Sunday, August 26, 2012

စုန်းပြူးကလေး

စုန်းပြူးကလေးက ငယ်ငယ်တုံးက စုန်းပြူးကလေးမဟုတ်ခဲ့ဘူး..။ သမီး ၃ ယောက်ရှိတဲ့ မိသားစုရဲ့ ရှားရှားပါးပါး သားရတနာလေး ဖြစ်ခဲ့တယ်..။ 

တဖြည်းဖြည်းကြီးလာတဲ့အခါ ဘယ်လောက်ရေစိမ်စိမ် ပွတက်မလာမယ့် စုန်းပြူးကလေးလို့ သူ့ကို စာသင်ပေးနေကျ အမေက ထင်လာတယ်...။ အလယ်တန်းကျောင်းမှာ ဆေးလိပ်ခိုးသောက်တာမိလို့ အရိုက်ခံရတယ်။ ပထဝီဝင်ဘာသာမှာ ကျလို့ အမေဒဏ်ပေးတဲ့အတိုင်း အိမ်ရှေ့ဧည့်ခန်းမှာ စာကို မတ်တပ်ရပ် ကျက်ရတယ်။ 

 အဖေဝယ်ပေးတဲ့ ဂျင်းဂျာကင်နဲ့ ဂျင်းဘောင်းဘီ အသစ်စက်စက်ကို အရောင်ဖြူလျော်လျော်ဖြစ်ချင် လို့ နောက်ဖေးရေတွင်းမှာ အကျအနထိုင် အကျီတစ်ထည်လုံး အုတ်နီခဲနဲ့ တိုက်ပစ်တာ အဖေပြန်သိတော့ ဦးနှောက်မရှိတဲ့ကောင်လို့ ကြိမ်းမောင်းခံရတယ်။ အထက်တန်းကျောင်းသားဘဝမှာ အရက် စ ခိုးသောက် တယ်..။ ၁၀ တန်းစာမေးပွဲဖြေကာနီး စာမကျက်ပဲ နိုင်ငံတကာရေးရာစာစောင်တွေ၊ သိုင်းဝတ္ထု အတွဲလိုက်တွေကို သဲသဲမဲမဲ ခိုးဖတ်တယ်။ ရည်းစားစာတွေ ဗလာစာမျက်နှာအပြည့်ရေးတယ်...။ အစ်မနဲ့ညီမတွေက ၁၀ တန်းကို နှစ်ချင်းပေါက် ဂုဏ်ထူးတွေနဲ့အောင်ပြီး စုန်းပြူးကလေးက ၁၀ တန်းကို ၃ နှစ်မြောက်ဖြေမှ အောင်တယ်။ အောင်မယ့်နှစ်ကလည်း စာမေးပွဲခန်းထဲ ဝင်ကာမှ ဖြေဆိုခွင့်ကတ်ပြား မေ့ကျန်ခဲ့လို့ ကျောင်းနဲ့ ၁ မိုင်နီးပါးဝေးတဲ့ အိမ်ကိုချွေးသံ ရွဲရွဲ စက်ဘီးနင်းပြန်ပြေး.. ကတ်ပြားလိုက်ရှာပြီး စာမေးပွဲပြန်သွားဖြေရတယ်..။ တက္ကသိုလ်မှာ ပထမနှစ် ကျပြီး စာပေးစာယူပြောင်းရတယ်..။ 

အရက်ပုံမှန်သောက်တတ်လာတဲ့၊ အရက်သောက်ပြီး စကားများချင်တဲ့၊ ပြဿနာရှာတတ်တဲ့သူ့ကို သူ့အဖေနဲ့ ဦးလေးတွေက အသုံးကလည်းမကျ၊ လွှင့်ပစ်လို့လည်းမရ၊ ဘယ်နားပေးနေရမှန်းလည်း မသိလို့၊ ထားစရာနေရာလည်းမရှိလို့  နတ်အိုးကွဲလို့တစ်မျိုး၊ ဗြဟ္မာကြီးဦးခေါင်း လို့ တစ်ဖုံ သူ့ရှေ့မှာပဲ ချစ်စနိုး စကြ နောက်ကြတယ်...။ ဒီလို စ နောက်ကြခြင်းဟာ စုန်းပြူးကလေးရဲ့ ရင်ထဲကို သိမ်ငယ်စိတ်ထည့်ပေးလိုက်တာမှန်း သူတို့လည်းမသိ၊စုန်းပြူးကလေး ကိုယ်တိုင်လည်း မသိခဲ့ဘူး...။

အဲဒီအချိန်က ၁၀ တန်းအောင်ရင် ဒုရဲအုပ်သင်တန်းတက်ခွင့်ရှိပေမယ့် နမော်နမဲ့စုန်းပြူးကလေးကို လက်နက်ကိုင်အဖွဲ့အစည်းထဲ သွင်းရမှာ စိတ်မချတဲ့ သူ့အဖေကြောင့် ကျောင်းဆရာ ကလေးဖြစ်သွားတယ်....။ 

စုန်းပြူးကလေးဟာ ဘာကိုမှ စောဒကမတက်ခဲ့ဘူး..။ မြို့မှာနေတုံးက ဘော်ကြော့နေခဲ့ပေမယ့်  ရွှံ့စေးကပ်ကပ် လယ်ကွင်းထဲက ကန်သင်းရိုးလမ်းပေါ်မှာ တဘိုင်းဘိုင်းလဲရင်း စက်ဘီးနင်းသွားရတဲ့  မြို့နဲ့ဝေးဝေး တောကျောင်းကလေး မှာလည်း ပျော်အောင်နေတယ်။ သူ့အဖေခိုင်းတဲ့အတိုင်း မြို့ကြီးက အထည်စတွေ၊ အဝတ်အစားတွေ ဝယ်ပြီး ရွာမှာပြန်ရောင်းတဲ့အလုပ်ကို သူလုပ်တာပဲ ...။ အကြွေးတွေအားလုံးလိုလို ပြန်တောင်းမရပဲ ဆုံးအောင်လည်း သူလုပ်ပေးခဲ့တာပဲ ..။ အိမ်မှာစုန်းပြူးကလေးပေမယ့် ရွာမှာ သူက သြဇာရှိတဲ့ ကျောင်းဆရာကလေး။ မနက်ပိုင်းကျောင်းမှာ သူ့တပည့်လေးတွေနဲ့ စာသင်ဟယ်.. အော်ဟယ်..ဟစ်ဟယ် နဲ့ သူပျော်တယ်။ ညနေကျောင်းဆင်းချိန် ရွာထိပ်က ထန်းရည်ဆိုင်မှာ သူပျော်တယ်...။

 ဒီလိုနဲ့ သူ့လို ကျောင်းဆရာမကလေး တစ်ယောက်နဲ့ အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သမီးကလေး ၂ ယောက်ပိုင်ခဲ့တယ်...။ စုန်းပြူးကလေးကို စုန်းပြူးကလေးလို့ ဆိုပေမယ့် သူ့အမေကို ကလန်ကဆန်ပြန်ပြောတတ်ပေမယ့် ဒီအချိန်ထိ သူ့အဖေနဲ့အမေ ခိုင်းသမျှ (အသေးအဖွဲကိစ္စဖြစ်ဖြစ်၊ အကြီးအမားဖြစ်ဖြစ်) သူလုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ သူလုပ်ပေးခဲ့တယ်။ မလုပ်နိုင်ဘူးလို့ ငြင်းချင်ငြင်းမယ်.. နောက်ဆုံးမှာတော့ လုပ်ပေးလိုက်တာချည်းပဲ...။

သူ့မိသားစုစားဝတ်နေရေးအတွက်လည်း ကောင်းရောင်းကောင်းဝယ် ဘယ်အလုပ်မဆို ကျရာကို မရှက်မကြောက် သူလုပ်တယ်။


စုန်းပြူးကလေးဟာ တကယ်တော့ စုန်းပြူးကလေးမဟုတ်ပါဘူး...။ သိသိသာသာမထွားကြိုင်းပေမယ့် အစေ့အောင်တဲ့ ပဲစေ့ကလေးပါ။

စုန်းပြူးကလေးဟာ နတ်အိုးကွဲလည်းမဟုတ်၊ ဗြဟ္မာကြီးဦးခေါင်းလည်း မဟုတ်ပါဘူး...။ သူကျောင်းက ကလေးတွေကို အာဘောင်အာရင်းသန်သန် စာသင်ပေးမယ့် ၊ စာမရတဲ့လူကို တုတ်တပြပြခြိမ်းခြောက်တတ်တဲ့၊ စာမေးပွဲနီးရင် အချိန်ပိုတွေ ခေါ်သင်ပေးတတ်တဲ့၊ တပည့်တွေကို ကျူရှင်ပြန်မပြတတ်တဲ့ ဆရာလေးပါ။ သူ့မိသားစုအတွက် နေရေးစားရေး ဖူလုံအောင် (ဥပဒေဘောင်ထဲက) ရှာကြံကျွေးတတ်တဲ့ ခင်ပွန်းတစ်ယောက် ၊ ဖခင်တစ်ယောက်ပါ။ သူ့သမီးတွေကို ဝေဝေဆာဆာ မဆုံးမတတ်ပေမယ့် သမီး ၁၀တန်းအောင်စာရင်းထွက်မယ့်နေ့မတိုင်ခင် ၂ ရက်လောက်ကတည်းက အိပ်မပျော် စားမဝင်ဖြစ်တတ်သူ၊ စိတ်ပူတတ်သူပါ။

 စုန်းပြူးကလေး ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ပြည့်ပြည့်စုံစုံနဲ့ အသက်ရှည်ရှည် နေရပါစေ...။

ငါတို့အားလုံး မင်းကို ချစ်ကြပါတယ်.....။


9 comments:

Thandar Lwin said...

စင်စင့် ဖေဖေလား။
ဆုတောင်းလေး ကြိုက်လို့ အဲဒီအတိုင်းဘဲ ဆုတောင်းပေးခဲ့ပါတယ် ။
ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ပြည့်ပြည့်စုံစုံနဲ့ အသက်ရှည်ရှည် နေရပါစေ...။

Anonymous said...

စုန်းပြူးကလေး က နောက်တော့ မြို့နယ်ပညာရေးမှူးကြီး ဖြစ်သွားတယ်ပေါ့
Min

NSA said...

အဖေက အသက် ၈၀ ရှိပြီဆိုတော့ ဂျင်းဂျာကင်၊ ဂျင်းဘောင်းဘီခေတ်မဟုတ်ဘူး..၊ ဘန်ကောက်ပုဆိုးနဲ့ စိန်ကြယ်သီးခေတ်...... :D

mstint said...

အချိန်အခါ နေရာဒေသနဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး လူတိုင်းဟာ ပြောင်းလဲမှုရှိတတ်တယ် စင်စင်ရေ။ အသုံးမဝင်ဘူးလို့ ထင်ထားသူတစ်ယောက် တစ်ချိန်မှာ အားလုံးထက်တန်ဖိုးရှိသူတစ်ဦး ဖြစ်သွားနိုင်တာပါပဲ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

JuneOne said...

အဲလောက်နဲ့စုန်းပြူးခေါ်ပါနဲ့အေ။တို့အိမ်မှာ တကယ့် စုန်းပြူး မောင်လေး၇ှိတယ်။

စုချစ် said...

ဟယ်.... စင်စင် ဘလော့ကို ခုမှ သိတယ်.... လာလည်သွားတယ်နော်... စာတွေ ဖတ်လိုက်အုံးမယ်... ချမ်းမြေ့ပါစေ...း) စုချစ်

Anonymous said...

မွှားသွားတယ် sorry ပါ စင်စင် and စင်စင် ဖေဖေ

Min

NSA said...

ကိစ္စမရှိပါဘူး... လာဖတ်၊ လာအားပေးတာပဲ ကျေးဇူးတင်လှပြီ ... :))

လရိပ်အိမ် said...

စုန်းပြူးကလေး ဆိုတာဘယ်သူလဲဟင်။ မသိလို့မေးတား)