Thursday, July 19, 2012

မှုံ ၁၆လ

၂၀၁၂ ဇူလိုင်လ ၁၈ ရက် .. ၁၆ လမြောက်မွေးနေ့မှာ သမီးလေး နေမကောင်းလို့ ဆေးတွေ သောက်နေရတယ်။

သောကြာနေ့ မနက်အစောကြီး အမေနိုးတော့ သမီးအိပ်နေရာကနေ နှာခေါင်းထဲ လက်ညှိုးနှိုက်နေတာတွေ့တယ်။ အမေဖယ်ပေးပေမယ့် သမီးက ပြန်နှိုက်တာပဲ..။ အမေပြန်အိပ်ပျော်သွားပြီး ခဏနေတော့ သမီးအော်ငိုသံကြားတယ်။ ဖေဖရော မေမေရော ထ ကြည့်တော့ သမီး နှာခေါင်းသွေးလျှံနေပြန်ပြီ။ အရင်တစ်ခါထက်ပိုများတယ်။ နှာပေါက် ၂ ဘက်လုံးက ကျနေတာ။ တစ်စက် တစ်စက်နဲ့ ၃-၄ စက်လောက်ရှိမယ်.. သမီးကို wet tissue နဲ့ သုတ်ပေမယ့် သမီးက အသုတ်မခံပဲ ငိုရင်း မျက်နှာကိုပွတ်ပစ်တာ ပါးတွေ မျက်ခုံးတွေမှာပါ သွေးတွေ ပေကုန်တယ်...။ သမီး အငိုတိတ်အောင်အရင်ချော့ရတယ်။ ပြန်အိပ်ပျော်သွားမှ သမီးလေးမျက်နှာကို သန့်ရှင်းရေး လုပ်ရတယ်။ သွေးတွေမြင်တော့ အဖေနဲ့ အမေ သိပ်ပျာသွားတာပဲသမီးရယ်။

အဲဒီနေ့မနက် ၁၀နာရီလောက်မှာ သမီးကိုယ်ပူတယ်။ သမီးကို အရင်တစ်ခေါက်ဆေးခန်းကပေးထားတဲ့ ပါရာစီတမောလ်အရည်ပဲ တိုက်ထားလိုက်တယ်။ နောက်တစ်ရက် သမီးကိုယ်ပူကျတယ်ဆိုတော့ ဆေးတိုက်ရခက်တဲ့သမီးကို မေမေဆေးဆက်မတိုက်တော့ဘူး...၊ တနင်္ဂနွေနေ့ည သမီးကိုယ်ပြန်နွေးလာပြန်တယ်။ နှာစစေးလာတယ်။ ညနက်တော့ ကိုယ်တော်တော်ပူနေပြီ။ အစ်မတစ်ယောက်ရဲ့ အကြံပေးချက်အရ အဲကွန်းဖွင့်၊ စောင်မခြုံပဲ သမီးကိုသိပ်လိုက်တယ် (ခါတိုင်းလည်း စောင်မခြုံဘူး) ။ သိပ်ကျေးဇူးတင်တာပဲ။ မနက်ကျ သမီးကောင်းသွားတယ်။ 

တနလာင်္နေ့က ဖေဖေအားတဲ့ရက်မို့၊ ပြီးတော့ သမီးလေးလည်း နေမကောင်းဖြစ်နေတာ အပြင်မထွက်ရတာကြာလို့ သမီးကစားရအောင် Clementi Mall ကို ညနေမှာ သွားကြတယ်။ အဲဒီမှာ အရုပ်တွေ တစ်မျိုးပြီးတစ်မျိုးပြောင်းစီးပြီး သမီးသိပ်ပျော်နေတာကြည့်ပြီး အမေတို့လည်း ဝမ်းသာရတယ်။


ဒါပေမယ့်သမီးရေ .. Shopping Mall တွေမှာ အဲကွန်းက တအားအေးတော့ သမီးလေး အနွေးထည် ဝတ်ထားပေမယ့် ပြန်အအေးမိလာခဲ့တယ်။ အဲဒီတနလာင်္နေ့ညက နှာအရမ်းစေးပြီး နှာခေါင်းပိတ်နေလို့ သမီး မအိပ်နိုင်ဘူး. .၊ နှာပိတ်နေတော့ နို့လည်းကောင်းကောင်းစို့မရတော့ သမီးစိတ်ဆိုးပြီး အသံကုန်အော်ငိုတာပဲ ။ မနားတမ်း ကို အော်ငိုတာ...။ ဘာနဲ့မှ ချော့မရဘူး..။ သမီးနှာစေးနေတော့ အဲကွန်းပိတ်ပြီး (အခန်းထဲမှာ အိုက်တော့) အပြင်ဧည့်ခန်းထွက်အိပ်ဖို့ပြင်ဆင်ထားပေမယ့် သမီးအပြင်မှာ မအိပ်ဘူး...။ လှဲကို မလှဲဘူး.. အော်လို့ချည်း ငိုနေတာပဲ ။ မနက် ၃ နာရီခွဲထိ မနားတမ်း(နီးပါး) အော်ငိုနေလိုက်တာ....၃ နာရီခွဲကျော်မှာ အငိုတိတ်ပြီး အိပ်ပျော်သွားတယ်။ မနက် ၅ နာရီလောက် နိုးတာနဲ့ အော်ငိုပြန်ရော...။ သမီးအသံတွေ နာပြီး ပြာနေပြီ...။ အမေတို့လည်း သမီးလေးကို သနားလွန်းလို့ ရင်တွေနာလှပြီ...။ သမီးမျက်နှာလေးက တစ်ညတည်းမှာ သိပ်ကို သိသိသာသာ ချောင်ကျသွားလိုက်တာ...။

ဆေးခန်းမှာ အဖျားတိုင်းတော့ သမီးအဖျားနည်းနည်းရှိနေတယ်။ နှာခေါင်းသွေးယိုတဲ့အကြောင်းပြောတော့ ဆရာဝန်မက အဲကွန်းနဲ့ အိပ်တာထက် ပန်ကာနဲ့အိပ်တာက လေထုခြောက်တာ နည်းတော့ နှာခေါင်းသွေးယိုတာ သက်သာစေကြောင်းပြောတယ်။  ဒါပေမယ့် ပန်ကာလေကြာကြာခံရင် မကောင်းဘူးလည်း ပြောတာကြားဖူးတော့ ဘာလုပ်ရမယ်မသိသေးဘူး...။ (အခုလောလောဆယ် မှာ မွေ့ယာတွေဖယ်၊ အောက်ကရာဘာပြားပေါ်မှာ သင်ဖြူးခင်းပြီးအိပ်တာ အဆင်ပြေနေတယ်၊ အဲကွန်းပိတ်ထားပေမယ့် ဒီရက်ပိုင်း မိုးအေးလို့ သိပ်မအိုက်လှတာ တော်သေးတယ်။ အဖေနဲ့အမေကတော့ သမီးလေးကို ယပ်ခပ်ပေးဖို့သင်အူ ယပ်တောင်ကြီး တစ်ယောက်တစ်ချောင်းကိုင်ထားတာပေါ့ သမီး.. )။

သမီးကိုတိုက်ရမယ့်ဆေးက တစ်နေ့ ၃ကြိမ်တိုက်ရမှာ ၂ မျိုး၊ တစ်နေ့ ၄ ကြိမ် တိုက်ရမှာက တစ်မျိုး၊ နှာခေါင်းထဲကို တစ်နေ့ ၃ ကြိမ်နဲ့ တစ်ပတ် အစက်ချဖို့ ဆေးလည်း ပေးလိုက်တယ်။ ၄ ရက်မြောက်မှာ မသက်သာရင် ပြန်လာပြဖို့လည်း မှာလိုက်တယ်။ 

ဆေးတိုက်ရခက်လှတဲ့သမီး......ဆေးက ချိုလို့ ခါးလို့ရယ်မဟုတ်ဘူး.. ပါးစပ်ထဲ တစ်ခုခုထည့်ပေးဖို့ ခက်လွန်းလှတဲ့သမီး၊ ဆေးခန်းကပေးလိုက်တဲ့ ဆေးထိုးပြွန်လေးနဲ့ဆေးတိုက်လိုက်တိုင်း အော်ငိုပြီး ဆေးတွေရော၊ စို့ထားတဲ့ နို့တွေပါ ပြန်အန်တတ်တဲ့သမီး၊ ဆေး အတင်းတိုက်ရင် အသက်ရှု မှားတဲ့ထိ ချောင်းဆိုးတတ်တဲ့သမီး ဆေးအရည်တွေကို ပါးစပ်ထဲထား၊ မျိုမချပဲ နောက်မှ  ပြန်ထွေးချတတ်တဲ့သမီး.. ...(သမီးလေးက ၁လခွဲကတည်းက ပိုလီယိုကာကွယ်ဆေး အစက်ချတုံးကတောင် အမေ့ရင်ခွင်ထဲ ပက်လက်ကလေးကနေ ဆရာမဆီ အစက်ချခံပြီးထွက်လာတာနဲ့ ပါးစပ်ထောင့်စွန်း ၂ ဘက်ကနေ ဆေးတွေ စီးကျလာအောင် ထွေးထုတ်တတ်တဲ့ သမီးလေးပဲ) ဒီလိုသမီးလေးကို အမေ တစ်နေ့ ဆေး ၇ ခေါက်တိုက်ရမှာ စိတ်မောလိုက်တာ.....။ ဆေးမဝင်ပြန်ရင် သမီးခံစားနေရတဲ့ ဝေဒနာကြီး အမေမြင်နေရတာ မသက်သာဘူး....။နှာခေါင်းပိတ်နေလို့ ပါးစပ်ကလေးဟပြီးရှုနေရတာ..နှုတ်ခမ်းလေးတွေ ခြောက်သွေ့ ကွဲအက်လို့ပဲ ..။

နောက်ဆုံးတော့ သမီးကို အမေ့ခြေထောက်၂ ချောင်းကြားထဲမလှုပ်နိုင်အောင်ညှပ်၊ လက် ၂ ဘက်ကို အမေ့ဘက်လက်နဲ့ ချုပ်ပြီး ဆေးကို ဇွန်းထဲထည့် ညာလက်နဲ့ တိုက်မှ ဆေးဝင်တော့တယ်..။ သမီးကတော့ ငိုတာပေါ့။ ဆေးဝင်ပြီးလို့ သမီးကို ပြန်ထူပေးလိုက်တာနဲ့ အငိုကို တိကနဲ ရပ်ပြီး ကစားလက်စကို ဆက်ကစားတတ်လို့ တော်သေးတယ်။ 




အခုတော့ သမီးလေး သက်သာလာပြီ.. လူလေးကလည်း သေးသေးလေးပဲကျန်တော့တယ်။ သမီးနေပြန်ကောင်းပြီးရင် သမီးလေး အစားဝင်အောင်ကျွေးဖို့ အမေခုကတည်းက ခေါင်းခဲနေပြီ...။

သမီးရဲ့တိုးတက်မှုတွေတော့ နောက်မှ ပေါင်းရေးတော့မယ် သမီးရေ.... သမီးနေမကောင်းတဲ့ သမိုင်းကြောင်းလေး အမေမှတ်ထားချင်လို့ သမီးလေးအိပ်တုံး ဒီစာလေး အမေရေးနေတာ..။

သမီးလေး ကျန်းမာချမ်းသာပါစေ...... ။


မေမေ

6 comments:

JuneOne said...
This comment has been removed by the author.
JuneOne said...

မမ ကလေးစပါယ်၇ှယ်လစ်နီးပါး ကျွမ်းကျင်တဲ့ လင်ညီအမ ကတော့ ပန်ကာလေကို တိုက်ရိုက်မခံစေပဲ ပန်ကာကို နံရံ ဖက်ကို လေတိုက်စေပြီး နံရံကနေ ၄၅ံလောက် ပြန်ကန်ထွက်လာတဲ့ လေကိုပဲ ကလေးဖက်ကိုထိပေးစေတယ်။မှုံအိပ်မယ့် နေရာ လောက်ကိုမှန်းပြီး နံရံဖက် ကိုလှည့်ပေါ့။ အိမ်မှာ ကလေးတွေ နေမကောင်းရင်တော့ အဲကွန်းဖွင့်ရင် ပြတင်းပေါက် ၁ချပ် ပါဖွင့်လိုက်တယ်။အဲဒါကလဲ edwin နေမကောင်းတုန်းက ဆရာဝန်က အကြံပေးတာ။မှုံလေး ကျန်းမာပါစေ။

Anonymous said...

စိတ်မကောင်းဘူး...မှုံလေး အမြန်သက်သာပါစေ။
ကိုယ်တိုင်လဲ ဆေးသောက်ရ အရမ်းခက်တော့၊ ငယ်တုန်းက အမေ တို့လဲ စိတ်ညစ် စိတ်မောခဲ့ရမှာပဲ။
အမ လဲ မှုံလေး အိပ်နေတဲ့အချိန်တွေ နားဦးနော်.. အမ ပါ နေမကောင်းဖြစ်ရင် ပိုဆိုးမယ်။


နောင့်

mstint said...

ဆေးကြောက်တဲ့ကလေးက မရမကချုပ်နှောင်ပြီး တိုက်ရင် ပိုပြီးထိတ်လန့်သွားတတ်တယ် စင်စင်ရေ။
တီတင့်သားတွေလည်းဆေးကြောက်တော့ သူတို့သောက်မဲ့ နို့ကိုနည်းနည်းလေးဖျော်ပြီး အဲဒီထဲကိုထည့်တိုက်ခဲ့တား) အကြံပေးတာနော်။
စင်စင်ရဲ့တောင်းဆုလေးအမြန်ဆုံးပြည့်ပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

NSA said...

အကြံပေးသွားသူတွေ ၊ လာဖတ်သွားသူတွေကို ကျေးဇူးတင်ပါတယ်..

စင်စင်

လရိပ်အိမ် said...

သမီးကချစ်စရာလေးး))