Monday, May 14, 2012

Toddler မှုံမှုံ တိုးတက်မှု (၁၃လ ၊၁၄လ)

သမီး လမ်းကောင်းကောင်းလျှောက်တတ်တော့ လမ်းပဲ လျှောက်ချင်နေတော့တယ်...။ အပြင်ထွက် လမ်းလျှောက်ရရင် ပျော်မဆုံးတော့ပဲ ၄၅ မိနစ် ၁ နာရီလောက်ကို မနားတမ်းလျှောက်နေတာ ..။ သမီးနောက်က လိုက်ရတဲ့ မေမေက ချွေးတွေတဒီးဒီးကျပြီး မောဟိုက်နေပေမယ့် သမီးက လျှောက်တုံး...။ ကြာလာရင် လျှောက်နေရင်း ငုတ်တုတ်လေး ခဏထိုင်ပေမယ့် ချီမယ်ဆိုရင် အချီမခံဘူး..။ သမီးလမ်းလျှောက်ရင် အပေါ်ပိုင်းက စိုက်စိုက်စိုက်စိုက်နဲ့ လဲတော့မလားထင်ရပေမယ့် သမီးက ကိုယ့်အရှိန်နဲ့ ကိုယ် ထိန်းနိုင်တယ်၊ လဲမယ်ကြံရင် လက် ၂ ဘက်ထောက် ကုန်းလိုက်ပြီး ချက်ချင်း ပြန်ထ တယ်။ လမ်းလျှောက်ကာစဆိုတော့ လျှောက်ပုံလေးက မေမေ့မျက်စိထဲမှာ စက်ရုပ်ပုပုလေး လျှောက်နေ သလို ရယ်ချင်စရာ ၊ ချစ်စရာလေးဖြစ်နေတာ။

လမ်း...ဆက်လျှောက်မယ်......


လမ်းလျှောက်ချင်တဲ့သမီးက အရေးကြီးရင်တော့ လေးဘက်ထောက် မြန်မြန်သွားတာကို မေမေတို့ ရယ်လို့မဆုံးဘူး၊ ဧည့်ခန်းမှာ ကစားနေရင်း DVD player ကို Power ခလုတ်သွားဖွင့်၊ စက်ထဲ ရှိလက်စ သီချင်းခွေက အသံထွက်လာရင် သမီးလန့်ပြီး အော်လည်းအော်၊ ငိုလည်းငို၊ လေးဘက်ထောက်ေ မမေ့ဆီပြေးလာတာ မြန်မှ မြန်ပဲ။ အဲဒီခလုတ်ကို သမီးအမြဲသွားနှိပ်၊ အမြဲအော်ပြေးလာ တတ်တယ်။ ဘေးခန်းက ဦးဦးက သူ့အခန်းထဲသူ ဝင်သွားရင် သမီးက နောက်ကလိုက်သွားတယ်။ အခန်းပေါက်ဝရောက်ရင်တော့ မဝင်ရဲပဲ နောက်ပြန်လှည့်ကြည့်တယ်။ မေမေက "အဲ..အဲ..ဘာကြီးလဲ" လို့ခြောက်လိုက်ရင် သမီးလေး လန့်ပြီး လေးဘက်ထောက်ပြီး နောက်ပြန်လှည့်ပြေးလာတော့တာ..။ သမီးကို သရဲကြီးပဲ၊ တစ္ဆေကြီးပဲ၊ ကုလားကြီးပဲ၊ အပ်နဲ့ထိုးမယ့် ဆရာဝန်ကြီးပဲရယ်လို့ မေမေဘယ်တော့မှ မခြောက်ဘူးလို့ တွေးထားတယ်။ ဒါပေမယ့် သူတပါးအခန်းထဲ ဝင်ရဲထွက်ရဲဖြစ်သွားမှာ ၊ သူတပါးပစ္စည်း လျှောက်ကိုင်မှာစိုးလို့ နည်းနည်းလေးခြောက်ထားရတယ်။


အရင်က MRT စီးရင်းဖြစ်ဖြစ်၊ လမ်းမှာ အိမ်မှာဖြစ်ဖြစ် လူတစ်ယောက်ယောက် ဟန်းဖုန်း ကိုင်ထားတာမြင်ရင် သမီးကို မပေးလို့ "တဟင်းဟင်း" မာန်မဲတတ်ပေမယ့် ခုတော့ ကိုယ့်ပစ္စည်းနဲ့ သူများပစ္စည်း ဆိုတာ သမီးလေး ခွဲပြီးသိသွားပြီ။ ဖေဖေနဲ့မေမေ မဟုတ်တဲ့ တစ်ယောက်ယောက်က သမီးကို ဖုန်း၊ ကစားစရာ၊ အအေးဗူး စသဖြင့် တစ်ခုခုကမ်းပေးရင် သမီးသေချာကြည့်တယ်။ လိုချင်ပေမယ့်လည်း မယူဘူး၊ သိပ်လိုချင်ရင် လက်ကလေးလှမ်းပြီးမှ မယူရဲလို့ နောက်ပြန်ဆုတ်သွားတတ်တယ်။ မေမေက "ယူလေ သမီး" လို့ ဆိုပေမယ့်လည်း သမီးမယူဘူး။ ဟိုတစ်နေ့က မမဝိုင်းဝိုင်းတို့ သားအမိ အိမ်လာလည်တော့ မမဝိုင်းက သူ့မေမေအိုင်ဖုန်းနဲ့ဆော့နေတာကို သမီးက အနားက ထိုင်ကြည့်နေ တယ်။ မေမေ့ဖုန်းကိုလည်း မတောင်းဘူး၊ မမဖုန်းကိုလည်း မလုဘူး။ ခဏကြာ မမက ဖုန်းဘေးချပြီး တခြားဟာနဲ့ ကစားတော့ သမီးက မမဖုန်းကို ကပျာကယာလှမ်းနှိပ်တယ်။ ပိုင်ရှင်မမပြန်လာ မကိုင်ခင် နှိပ်ကြည့်လိုက်အုံးမယ်ဆိုတဲ့ ပုံစံမျိုးမို့ မေမေ့မှာ ရယ်လိုက်ရတာ။


တခါတလေ မနောခွေ့စရာ တစ်ခုခုတွေ့ရင် သမီးက ပါးစပ်စေ့ပိတ်ပြီး ရှက်ရှက်ကြီးပြုံးတတ်နေပြီ။
အဲဒါပြောရင်း သမီးအကြောင်းလေးတစ်ခု မေမေမှတ်ထားဖို့မေ့နေတယ်။ သမီးလေး သုံးလသမီးေ လာက်က စလို့ ခုချိန်ထိ မေမေက "သမီးရေ.. ခါးခါးလိမ်းမယ်၊  ဝ ရေ ဝ" လို့ ပြောပြီး သမီးပါးမှာ သနပ်ခါး ပါးကွက် ဝိုင်းဝိုင်းလေးကွက်ပေးရင် သမီးက ငြိမ်ခံနေတယ်။ ကွက်ပြီးတာနဲ့ "ဟယ်... ငါ့သမီးလေးက ပါးကွက်လေးနဲ့ လှလိုက်တာ" လို့ မေမေက ပြုံးပြီး ချီးမွမ်းလိုက်ရင် သမီးက သဘောကျပြီး ပြုံးနေလိုက်တာ အကြာကြီးမို့ ရွာက ဘွားဘွားကြီးတို့ကတောင် အံ့သြလို့။ အခုတော့ ငယ်ငယ်ကလို သိပ်မငြိမ်တော့ ပါးကွက်လည်း ဝိုင်းတဲ့အခါဝိုင်း၊ ဘဲဥပုံဖြစ်လိုက်၊ ရှည်လမျောဖြစ်လိုက်နဲ့ပေမယ့် "ဟယ်.. ငါ့သမီးလေး လှလိုက်တာ" လို့ မေမေက ချီးကျူးရင် သမီးလေးက ကျေနပ်ပြုံးကြီးပြုံးနေတုံး...။


အရင်က သမီးလေးက မေမေ့ကိုပဲကပ်ပြီး အမေမှအမေမို့ သမီးဖေဖေကတောင် "အေးပေါ့.. ၂၄ နာရီလုံး တူတူနေနေရတာကိုး၊ သူ့အာဟာရအိုးကြီးကိုး၊ ကလေးက ကပ်မှာပေါ့" လို့ မနာလိုသံနဲ့ ပြောခဲ့တာ။ အခုတော့ သမီးက ဖေဖေ့ကို ပိုကပ်နေသလိုပဲ။ ဖေဖေအပြင်က ပြန်လာပြီးသမီးကို တန်းမချီရင် ငိုမယ်။ သမီးကို အခန်းထဲမှာ မေမေနဲ့ထားခဲ့ပြီး ဖေဖေ အခန်းပြင် ထွက်သွားရင် သမီးငိုမယ် (မေမေက သမီးနဲ့ဖေဖေ့ကို အခန်းထဲထားခဲ့ရင်တော့ သမီးမငိုဘူး)။ ဖေဖေ့ဖုန်း လာလို့၊ ဖေဖေလုပ်စရာ ရှိလို့ မေမေချီမယ်ပြင်ရင်တောင် အချီမခံဘူး၊ ဖေဖေမရှိမှသာ သမီးက မေမေ့ဆီကပ်တာ။ ကပ်တာမှာလည်း မချီမချင်း ပုဆိုးစ၊ ထမီစဆွဲထားတာ၊ သမီးလက်ကို ဖြေရင် သမီးငိုမယ်။ လက်မဖြေပဲ လမ်းသွားရင် သမီးက လုံချည်စကို လက်က ဆုပ်လျက်သား ဒရွတ်တိုက်လိုက်လာတတ်တယ်။ ချီထားရင် အောက်ကို လုံးဝချမရတော့။

ချွဲပတုံးကလေး



သမီး ၁ နှစ်သမီးလောက်ကစ အမေးခံရတဲ့ မေးခွန်းက ကလေးစကားပြောတတ်ပြီလား ..တဲ့။ သောကြာနေ့ မွေးတဲ့ သမီးလေးက စကားတော့ အင်မတန်များတယ်။ ဒါပေမယ့် ကလေးဘာသာနဲ့ပဲ ပြောတာပေါ့။ သမီးကောင်းကောင်းပြောတတ်တာ မံမံပါ။ ထမင်းကျွေးရခက်ပေမယ့် ထမင်းစားတာကိုတော့ မံမံလို့ ကောင်းကောင်းပြောတတ်တယ်။ သဝေထိုးနဲ့စတဲ့ အသံကို သမီး မပြောတတ်သေး ဘူး။ ဖေဖေလို့ခေါ်ခိုင်းရင် ခဏပါးစပ်ပြင် ကြိုးစားပြီးအသံထွက်ပေမယ့် ပါပါးပဲပြောတယ် ၊ မေမေ လို့ ခေါ်ခိုင်းရင် မာမား ပါးပါးတဲ့။ သမီးအပြောအများဆုံးကတော့ ဘူး နဲ့ဆုံးတာတွေ.... :))။ သမီးထမင်းဇလုံနဲ့ ဇွန်းကိုင်ပြီး မေမေလာတာမြင်လိုက်တာနဲ့  ကျွေးမယ်တောင် မပြင်ရသေးဘူး ခေါင်းတွေ ခါပြီး.. "ဟားဝူး...ဟားဝူး"နဲ့ ပြောတော့တာပဲ။ သမီးမကြိုက်တာလုပ်ရင် (တီဗီဖွင့်လို့ သမီးကြည့်ချင်တာ မဟုတ်ရင်၊ ဖုန်းတောင်းတာ မပေးရင်၊ ထမင်းပန်းကန်ထဲ သမီးကို လက်ပေးမနှိုက်ရင် ) ခေါင်းခါပြီး မကြိုက်ကြောင်းလည်းပြ၊ ပါးစပ်ကလည်း "ဟမ်းဝူး..ဟမ်းဝူး..." နဲ့ ပြောနေတော့တာ ။ ဘူး (သမီးအသံထွက်နဲ့ ဆို .. ဝူး.... ) ဆိုတာ မကြိုက်တဲ့၊ ငြင်းတဲ့စကားလုံးဆိုတာ သမီးသိသွားပြီ။


လူနားလည်တဲ့စကား သေချာမပြောတတ်သေးပေမယ့် လူစကားတော့ သမီးသေချာ နားလည်နေပြီ လို့ မေမေထင်တယ်။ ဖေဖေပြန်လာရင်ဖြစ်ဖြစ်၊ ဧည့်သည်ကိုဖြစ်ဖြစ် သမီး ဆိုးတုံးက အကြောင်းပြောရင် သမီးက " ဟေး..ဟေး" နဲ့ အော်ပြီး မကြိုက်ကြောင်းပြတယ်။ သမီးဆိုးလို့ မေမေက "ဒုတ်ဒုတ် နော် " တို့ "မီးမီးကို မေမေ ရိုက်ရိုက်နော်.. " လို့ပြောရင် သမီးက ဆောင့်ကြီး အောင့်ကြီးနဲ့ ကိုယ့်လက်၂ ဘက်ကိုယ် အချင်းချင်း ပြန်ရိုက်တယ်...။ ပါးစပ်ကလည်း " တဟင်းဟင်း" ကြိမ်းသေးတာ...။ စာအုပ်၊ ဘောလုံး၊ စားပွဲ၊ တီဗီ၊ ဖုန်း၊ အပြင်ထွက်၊ အိပ်တယ်၊ လှဲတယ်၊ စသဖြင့် စကားလုံးတချို့ရဲ့ အဓိပ္ပါယ်ကို သမီးသိနေပြီ။


သမီးကြီးရင် စာဖတ်ဝါသနာပါ၊မပါ မသိရပေမယ့် အခုတော့ သမီးက စာအုပ်ကြိုက်တယ်။ ငယ်ငယ်လေးကတည်းက ချီထားရင် စာအုပ်စင်နားသွားခိုင်းတယ်။ အခုလည်း ငြိမ်နေလို့  ချောင်းကြည့်ရင် သမီးက စာအုပ်ကလေး လှန်ကြည့်နေတတ်တယ်။ ဒီတစ်အုပ်တည်းကို မရိုးနိုင်ဘူး..။ တခါတလေကျ ရောင်စုံအရုပ်တွေပါတဲ့ ကြော်ငြာစာရွက်ကို ဟိုဘက်လှန်ကြည့်လိုက်၊ ဒီဘက်လှန်ကြည့် လိုက် လုပ်နေတတ်တယ်။ အရင်တစ်ပတ်က ကိုကိုကူးကူးနဲ့  ကိုကိုဖူးဖူးတို့ ငယ်ငယ်ကဖတ်ခဲ့တဲ့ စာအုပ်တွေ လာပေးလို့ သမီးမှာ စာအုပ်တွေတော့ များလာပြီ။ မေမေသတိထားမိတာ သမီးစာအုပ်ကြည့်ရင် လူပုံ၊ ကြောင်ပုံပါတဲ့ အရုပ်စာမျက်နှာတွေကို အတည့်ကြည့်တတ်သွားပြီ။ စာချည်းပါတဲ့ စာမျက်နှာကို ကြည့်ရင်တော့ အတည့်ဖြစ်လိုက် ၊ ပြောင်းပြန်ဖြစ်လိုက်ပဲ။ အစကတော့ အမြဲ ပြောင်းပြန်ကြီး ကြည့်တာ။

အရုပ်ကြည့်ရတာ ကြိုက်တယ်။



သမီးက လူကြီးလုပ်သမျှ လိုက်လုပ်တတ်လွန်းတယ်။ ခေါင်းကုတ်မိရင်၊ နှာခေါင်းနှိုက်မိရင် သမီးက မှတ်ထားပြီး အဲဒါပဲ ခဏခဏ လိုက်လုပ်လို့  လူကြီးတွေက သတိထားနေကြရတယ်။ မေမေနဲ့ ဖေဖေ ရုပ်ပြောင်ပြသမျှလည်း သမီးက နောက်က အကုန်လိုက်လုပ်တယ်။

သမီးလေးကြီးလာလေ..သမီးလုပ်သမျှ၊ ပြောသမျှကို ကြည့်ပြီး ရယ်ရလေ ဖြစ်လာတယ်။ သမီးလေး ရယ်တာ မြင်ချင်လို့ သမီးရယ်အောင် မေမေက နည်းမျိုးစုံလုပ်ပြတယ်။ သမီးမကြိုက်တာတွေ့လို့ မကျေနပ်တဲ့မျက်နှာဖြစ်သွားရင်လည်း သမီးမျက်ခုံးက ဖေဖေ့လို ဖြစ်ဖြစ်သွားတာကို သဘောကျပြီး သမီးကို မေမေက စ မိပြန်ရော...။

သမီးရဲ့တိုးတက်မှု၊ နော့တီး Naughty ဖြစ်မှုလေးတွေ သတိရမှ ထပ်ရေးအုံးမယ် သမီးရေ.....။






6 comments:

JuneOne said...

စကားပြောစောတဲ့ ကလေးတွေကတော့ ၁နှစ် လောက်ကစပြောတယ်။အိမ်မှာ သမီးလေးက စောတယ်။သားလေး က ၂နှစ်ကျော်မှာ နဲနဲစပြောတာ။၃နှစ်နားနီးမှ နဲနဲ ၇ှည်ရှည်ပြောတယ်။အခုလေးနှစ် လုံးစေံပတ်စေ့ မပြောနိုင်သေးဘူး။ပြောချင်တာကိုဖြတ်၊ဖြတ်ပြီးပြောတယ်။တူလေး ၁ယောက်လေ ၁နှစ်နဲ့ ၂လ မှုံမှုံအရွယ်လောက်ပေါ့ ဖိုးသာထူးတို့ ၊မမ ၀၀ ထထ က တို့ ကို ဟန်အမှုရာနဲ့ကဗျာ အစ အဆုံး ဆိုတတ်တယ်။အခုမပြောသေးလဲ သိပ်မစိုးရိမ်ရပါဘူး။နောင်ကျရင် ပြောတာပါပဲ။ဝိုင်းရင်ခွင် ကထုတ်တဲ့ ba ba black sheep အခွေရှိလား။မြန်မာ လိုရော အင်္ဂလိပ်လိုရော ကဗျာလေးတွေ ကလေးတွေ ဆိုကြ၊ကကြတာ။သမီးငယ်ငယ် က အဲဒါ သိပ်ကြိုက်တယ်။

mae said...

ချစ်လိုက်တာ
အသဲယားတယ်..
အဲ့အရွယ်လေးတွေ လမ်းလျှောက်တာ တကယ် စက်ရုပ်ကလေးတွေလိုပဲ

TZA said...

မှုံလေးကသိပ်ချစ်ဖို့ကောင်းတယ်

NSA said...

ဟုတ်တယ် ဂျွန်ဝမ်း .မောင်ကြီးအမျိုးထဲက ကောင်မလေးတစ်ယောက်ဆို တစ်နှစ်မပြည့်ခင်မှာ လူကြီးနဲ့ စကားအပြန်အလှန်ပြောတတ်နေတာတွေ့ဖူးတယ်..ခုတော့ ၈ တန်းလောက်ရှိပြီ ..

မေနဲ့ တီ.. သမီးလေးကို ချစ်လို့ ကျေးဇူး.. :))

Anonymous said...

ချစ်ဖို့ကောင်းတဲ့ မှုံကလေး။ သူ့ အမေ ရေးထားတာလေးတွေ သူ စာဖတ်တတ်တဲ့ အချိန် ပြန်ဖတ်ရရင် ပြုံးပြုံးကြီး ဖြစ်နေမှာပဲး))

နောင့်

wildflower-အရိုင်းပန်း said...

အကြာကြီး ရှက်ပြုံးပြုံးနေမှာနော.... ချစ်စ်စ်၏ မှုံ...