့ စားရင် အိမ်ကလူ က မျက်နီထောင့်နဲ့ကြည့်တော့တာပဲ။

NSA said...

မျက်ထောင့်နီတော့လုပ်လို်က် Edwin & May အမေ..:P

Anonymous said...

ဟယ် ဆက်ရေးဦးလေး ၅ လခွဲ ရွာပြန်ပြီးတော့ ဘာမှလဲ ဆက်မရေးတော့ပါလား

ပုံ
ကိုဝင်းကြည်