Tuesday, May 8, 2012

ကလေးငယ်အတွက် လုံခြုံစိတ်ချရတဲ့ အိမ်တွင်း ပတ်ဝန်းကျင် (ဒေါက်ထွေး ဆေး/မန်း)

 ဒေါက်တာတင်မောင်ထွေး (ဒေါက်ထွေး၊ဆေး-မန်း) ဘာသာပြန်သော ကလေးသူငယ်ပြုစုပျိုးထောင်နည်း စာအုပ်မှ 
မူရင်းစာအုပ်- The Disney Encyclopedia of Baby & Child Care
ဆောင်းပါးပါ ပုံများ ဓာတ်ပုံရိုက်တင်လိုက်၍ ခပ်ဝါးဝါး ဖြစ်သွားပါသည်။

အသက် ၁၀ လ မှ ၂ နှစ်အတွင်း ကလေး လမ်းလျှောက်တတ်စအရွယ်

ဒီအရွယ်မှာ ကလေးတွေဟာ ပိုပြီးတော့ လှုပ်ရှားနိုင်တယ်။ စပ်စုချင်တဲ့ ကိစ္စတွေလည်း များလာတဲ့ အတွက် သူ့အတွက် စိတ်ချရတဲ့ အိမ်တွင်းပတ်ဝန်းကျင်ကို ပြုလုပ်ပေသင့်ပါတယ်။ စားပွဲအစွန်းတွေ၊ အခန်းထောင့်တွေ၊ ဗီရိုတွေ အတွင်းကအစ အခြားလက်လှမ်းမှီနိုငတဲ့ နေရာအားလုံးကို ကြည့်ရှုစစ်ဆေးဖို့လိုပါတယ်။ မီးဖိုချောင်ထဲ အထိတော့ ရောက်မလာနိုင်ဘူးလို့ ထင်ရပေမယ့် ကလေးဟာ ရောက်ချင်ရောက်လာနိုင်ပါတယ်။ 


ကလေးအတွက် ယုံကြည်စိတ်ချရတဲ့ အိမ်တွင်းပတ်ဝန်းကျင် ဖန်တီးပေးရေးဆိုတာ မတော်တဆထိခိုက်မှုကို ကာကွယ်တားဆီးပေးတာထက် ပိုပါတယ်။ ကလေးငယ်အတွက် လေ့လာစူးစမ်းနေတဲ့ အချိန်မှာ သူ့ကိုယ်သူ ယုံကြည်မှုတွေ ပေးစွမ်းနိုင်ရပါမယ်။ 

  • ကလေးပါးစပ်ထဲကို အလွယ်တကူထည့်နိုင်တဲ့ ပစ္စည်းအားလုံးကို ဖယ်ရှားထားရမယ်။ ကလေးငယ်ရဲ့ လည်ချောင်းထဲ ဝင်ပြီး လေပြွန်ပိတ်ဆို့ကာ အသက်ရှုကျပ်စေနိုင်တဲ့ ပစ္စည်း။ ဥပမာ - မီးခြစ်။
  • လျှပ်စစ်မီးကြိုးများ အားလုံး ပေါက်ပြဲမှု မရှိစေရ။
  • တို့လို့တွဲလောင်း လျှပ်စစ်ဝါယာကြိုးများကို ပြင်ဆင်ပြီး ကလေးလက်လှမ်းမမီတဲ့နေရာမှာထားပါ။
  • အသုံးမပြုတဲ့ လျပ်စစ်မီးခလုတ် အပေါက်များကို ဖုံးအုပ်ထားပါ။
  • လူကြီးမပါပဲ ကလေးမသွားစေလိုတဲ့ အခန်းများး ဥပမာ - အိမ်တွင်းရုံးခန်း၊ စာကြည့်ခန်း၊ အိမ်သာခန်း စသည်တို့ရဲ့ အခန်းတံခါးများကို ကလန့်ထိုးပိတ်ထားပါ။
  • အထူးသဖြင့် တိုက်ခန်းအပေါ်ထပ်များမှာ ပြတင်းပေါက်များကို သံပန်းတံခါးများ တပ်ဆင်ထားပါ။
  •  ကစားစရာ အရုပ်များ၊ အထူးသဖြင့် ဘီးပါတဲ့ အရုပ်များကို လှေကား၊ မီးဖိုချောင်၊ မီးဖိုများနှင့် ဝေးရာတွင်ထားပါ။
  • အိမ်တွင် အဆိပ်ပါတဲ့ အရာများ ကလေးစားမိပါက အန်ထွက်စေရန်အတွက် အန်စေတဲ့ ဆေးရည်ကို တိုက်ပေးရန် အသင့်ဆောင်ထားပါ။

မီးဖိုချောင်
  • အဆိပ်အတောက် ဖြစ်စေတဲ့၊အန္တရယ်ရှိတဲ့ သန့်ရှင်းရေးပစ္စည်းများကို ကလေးမမီနိုင်တဲ့ နေရာမှာထားပါ။ ကလေးမတ်တပ်ရပ်၍ မီနိုင်တာကို သတိထားပါ။ ဓား၊ ကတ်ကြေး၊ အထြား ကလေးနှင့် မသင့်တော်သော ပစ္စည်းများ ၊ အန္တရာယ်ရှိတဲ့ ပစ္စည်းများအားလုံးကို ဗီရို၊ အံဆွဲများတွင်ထည့်ပြီး သော့ခပ်ထားပါ။
  • မီးဖိုပေါ်တွင် ဟင်းချင်နေတသော ဒယ်အိုးလက်ကိုင်ကို ကလေးလှမ်းဆွဲမယူနိုင်အောင် နောက်ဘက်သို့ လှည့်ထားပါ။
  • ကလေးအတွက် ကစားစရာများ ထည့်တဲ့ ဗီရိုငယ်တစ်ခု ဖန်တီးပြုလုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ဒါမှ သူ့ဘာသာ ဖွင့်ယူပြီး ဆော့ကစားနိုင်ပါမယ်။
  • အန္တရယ်ရှိသော နေရာများ ဥပမာ - မီးဖိုအကြောင်း ကလေးအား စတင်ရှင်းပြပါ။ ကလေးအနေဖြင့် စင်ပြောတဲ့ စကားများကို နားမလည်သော်လည်း အမူအယာလုပ်ပြခြင်းအားဖြင့် သဘောပေါက်လာပါလိမ့်မည်။ ဥပမာ - မီးဖိုနေရာကို လက်ဖြင့် ထိဟန်ပြု၍ " အား...ပူတယ်..ပူတယ် " ဆိုပြီး လက်ကို ပြန်ရုတ်ပြလိုက်ခြင်းမျိုး။ 
  • ကုလားထိုင်အမြင့်ပေါ်တွင် ထိုင်ခိုင်းပြီး ကလေးကို တစ်ယောက်တည်း ဘယ်တော့မှ မထားခဲ့ပါနဲ့။





 လှေကားများ
  • လှေကားရဲ့ အောက်ခြေနှင့် ထိပ်တွင် အပိတ်တံခါးများတပ်ဆင်ထားပါ။ လှေကားပေါ်တက်ခြင်းဟာ  လေးငယ်အတွက် အရေးကြီးတဲ့ ဖွံ့ဖြိုးမှုဆိုင်ရာကစားနည်း တစ်ခုဖြစ်ပါတယ်။ သို့သော် လှေကားပေါ်တက်နေစဉ် လူကြီးက ကြည့်ရှုစောင့်ကြပ်ပေးဖို့ လိုပါတယ်။
  • လှေကားထစ်များပေါ်တွင်ခင်းထားသော ကော်ဇော စသည်တို့ကို သေချာမြဲမြံအောင် သံမှို စသည်တို့ဖြင့် သေချာ ရိုက်ထားပါ။
 မိသားစုနားနေခန်း
  • စာအုပ်စင်များကို ငြိမ်အောင်ထားပါ။ စာအုပ်စင်အောက်ပိုင်းမှာထားတဲ့ စာအုပ်များမှာ ကလေးများ အလွယ်တကူ ဆွဲယူဆုတ်ဖြဲနိုင်တဲ့ စာအုပ်များ မဖြစ်ရပါ။ ကလေးငယ် မကိုင်စေချင်တဲ့ စာအုပ်များကို သော့ခပ်သိမ်းဆည်းထားပါ။ 
  • စပ်စုတတ်တဲ့ ကလေးများအတွက် အလွယ်တကူ လှမ်းယူနိုင်သော မီးအုပ်ဆောင်း စာကြည့်မီးတိုင် စသည်တို့ကို ဖယ်ထားပါ။
  • ပရိဘောဂပစ္စည်းများကို အဆင့်ဆင့်ထပ်ပြီး အမြင့်သို့တက်တက်နိုင်အောင်လုပ်ကာ ဆော့ကစားခြင်းကို ကာကွယ်ရန်အတွက် ပရိဘောဂ ပစ္စည်းများကို အီသို့ ပြုလုပ်လို့ မလွယ်အောင် နေရာချထားပါ။
  • စတီရီယို၊ ဗီစီဒီ စသည့်ပစ္စည်းများကို သော့ခပ်ထားပါ။

ကလေးအိပ်ခန်း
  • ကလေးအိပ်ရယခင်းကို မကြာမကြာလဲပေးပါ။ ကလေးအနှီး၊ ဘောင်းဘီမှာချိတ်တဲ့ ချိတ်များ၊ ဆေးဝါးများ၊ ကလေးသန့်ရှင်းရေးပေါင်ဒါဗူးများ စသည်တို့ကို ကလေးလက်လှမ်းမမီသော နေရာတွင် ထားပါ။
  • ကစားစရာအရုပ်များကို ကလေးအသက်အရွယ်နှင့် သင့်လျော်စွာ ရွေးချယ်ပါ။ အရုပ်တွင် တပ်ဆင်ထားသည့် သေးငယ်သော အစိတ်အပိုင်းများ ဆေးသုတ်ထားတဲ့ နေရာများကိုကြည့်ရှုစစ်ဆေးပါ။ (ဝက်ဝံရုပ်လို အရုပ်မျိုးမှ မျက်လုံးအဖြစ်တပ်ဆင်ထားသော ပစ္စည်းများမှာ အန္တာရယ်ရှိနိုင်ပါသည်။)
 ရေချိုးခန်း
  • ရေဘုံဘိုင်ဖွင့်၍ ရေဇလုံထဲ ရေဖြည့်နေစဉ် ကလေးငယ်အား ရေချိုးခန်းထဲ တစ်ယောက်တည်း မထားခဲ့ပါနှင့်။
  • ရေနွေးနှင့် စပ်ချိုးသောအခါ အပူအချိန်ကို မပူလွန်းအောင် ဂရုစိုက်ပါ။ 
 ကား
  • ကားဖြင့်ခရီးသွားလျှင် ဖြစ်နိုင်ပါက ကလေးထိုင်ခုံကို ကားထဲတွင်ထည့်၍ ကလေးကိုခေါ်ပါ။ ကလေးငယ်ကို လက်ထဲတွင် ပိုက်ထားရင်း ကားမမောင်းပါနှင့်။

1 comment:

Thandar Lwin said...

ကျေးဇူး အထူး ...း)
အာဘွား မှူံမှူံ....<3<3<3