Sunday, June 3, 2012

ဘဲသားနဲ့ ပဲကုလား

ခုတလောချက်စားဖြစ်တာတွေ... Facebook မှာ တင်တဲ့ ဓာတ်ပုံတွေ လှနေလို့.. ဘလော့မှာ လာတင်လိုက်တယ်...။ ပုံချည်းပဲဆို ကြည့်မကောင်းတော့ စာလေးဘာလေးပါအောင်... ချက်နည်းရေးလိုက် ဦးမယ်.. ။ ကိုယ်က ချက်ရေးပြုတ်ရေးမှာ တပည့်ကြီးအဆင့် ဆိုတော့ကာ ချက်နည်း ရေးသာရေးရ ခပ်ရှက်ရှက်ပဲ။

ဘဲသားဟင်း
-Wet Market က ဘဲတစ်ခြမ်းဝယ်တယ်။ ဆိုင်ကခုတ်ပေးတဲ့ အတုံးကြီးလို့ ခပ်ရွယ်ရွယ် ပြန်တုံး၊ ရေနဲ့ ၃-၄ ထပ်ဆေးထားတယ်။
- ကြက်သွန်နီ ဂေါက်သီးလုံးလောက်ကြီးကြီးတစ်လုံးနဲ့ ကြက်သွန်ဖြူ ၄ မွှာလောက်ကို  နုတ်နုတ်စဉ်း (ဘလန်ဒါနဲ့မွှေမွှေ၊  ငရုတ်ဆုံနဲ့ထောင်းထောင်း ရပါသည်) ထားတယ်။ ဘဲသားများလို့ ကြက်သွန်များများထည့်လိုက်တာ။
- ဘဲသားကို ချက်မယ့်အိုးထဲထည့် ၊ ကြက်သွန်ဖြူနီ စဉ်းပြီးသား၊ ဆား ၊ အချိုမှုန့်(မသုံးလျှင် ဟင်းခတ်မှုန့်၊ ကြက်သားမှုန့်)၊ နနွင်းမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့် အားလုံးထည့် လက်နဲ့ သမအောင်နယ်တယ်။ 
- သစ်ကြမ်းပိုးခေါက်၊ ကုလားဝေးရွက် တစ်ခါတည်းထည့်လိုက်တယ်။ အဲ့ဒီအမွှေးအကြိုင်တွေက ဆီသတ်ရင် ပိုမွှေးတယ် ဆိုပေမယ့် လုံးချက်ချက်တာမို့ တစ်ပါတည်း ထည့်လိုက်တယ်။
- ဆီထည့်တယ်...။ ဆီပြန်ချက်ဖို့ ဆီများများ ထည့်လိုက်တယ်။
- မီးဖိုပေါ်တင်။ ၃ မိနစ်လောက်နေရင် အသားတွေ အပေါ်အောက် သမအောင်ဇွန်းနဲ့မွှေတယ်။
 - ၅မိနစ်လောက် ဆီနဲ့ လုံးပြီးရင် ရေထည့်တယ်။ အဖုံးပိတ်ပြီး မီးအေးအေးနဲ့ ထားလိုက်တယ်။
- ဆူရင် အပေါ့အငန်မြည်းပြီး ပေါ့နေရင် ဆား/ငံပြာရည် ထည့်တယ်။ ရေခန်းလို့ မနူးသေးရင် ရေထပ်ထည့်၊ ထပ်တည်။ ဆီပြန်လာရင် အိုးချနိုင်ပါပြီ။ ဒါပါပဲကွယ်...။ 

ပဲကုလားဟင်း 
-ကုလားပဲညကတည်းက ရေစိမ်ထားပြီး မနက်စောစော နူးအိအောင်ပြုတ်ထားတယ်။ ကုလားပဲခြမ်းစေ့တွေ ကို ကျေအောင် ဇကာနဲ့တိုက် / ငရုတ်ဆုံနဲ့ထောင်းထားတယ်။
-ချက်မယ့် ဟင်းသီးတွေ ကို လှီးဖြတ်တယ်။
-ကြက်သွန်နီဥသေးသေးလေးတစ်လုံးကို ခပ်ကြမ်းကြမ်းလှီးထားတယ်။ ဟင်းသီးတွေ များတယ်။ အရေသောက်လည်း ဖြစ်တော့ အနှစ်မလိုလို့ ကြက်သွန်နီ ပါလေကာပဲထည့်တယ်။
 -ဒန့်ဒလွန်သီး ၃ တောင့်၊ ခရမ်းသီးအပု ၁ လုံး၊ အာလူး ၃ လုံး၊ ဗူးသီး၊ မုန်လာဥဖြူ၊ မုန်လာဥနီ အားလုံး လှီးဖြတ် ၊ရေဆေး ချက်မယ့်အိုးထဲထည့်၊ ရုံးပတီသီးကတော့ ချွဲလို့ နောက်ဆုံးမှ ထည့်တယ်။ -ကြက်သွန်နီလှီးပြီးသား၊ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်ပါတယ်ဆိုရုံ ( အရေသောက်စပ်မှာစိုးလို့ရယ်၊ သမီး စားချင်စားမှာ မို့ရယ် ၊ အရောင်မဖြူရုံလေးနည်းနည်းပဲထည့်ပါတယ်) ၊ ဆီပါတယ်ဆိုရုံ (အရေသောက်ဟင်းမို့ ဆီများရင် အပေါ်ဝေ့ပြီးသောက်မကောင်းလို့) အိုးထဲထည့်ပြီး နယ်တယ်။ 
-ဖိုပေါ်တင် ဟင်းသီးတွေ နည်းနည်းနွမ်းရင် ကုလားပဲခြေပြီးသားထည့် ၊ ရေနွေးဆူထည့် ၊ဟင်းအိုး ဆူအောင်တည်၊ ဆူရင်  ပျဉ်တော်သိမ်ရွက် ခပ်ပါတယ်။ အပေါ့အငန်မြည်း၊ ပေါ့ရင် ဆားထည့်၊ ငံပြာရည်ထည့်လည်း ရပါတယ်။ 
-ရေခဲသေတ္တာထဲရှိတာတွေ အကုန်ထည့်တော့ မုန်လာဥနီပါထည့်လိုက်တာ ဟင်းက နည်းနည်းချိုသွားတယ် :)

ကျွန်မရောက်စက ကုလားပဲခွဲခြမ်းထုပ်ဝယ်တာ ပဲစဉ်းငုံ ခွဲခြမ်းထုပ်နှင့် မှားဝယ်ဖူးသည်။ နောက်မှ ပဲစဉ်းငုံအဝိုင်းမှာ အနားများ ပိုဝိုင်းစက်ပြီး ကုလားပဲခြမ်းက အနားမညီ အတွန့်များပါတယ်ဟု မှတ်ထားမှ မမှားတော့ခြင်းဖြစ်သည်။

 ပဲကုလားဟင်းနဲ့ ဘဲသား သတ်သတ်စီရိုက်တဲ့ပုံ တင်မရလို့.... စုံတွဲပုံပဲ တင်လိုက်ရတယ်။

သရက်ချဉ်သုတ်၊ သရက်သီးကုလားတည် အဲဒါပါရင် ပိုစားမြိန်မှာ...။

ပဲကုလားဟင်း၊ ဘဲသားဟင်း
ပဲကုလားဟင်းကတော့ ဇာတ်လိုက်ကျော်ပဲ...။

မောင်ကြီးနဲ့ ကျွန်မ ရည်းစားစဖြစ်ချိန် သူအကြိုက်ဆုံးဟင်း ဘာလဲဆိုတာ ကျွန်မမေးကြည့်တော့ ပဲကုလားဟင်း တဲ့။ ပြီး ပဲကုလားဟင်း ချက်တတ်အောင်ကျင့်ထား ဟု ရယ်ကာမောကာ သူမှာဖူးသေးသည်။ ပြီးတော့ သူက  စလုံးကိုပြန်သွား၊ ကျွန်မက ရန်ကုန်အလုပ်မှာကျန်ခဲ့။ သူနဲ့အိမ်ထောင်မကျခင် ပဲကုလားဟင်း တစ်မျိုးတော့ ကောင်းကောင်းချက်တတ်အောင်လုပ်မယ် ဟု ကိုယ့်ဘာသာ ကျိတ်ရည်မှန်းကာ ကြုံတိုင်း ချက်ကြည့်သော်လည်း ချက်သမျှ တစ်ခါမှ ကောင်းလှသည်မရှိ။ အခု အိမ်ထောင်ကျပြီးမှ (ဟင်းချက်မကျင့်နိုင်တော့မှ) တဖြည်းဖြည်းလက်ရာတက်လာကာ စားကောင်းသောအဆင့်နား သီလာနိုင်ခြင်းပေ...။

ကျွန်မ ၁၀ တန်းဖြေပြီးစမှ စ ထမင်းဟင်းစ ချက်ပြုတ်ဖူးသည်။ လက်ရာအလွန်ညံ့သည်။ ထမင်းဟင်း ချက်ရခြင်းသည် စိတ်ဖိစီးရသော အလုပ်တစ်ခုသဖွယ်ဖြစ်ခဲ့သည်။ သူများတွေ ပြောရင်းဆိုရင်း ဖျိုး ဖျတ်နှင့် ဟင်းတစ်ခွက်ပြီးတစ်ခွက်ချက်နိုင်သော်လည်း ကျွန်မမှာ ဟင်းတစ်ခါချက်ဖို့အရေး ပြင်ဆင်ရတာ စီစဉ်ရတာအများသား၊ ဟင်းအိုးနားကလည်း မခွာရဲခဲ့။ ဟင်းထွက်လာတော့ စားဖြစ်ရုံသာ။ တခါတရံ စားမဖြစ်။

အခုချိန်မှာ အလျင်လောက် အချိန်ပေး၊ စိတ်ပေးပြီး ကြိုးစားပမ်းစား မချက်နိုင်တော့သော်လည်း ဟင်းလက်ရာများ တိုးတက် လာပါသည်။ ကျွန်မအိမ်ပြန်သွားတော့ အိမ်ကလူတွေပင် အံ့သြလို့ပဲ...။ 

ဒီနေ့ ဖေ့ဘွတ်မှာ ဟင်းချက်နိုင်တဲ့ အကြောင်း စတေးတပ်စ်တင်ပြီး သူ့ကိုယ်သူ အားပေးထားတဲ့ ဘလော့ဂါမလေးတောင်ရေးရင်းသတိရမိသေး...။ :D


1 comment:

Thandar Lwin said...

ကိုဦး က ဘဲသားကြိုက်တယ် ..ချက်ကျွေးဦးမယ် ..ဒီပို့စ် တက်တာ မသိဘူး တို့ဆီ မှာမပေါ်ဘူးတော့...