Thursday, June 21, 2012

မောင်ကြီးအကြောင်း သောင်းပြောင်း(၁) မောင်ကြီးနှင့် မွေးနေ့များ

အားအားယားယား ပျင်းနေလို့ ချစ်ရပါသော ကျုပ်မောင်ကြီးအကြောင်းများရေးချင်စိတ်ပေါ်လာသည်။ 

ဒီရက်ပိုင်း သူလက်ဆောင်ဝယ်ပေးသော ပစ္စည်းလေးတစ်ခု ရှာမတွေ့၊ ပျောက်ဆုံးနေ၍ စိတ်မကောင်းဖြစ်နေသည်။ ဒီတစ်ခါဆို ဒုတိယအကြိမ်ပဲ..။ သမီးကိုယ်ဝန်ရှိကြောင်းသိရသည့်နေ့က တစ်ခုပျောက်ဖူးသော်လည်း ဝမ်းသာလုံးဆို့စရာ သတင်းကြောင့် ပစ္စည်းပျောက်သည် ကို မေ့မေ့ပျောက်ပျောက်ပင်...။

အစ်မချစ်ကြည်အေးရဲ့ ဒီပို့စ် ကိုဖတ်ရသော် ကျုပ်မောင်ကြီးကို သတိရပြန်သည်။ 

ကျွန်မသူ့နောက်ကို စလိုက်လာပြီး ၃ လအကြာမှာ ကျွန်မမွေးနေ့ဖြစ်ပါသည်။ အဲဒီနေ့ သူ ညနေ အလုပ်ကပြန်လာတော့ လက်ထဲမှာ အဝတ်တစ်ခုခုထည့်ထားသော အိတ်တစ်လုံးမြင်လိုက်သည်။ ကျွန်မအတွက်မွေးနေ့လက်ဆောင်ကို ချက်ချင်းမပေးသေးပါလားဟု တွေးရင်း......ညစာစားပြီးမှ သူ အိတ်ကို သတိရပါသည်။ "--------(ရှော့ပင်းမောလ်တစ်ခုအမည်) ကိုရောက်တာ တီရှပ်တွေ ဈေးချနေတာနဲ့ တန်လို့ တစ်ထည်ဝယ်လာတယ်" တဲ့။  သူ့အတွက် သူ့ဘာသာဝယ်လာသော တီရှပ်ပေ။ ကျွန်မမွေးနေ့ကို သူသတိမရတာကို စိတ်တို၊ ကိုယ့်အတွက်လက်ဆောင်ဝယ်လာတယ်ထင်တာ မဟုတ်လို့ ကိုယ့်ဘာသာပြန်ရှက်.... စဉ်းစားကြည့်ကြကုန်... ရှက်ဒေါသကြီးနဲ့.... ဖွင့်စိတ်ဆိုးလိုက်ပြန်ရင် ပိုရှက်စရာကောင်းလို့ ဟန်ဆောင်ပြုံးနေရပြန်.... အသင်လောက.. (သို့မဟုတ်) အသင်မောင်ကြီး.........အခက်ကြီး ခက်လှချည်ရဲ့ကွယ်......................။ (အခု စာရေးနေရင်း သဘောတကျ ပြုံးနေမိသေးသည်)။ 

အဲဒီအကြောင်းကျွန်မသူ့ကို နောင် ၂ နှစ်လောက်နေမှ ပြန်ပြောဖြစ်သည်။ ကိုယ့်စိတ်ထဲလည်း ဘာမှ မရှိတော့ ၊သူ့ကို စချင် သည့်အခါ ပြောဖြစ်တာပါပဲ။ အဝတ်တွေရှင်းရင်း အဲဒီတီရှပ်ကို မြင်သည့်အခါတိုင်းမှာ "ဒီမှာ မွေးနေ့လက်ဆောင် တီရှပ်လေး မဝတ်တာ ကြာပြီနော် " လို့ အကျီမြှောက်ပြရင်း ပြောလိုက်လျှင် သူက အနေခက် အထိုင်ခက် ဖြစ်လို့နေသည်။


နောက်တစ်နှစ်ကျ ကျွန်မမွေးနေ့ အိမ်မှာ ထမင်းသုတ်လုပ်စားသည်။ ဘယ်သူ့မှလည်းမဖိတ်ဖြစ်၊ အိမ်ရှိလူများသာ စားကြခြင်းဖြစ်သည်။ ညနေမှာ မောင်ကြီးသူငယ်ချင်းလင်မယား အိမ်လည်လာသည်။ အခု ကျွန်မနှင့် ခင်မင်ရင်းနှီးသွားပြီးဖြစ်သော်လည်း အဲဒီတုံးက သိတာ မကြာလှသေးပေ။ ကျွန်မသည် ရင်းပြီးသားသူတွေကိုသာ ဟီးဟီးဟားဟားလုပ်တတ်ပြီး မရင်းနှီးသေးသောသူများနှင့် အတည်ပေါက် အလ္လာပ သလ္လာပ ပြောရန် အရည်အချင်းမရှိသူဖြစ်သည်။ သူတို့လာချိန်တွင် မောင်ကြီးအပြင်သွားနေသည်။ ကျွန်မနှင့် မခင်မင်သေးသော သူ့သူငယ်ချင်းမိသားစု လာမည်ကိုလည်း သိသည်။ ကိစ္စပြီးချိန်ရောက်သော်လည်း ပေါ်မလာသေး၊ လှမ်းဖုန်းဆက်တော့ လည်း ပြန်လာမည်ဟု ဆိုသည်။ တော်တော်နှင့် ပြန်မရောက်ချေ။ ကျွန်မ အလွန်ဒေါသထွက်နေပြီဖြစ်သည်။ ကျွန်မမွေးနေ့ အိမ်မှာ မရှိတာက တစ်ပြစ်၊ သူ့သူငယ်ချင်းတွေနှင့် ပစ်ထားတာကတစ်ပြစ်။

ကျွန်မ အဲဒီတုံးက တော်တော်စိတ်ဆိုးသွားတာကို ချော့သည့်အနေဖြင့် နောက်နေ့သူ ရုပ်ရှင်လိုက်ြပပါသည်။ စိတ်ကောက်နေသော မိန်းမကိုပြန်ချော့ဖို့ သူရွေးလိုက်သော ရုပ်ရှင်ကားက အင်မတန် Romantic ဆန်လှသည်။ Final Destination အပိုင်း (၃)  ဖြစ်ပါသည်။ ရုပ်ရှင်၏ ၃ ပုံ ၁ ပုံခန့်ကို ကျွန်မ မျက်စိမှိတ်ထားရပါသည်။ ဘေးမှ ကျွန်မချစ်လင် ကိုတာတေကား ကျွန်မဘာဖြစ်နေသည်ကို သူမသိ။ ရှေ့ကုန်းပြီး ရုပ်ရှင်ကို သဲသဲမဲမဲကြည့်ကာ တစ်ချက်တစ်ချက် ကျွန်မကို ဘာသာပြန်ပြသေးသည်။ ဘာဖြစ်တော့မယ်ထင်တယ် ဆိုတာက ပါသေး၏။ စိတ်ကောက်ပြေသလိုလို မပြေသလိုလို စူတူတူ မူတူတူနှင့် ရုပ်ရှင်ရုံလိုက်လာသောကျွန်မကား ထိုင်ခုံလက်တန်းကို လက်တစ်ဘက်၊ သူ့လက်ဖဝါးကို လက်တစ်ဘက် ကျစ်ကျစ်ကြီး ဆုပ်၊ တောင့်တောင့်ကြီးထိုင်ကာ ပါးစပ်က ဘုရားနှင့် အမေကို တစ်လှည့်စီ တ နေခဲ့ရတာ ဖြစ်ပါသည်။

တကယ်က ကျွန်မမွေးနေ့မှာ အပြင်ကိစ္စပြီးချက်ချင်းပြန်မလာတာသည် မွေးနေ့လက်ဆောင်ရွေးချယ် ဝယ်ယူနေလို့ လို့ အဲဒီနေ့ကတည်းက ပြောခဲ့ရင်မကောင်းဘူးလား..။ သူသည် ဝယ်လာသော မွေးနေ့လက်ဆောင် ဗူးနီကလေးကို နှုတ်ခမ်းနီ၊ မိတ်ကပ်တွေစုထည့်ထားသည့် မှန်တင်ခုံ အံဆွဲထဲ တိတ်တိတ်ထည့်ထားခဲ့ကာ.... ကျွန်မက သနပ်ခါးလိမ်းရင်း တွေ့၊ ဖွင့်ကြည့်၊ မမျှော်လင့်ပဲ လက်ဆောင်နှင့် သူရေးထားသည့်စာတမ်းကိုတွေ့ အလွန်ဝမ်းသာ ....... သူက ထိုသို့မျှော်လင့်ထား၍ ကျွန်မက သနပ်ခါးလိမ်းလျှင် သနပ်ခါးတုံးနှင့်ရေဘူးကိုသာသုံးကာ အံဆွဲတစ်ခါမှ မဖွင့်သူဖြစ်သည်။ ၃-၄ ရက်ကြာသည်ထိ အခြေအနေမထူးသော် ကုတင်ဘေးက စားပွဲပု၏ အံဆွဲထဲ ပြောင်းထည့်ထားပြန်သည်။ မထူးခြားချေ။ တစ်ပတ်လောက်နေမှ သူက အံဆွဲဖွင့်ကြည့်ပါဦး ဟု ဖွင့်ပြောယူရသည်။

နောက်ကျမှရသော်လည်း အလွန်တန်ပါသည်။ သူဝယ်ပေးတာ ၅၀၀ တန် လက်စွပ်တစ်ကွင်းဖြစ်၍ ကျွန်မက တစ်သောင်းဖိုးလောက် ပျော်သွားတာဖြစ်ပါသည်။ ကုတင်ပေါ်ခုန်တက်ကာ ..ကလိုက် .. သူ့ကို ဖက်နမ်းလိုက်... ၊ လက်စွပ်ဝတ်ထားသော လက်ကို ထောင်ကြည့်လိုက်၊ "ကြိုက်တယ်.. ကြိုက်တယ် .. အတော်ပဲနော်... မချောင်ဘူး " ဆိုတာတွေကို တလှည့်စီပြောလိုက် ........။ သူသည် ကုတင်ခေါင်းရင်းဘောင်ကို မှီလျက်ထိုင်နေပြီး ကျွန်မပျော်နေတာကို ပြုံးပြီး ကြည့်နေခဲ့တာ ကျွန်မ မှတ်မိသည်။

စာရှည်နေ၍ တစ်ခန်းရပ်ပါမည်။
 ချစ်သူအပေါ် မကျေလည်တာတွေရှိခဲ့ဖူး.. နောင်လည်း ရှိအုံးမှာပင်...။ အဲဒီအခါ ပျော်ရွှင်ခဲ့တာ၊ ကောင်းခဲ့တာတွေ ပြန်တွေးပေးဖို့ (ကျွန်မအတွက်) ချစ်ဖို့ကောင်းတဲ့ သူ့အကြောင်းလေးတွေ ရေးထားချင်စိတ်ပေါက်လာတာဖြစ်ပါသည်။

9 comments:

မိုးခါး said...

တူရို့ကလည်း ကိုရီးယားကားရိုက်သလိုပါပဲလား .. လွှဲချည်းနေတော့တယ် :P

JuneOne said...

မနေ့ကကော တစ်ခုထပ်ဝယ်ပေးလို့ cspfw,fလား။ဘာမှဝယ်မပေးရင် မချစ်တော့ဘူးလား။(အချွန်နှင့်မသည်)

mae said...

ဒါလဲ romantic ပါတယ်လေ
ဟဟ

ဆက်ရေးပါ ဆင်ဆင်

Anonymous said...

ရေးပါ ရေးပါ..ပျော်စရာ ဇတ်လမ်းတွဲလေးကို မှုံလေး 1 နှစ်ကျော်အချိန်အထိတိုင်အောင် ရေးပါ
စောင့်ဖတ်ပါမည်။

အမည်မသိ
နောင့်

TZA said...

ဟားဟား ဒီလင်မယားချစ်ဖို့ကောင်းချက်။ (မိန်းမဘလော့မရေးတာကံသိပ်ကောင်းတယ်ကွာ)

ချစ်ကြည်အေး said...

ရယ်ရတယ် ဟုတ်ပါ့ အဲလို စိတ်ကောက်လို့မှ ကောက်နေမှန်းမသိရင် သူတို့ တုံးလိုက်လေခြင်းလို့ပဲ ဒေါသထွက်ရမလို၊ ကိုယ့်ကိုယ်ကိုပဲ သနားရမလိုလို....း))
ဟိဟိ ဆက်ပါဦး စင်စင်....

Sonata Cantata said...

ကြည့်စမ်း..စင်စင်လည်း ချစ်တတ်သူကြီးပဲ...

kaungkinpyar said...

များများ ရေးပါ စင်စင်....ဖတ်ဖို့ စောင့်နေမယ်...း)

သန့် ဇင်ထွန်း said...

အမက စာေ၇းကောင်းတာပဲ ဆက်ေ၇းပါအုံး ဆ၇ာ ညီ ကို ကျွန်တော်က လေးစားတော့  အဲ့ လို သူတလွဲလုပ် တာတွေဖတ်ချင်ပါတယ် (အ၇ိုအသေလုံးဝမတန်ပါ ) အနေအထိုင် တင်လေးစားဖို့ ကောင်းတာမဟုတ်ဘဲ အိမ်ထောင်ေ၇းပါသာယာတော့  ပိုလေးစာအားကျပါ တယ် ဆက်ေ၇းချင်အောင် ပြောတာမဟုတ်ပါ :)))