Thursday, September 27, 2012

ဖန်ကတုံး update

သမီးလေး ၁၈ လ မှာ တစ်ခါဖျားတယ်..။ ဖျားပြီးတာနဲ့ သမီးကို အမေ ကတုံးတုံးပေးလိုက်တယ်..။ ဆံပင်လေးလည်း ရှည်လာတော့ ရာသီဥတုကပူ၊ သမီးက အငြိမ်မနေ အဆော့မက်တာနဲ့ ဆံပင်တွေထဲ ချွေးတွေ ဝပ်ပြီး အအေးပတ် နှာစေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။ ကွန်ပလိန့် မတက်တတ်သေးတဲ့ သမီးလေးခမျာ အမေလုပ်ပေးသမျှ ငြိမ်ခံရရှာတာပါပဲ ..။

သမီးလေးက ဒီလိုပါးစပ်စေ့ပြီး ပြုံးပြုံးကြီးလုပ်နေရင် အမေချစ်လွန်းလို့ ဖက်နမ်းချင်တယ်။ တခါတလေ ပါးစပ်စေ့ပြီး ဟင်းဟင်းဟင်း လို့ အသံထွက်အောင် ရယ်သေးတာ..။


 သမီးဆံပင်ညှပ်နေကျ အန်ကယ်မလေးရှားကြီး ဆိုင်မှာ စက်ကပ်ကြေးနဲ့ ကတုံးဆံပင်ပေါက် ( အိုဘားမားကေ ပေါ့ သမီးရယ်) ညှပ်ခဲ့ပြီး အိမ်ရောက်မှ အမေက ဂျုပ်နဲ့ သမီးခေါင်းကို အပြောင် သိမ်းပစ်လိုက်တာ..။ သမီးက အမေ့ရင်ခွင်ထဲမှာ ဖုန်းနဲ့ ဆော့နေရတော့ ကတုံးပဲတုံးတုံး၊ လေးကွက်ကျားပဲ ရိပ်ရိပ် ၊ ဒုန့်ကဲပဲ.. :) ။ 

သမီး သိတတ်တဲ့အရွယ်မှာ ကတုံးပြောင်လက်နေအောင် မတုံးဖြစ်တာ ကြာပြီမို့လို့  ကတုံး တုံးပြီးကာစ မှန်ပြတော့ သမီးအံ့သြနေတယ်။ ကိုယ့်ခေါင်းကိုယ် လက်ကလေးနဲ့ ကိုင်ကြည့်နေတယ်။

သမီးရဲ့ ဖေဖေက သမီးကို ဆံပင်ရှည်လေးထားစေချင်တာ..။ မေမေရော၊ ဘဂျီးရောက ကတုံးမဲ များနေတော့ သူ လျှော့ပေးလိုက်ရတယ်။ 

ကတုံးတုံးပြီး ထူးခြားချက်ကတော့ နေ့လည်ခင်းတရေးကို သမီး အကြာကြီးအိပ်တယ်။ ၄ နာရီ ၅ နာရီလောက်ကြာအောင် အိပ်တယ်။ ကြားမှာ နိုးလာလို့ မေမေက ပြန်ချော့သိပ်လိုက်ရင် ပြန်အိပ်သွားတတ် တယ်။ အရင်က နေ့လည် နေ့ခင်း ၁ နာရီ၊ ၂ နာရီပဲ အိပ်တာ..။ 

ညာဘက်အောက်ထောင့်ပုံက သမီးလေး အမေ့ကို စ နေတာ။ သမီးအဲလို မျက်မှောင်ကုပ်လိုက်ရင် မျက်နှာလေးက တအားရယ်စရာကောင်းလွန်းလို့ အမေ မရယ်ပဲ မနေနိုင်၊ သမီးကလည်း ဒါပဲ ခဏခဏ လုပ်ပြနေတော့တာ..။

ရေချိုးရင်တော့ အမေက ကတုံးပေါ် (မျက်စိထဲ ရေမဝင်အောင်) နောက်ဘက်က ရေလောင်းရင် သမီး အာခြစ်ပြီး အော်ငိုရပြီ။ ခါတိုင်း ရေချိုးရင် ဆော့လိုက်၊ ရယ်လိုက်၊ တော်တော်နဲ့ ရေဇလုံထဲက မထွက်ချင်တဲ့ သမီးလေး.. ခုတော့ အာပြဲနဲ့ အော်ငို၊ အမေ့ကို အတင်းကုပ်ကတ် ဖက်တက် လုပ်ရပြီ၊ ရေချိုးပြီးရင်တော့ ကတုံးကလည်း အပူတွေထွက်၊ အော်ငိုရတာလည်း မောပြီး သမီး နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားတော့ တာပဲ။

သမီးကိုယ်တိုင်ရိုက်ထားတဲ့ ဓာတ်ပုံလေးကို ဘလော့မှာ အမှတ်တရ သိမ်းထားတာ။ ဒီပုံကို ခပ်လှမ်းလှမ်းကကြည့်ပြီး ဗလီလို့ ထင်တဲ့သူနဲ့၊ သစ်သီးလို့ ထင်တဲ့သူနဲ့ ....းP

မိဘကူ... အမေတံမြက်စည်းလှည်းတာကြည့်ပြီး လိုက်လုပ်ချင်တာ။ တံမြက်စည်းရိုးထိပ်က သမီး ခေါင်းပြောင်ပြောင်နဲ့ တိုင်းဖြတ်ထားသည့်အလား ကွက်တိ ဖြစ်နေတော့ သမီးကတုံးပြောင်ပြောင်ကို ဒေါင်ကနဲ ခေါက်မိမှာစိုးလို့ ။

 သမီးလေးက ဖုန်းနဲ့ iPad ကို တအားဆော့လွန်းလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်စိပျက်စီးမှာစိုးလို့  သမီးကို လုံးဝ မမြင်အောင်ဖွက်ထားပြီး ပေးမဆော့တော့တာ ဒီနေ့ဆို (၃) ရက်မြောက်နေ့ပေါ့။ သမီးအိပ်ပျော်သွားမှ၊ သမီး မျက်ကွယ်ရာမှ အဖေနဲ့ အမေလည်းသုံးတယ်။ မျက်စိရှေ့ မမြင်တော့လည်း သမီးလေး နေနိုင်ပါတယ်။ ရှိတဲ့ ကစားစရာတွေနဲ့ တစ်ခုပြီး တစ်ခု ကစားနေတာပဲ ။

ပုံပြင်စာအုပ် အရုပ်ကြည့်
သမီး နေ့လည် ၂ နာရီကစ တရေးအိပ်လိုက်တာ ည ၇ နာရီမှာ နိုးလာတယ်။ အမေ အဆင်သင့်နွှေးထားတဲ့ ကြက်သား ခေါက်ဆွဲစွပ်ပြုတ်စားအပြီး သမီးကို အိမ်ရှေ့မှာ ကစားခိုင်း၊ အမေက မီးဖိုထဲ သိမ်းဆည်းတယ်။ သမီး ငြိမ်နေလို့ ဘာလုပ်နေလဲ လာချောင်းကြည့်ပြီး ဓာတ်ပုံခိုးရိုက်ထားတာ..။ ဆိုဖာပေါ်တက်ထိုင်ပြီး ဖွင့်ထားတဲ့ ကလေးသီချင်းခွေ ကြည့်တယ်။ တခါတလေ အထဲက အတိုင်း လိုက် က တယ်။ ပုံပြင်စာအုပ်လေး ဖတ်လိုက်၊ စာအုပ်က မျက်စိလွဲပြီး တီဗီကိုကြည့်လိုက် ၊

စာဖတ်ရတာပျင်းလာရင် တီဗီကို တချက် တချက် လှမ်းရှိုး
 သမီးရဲ့ Play yard မှာ ကပ်ခွာရုပ်ကလေးတွေလည်း ကပ်တယ်။ သီချင်းသံထွက်တဲ့ ကစားစရာလေး ၃ ခုကို တလည့်စီ နှိပ်နေတာ၊ သမီး မြင်းစီး၊ နွားစီး၊ ကားစီးနေတဲ့ ပုံတွေတော့ သမီး မလစ်လို့ အမေ မှတ်တမ်း မတင်လိုက်ရဘူး ...းD

yo..yo...

အလယ်က အစိမ်းရောင် ရာဘာပြားအထပ်က အိပ်ရာလေး ပတ်ပတ်လည်အုတ်နံရံကို သမီးဆောင့်မိမှာစိုးလို့ ကာထားတာတွေ၊ သမီးလည်း ကြီးပြီမို့ ခွာပြီး လျှော်ထားပြီး စတိုထဲ မသိမ်းရသေးတာ..၊ ဒါ့ပုံထဲ ပါနေတယ်


နောက်တစ်ခုက သမီး အစားကို သိသိသာသာ စားလာတယ်။ သမီးရဲ့စံချိန်နဲ့ကြည့်ရင်ပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် အဖေနဲ့ အမေမှာ ဝမ်းသာရတာပါပဲ။ ဒီ ၁ ရက် ၂ ရက်မှာ သမီးလေး အိပ်ရေး ဝဝ အိပ်တာရယ်၊ စားတာရယ်နဲ့ မျက်နှာလေးတောင် ပြည့်လာသလို အဖေနဲ့ အမေက ထင်မိသေးတယ်။ 

သမီးခုတလော စားနေတာက 

သမီးလေး တကယ်စားတာက ခေါက်ဆွဲဖတ်နဲ့ အရည်ပါပဲ။

တောကြက်သား ၁ တုံး ၂ တုံး၊ ဆန်လက်တစ်ဆုတ်နီးပါး နဲ့ မုန်လာဥနီ လက် ၃ သုံးလုံးလောက်ကို ပါးပါးလှီးထားတာ ကို ကြက်သွန်ဖြူ ၂ မွှာ၊ ဆား နဲ့ ရောပြုတ်၊ ဆူလာရင် ဈေးမှာရောင်းတဲ့ ဖက်ထုပ်ကလေး၊ ဂဏန်းချောင်းလေး၊ ပဲပြားအဆာသွပ်လေး...စသဖြင့် ၄-၅ မျိုးလောက်ထည့်၊ ခေါက်ဆွဲခြောက် တစ်ဖဲ့ စာလောက်ထည့်၊ အဲဒီ ဟင်းရည်ကို သမီး ကြိုက်တယ်။ ခေါက်ဆွဲဖတ် တွေကို အားရပါးရစားတယ်.. ဟင်းရည်လည်း သောက်တယ်။ 

အိုဗာတင်းအဖြူနဲ့ ပေါင်မုန့်ကိုလည်း ရိုးရာမပျက် နည်းနည်း စားပါတယ် ။ နောက် ကွေကာအုပ်နဲ့ နွားနို့ ရောဖျော်တာကျွေးကြည့်တော့ သမီးစားတယ်။ အဲဒါကတော့  ဂျုံမှုန့် နှဲနေတဲ့ ကြီးကြီးပေါက် ရဲ့ FB မှာ အမေမြင်လို့ သမီးကို ကျွေးကြည့်တာ၊  သူ့ကို ကျေးဇူးတင်ရမယ် သမီးရေ ..း)။ 


သမီးကို ထမင်းဘယ်လိုကျွေးရတယ်ဆိုတဲ့အကြောင်း Face Book မှာ  အပျိုကြီးတွေကို သွားပြီး ဆရာကြီး လုပ်ထားတာ.....းD
  • ဝက်ရုပ်လေးကို သူစိတ်ဝင်စားအောင် ဝယ်လာ ထည့်ပေးထားတာ.. ဝက်ဝံလေးလဲ ရှိတယ်..တကယ်တော့ အရသာ မရှိလှဘူး...။ ခုပဲ စားပြီးတယ်..အဲဒီပန်းကန်ထဲက အရည် အကုန်နဲ့ ခေါက်ဆွဲ တဝက်လောက် ကုန်တယ်...

  •  အရည်တိုက်ရင် ဆန်ဖတ် ဘယ်လောက် နူးနေနေ လုံးဝ မပါအောင် သတိထားရတယ်...။ အဲဒါ ပါတာနဲ့ ထွေးထုတ်ပြီး နောက်အလုတ်တွေ မစားတော့ဘူး

  •  ကလေး အစားကျွေးလျှင် မည်မျှမာနကြီးခဲ့သော မိန်းမ ဖြစ်ခဲ့ပါစေ..၊ မင်းကုသထုံး နှလုံးမူရမည်သာဖြစ်သည်။
    ၁ ခါငြင်းသော် နောက်မဆုတ်ပါနှင့်၊ ၂ ခါငြင်းလည်း အားမလျှော့နှင့်၊ ၃ ခါငြင်းခံရလည်း စိတ်မပျက်နှင့်။ ၄ခါမြောက်အလုတ်တွင် ပါးစပ် ဟ ပေးလျှင် ဟ ပေးမည်ဖြစ်သည်။။ ၄ ခါမြောက် အဆင်မပြေလျှင် ၈ ကြိမ် ၉ ကြိမ်တိုင် ကြိုးစားရမည် စိတ်ရှည်ရမည်ဖြစ်သည်။

     ဆက်တိုက်ငြင်းနေလျှင် သူ စိတ်ပြောင်းအောင် ဟိုပြော ဒီပြော၊ဟိုလုပ် ဒီလုပ်လုပ်၊ ကစားစရာပေး...၊ အလစ်မှာ ၁ လုတ် ခွံ့လိုက် လုပ်ပါ။
    ဘုရား၊ ဘုရား 
    ( တစ်ယောက်က ဘုရား တ သဖြင့် " ငါခြိမ်းခြောက်တာ လွန်သွားပြီ၊ သူ အပျိုကြီး ဖြစ်ခဲ့လျှင် (သို့) လုပ်ခဲ့လျှင် ငါ့ပယောဂမကင်းဖြစ်တော့မည်" စိုးသဖြင့်.. တခြားကလေးတွေ အစာကျွေးရ မခက်ကြောင်း ပြန် လျှောချလိုက်ရသေးသည်။  )


  • သိပ်ကြောက်သွားသလား.. မမြဝင်း..... ဗိုလ်အောင်ဒင် တံခါးပိတ်တာက ဧည့်စာရင်း လာစစ်မှာစိုးလို့ပါ.... ညှင်းညှင်း။
    ဒါက မယ်မှုံ ဖြစ်နေတာကိုး.... Rain ဆို ၃ နာရီ ၁ ခါ အစားတောင်းတယ်တဲ့...။ ဟေမာ ကတော့ ဘုရား ဆွမ်းတော်တင်တဲ့ အစားတွေ ယူ တုပ်တယ် ဆိုပဲ... ...
     ဂျိန်းစဘွန်းကား ကြည့်ရသလို အင်ဒီယားနားဂျုံးကား ကြည့်ရသလိုတွေပါလား ။ trick တွေ အများကြီးသုံးရတာ ။
Face Book ကပုံတွေ စာသားတွေနဲ့ လူလည်ကျပြီး တစ်ပုဒ်တင်လိုက်တာ...အဟဲ ..။

10 comments:

မြူးမြူး said...

သားသားကို အစားကျွေးမရလို့ ငိုတောင်ငိုခဲ့ဖူးတယ်.. မှုံလေးကမှတော်သေးတယ်.. သားသားတုန်းက အဲ့လောက်တောင်ကျွေးမရဘူး.. ကလေးထိန်းနဲ့ဆိုရင်စားတယ်.. အမေနဲ့နေတဲ့နေ့ဆို ဘာမှကိုမစားတာ.. သူ့ကို ကလေးထိန်းက ထမင်းကျွေးနေရင် အမေက ပုန်းပြီး ချောင်းကြည့်ရတယ်..

mstint said...

မိခင်တို့ရဲ့မေတ္တာကို မီးမောင်းထိုးပြစရာမလိုအောင် သီကုံးသွားလိုက်တာ တီတင့်ရဲ့သားတွေငယ်စဉ်ကာလ အတိတ်ပုံရိပ်လေးတွေပြန်သတိရသွားတယ်။
ဖန်ကတုံးလေးဖြစ်သွားတော့ အပူတွေစင်သွားတာကြောင့် အိပ်ရေးဝဝအိပ်နိုင်ပြီး အိပ်ရေးဝတော့ အစားအသောက် စားလာနိုင်တာဖြစ်မယ်။
ရေခေါင်းလောင်းချိုးတာကို ငိုတယ်ဆိုတာက အရင်လိုကြားခံမရှိပဲ တိုက်ရိုက်ရေရဲ့ ထိတွေ့မှုကို မခံစားနိုင်လို့ဖြစ်မယ် ထင်တယ်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Rita said...

ရီရတဲ့ မှုံမှုံ။ အဲလိုတစ်ယောက်တည်း ကစားနေတာမြင်ရတော့လည်း အဖော်လေးရှိစေချင်သား။

Anonymous said...

အိမ်ကသားတွေကစားသလားမမေးနဲ့

Anonymous said...

တစ်ယောက်ထဲလေး ကစားနေတာ ချစ်စရာ သနားစရာ ဒါပေမယ့် ဖုန်းနဲ့ အိုင်ပက် တော့ အစ ပြန်မလုပ်ပါနဲ့လေ... မျက်စိပျက်မှာ စိုးလို့ပါး)


ချစ်တဲ့

တီတီနောင့်

လရိပ်အိမ် said...

ဖန်ကတုံး အက်ဒိတ် ဆိုတော့ ဘာများလဲလို့။ သမီးလေးဖြစ်နေတာကိုး။
သမီးလေးကချစ်စရာလေး။ အိုင်ပတ်ကစားတယ်ဆိုတော့ အတော်ညဏ်သွက်မဲ့ပုံဘဲ။
မျတ်မှောင်ကြုတ်တဲ့ပုံလေးကြိုက်တယ်။

JuneOne said...

မမစင်မောင်းကြီး နဲ့ အိမ်ကလူနဲ့ပြောင်းပြန်။အိမ်ကလူက တုံးမယ် တုံးမယ် အလကားနေ ဂတုံး တုံးမယ်လုပ်လို့ ဆွဲထားလို့မေ အခုဆံပင် နဲ့ မြင်နေရတာ။

Anonymous said...

ဆံပင်လေးနဲ့လှတာကို..ဘာလို့တုံးတာလဲ..။ ..ငါက မောင်ကြီးဘက်က..
mm

Lorem Ipsum said...

ဘယ်လောက်မာနကြီးတဲ့မိန်းမဖြစ်ဖြစ် မင်းကုသထုံးကိုနှလုံးမူရတယ်တဲ့..ဒီအမေနဲ့ဒီသမီးလိုက်မှလိုက်

hsumyat :P

Anonymous said...

သူငယ်ချင်းအိမ်သွားလည်တော့ သူ့ကလေးထမင်းကျွေးတာမြင်ဘူးတယ် အမစင်စင် ပြောသလိုဘဲ ဘေးကကြည့်တဲ့လူတောင်စိတ်မရှည်ဘူး