Friday, November 23, 2012

မှုံမှုံ.. လ ၂၀

နိုဝင်ဘာလ (၁၈) ရက်နေ့က သမီးလေး လ (၂၀ ) ပြည့်ပြီးပြီ..။ 

သမီးနှင့် ဘောလုံး.. ။   ။ ဘောလုံးအလွန်ကြိုက်သည်။ အပြင်ထွက်တိုင်း ဘောလုံးဝယ်ခိုင်းသည် (ဝယ်ခိုင်းပုံမှာ ချီထားရာမှ တွန့်လိမ်ကာ ဘောလုံးဆိုင်ဘက် ကိုယ်ကို ကိုင်းရင်း အင်..အင် ဟု ပြောခြင်းဖြစ်သည်။ စကားရော ဖောရော (စပါးရော၊ ဖွဲရော) ဖြင့် ဝယ်မပေးပဲ ဆက်သွားသော် ဆိုင်ဘက်ကို လှည့်ကြည့် ၊ လှည့်ကြည့် ၊ ကိုယ်လုံးကို ကိုင်းနိုင်သလောက် ကိုင်းကြည့် ၊ သမင်လည်ပြန်တွေ ဒရယ်လည်ပြန်တွေ  လွမ်းတသသ ကြည့်လေရာ စိတ်မခိုင်သော အမေဖြစ်သူမှာ ဝယ်ပေးရင်း ဝယ်ပေးရင်း အရောင်စုံ၊ ဆိုဒ်စုံ ဘောလုံးပေါင်းများစွာဖြင့်  ဘောလုံးအိမ် ဖြစ်နေတော့သည်။ အမေဖြစ်သူမှာ တစ်နေ့ တစ်နေ့ လုပ်ပေးလိုက်ရသည့် ပူဖောင်းများ မနည်းလှချေ.. ရွာမှာလို ပါးစပ်နဲ့ မှုတ်ပေးရမှ ဖြင့် အားပြတ်ပြီးလဲမှာပဲ။ ဒီမှာ လေထိုးတံ အသေးစားလေးနဲ့ ထိုးပေးလို့ ရနေတာ တော်သေး တာ။ လေထိုးတံနဲ့တောင် ဟောဟဲ လိုက်အောင် လုပ်ပေးရတာဖြစ်သည်။ ပူဖောင်းကို ပုတ်ကာ ပုတ်ကာ ကစားရင်း ပျော်နေတာ မြင်ရပြန်တော့ အမောတွေ ပြေသွားတာ တကယ်ပါပဲ ..။ ဘောလုံးကိုတော့ သူကလေးက ပုတ်မကစားတတ်သေး..။ ပူဖောင်းက ဖောင်းကနဲ ပေါက်သော် သူ့အမေက ဘုရားရော၊ အမေရော မျိုးစုံ တ ပြီး လန့်ဖျပ်သွားတတ်ကာ ကလေးက အိနြေတောင်မပျက်ပေ။
လက်နက်များ

အိမ်နားမှာ ဘောလုံးဆိုင်ပေါ၍ တစ်လုံးကို ၂ ကျပ် ၃ ကျပ်နှင့်ရသော်လည်း မြို့ထဲက ရှော့ပင်းမောလ် များမှာ ဘောလုံးရှားလှသည်။ ပင်နီဆူလာမှာ ချိတ်ထားသော  ခြင်းလုံးများကို ပူဆာ၍ မေးကြည့်ရာ တစ်လုံး ၁၅ ကျပ်ဟု ဆိုသဖြင့် ဟိုပြော ဒီပြောနှင့် ကလေးကို အသာ မ လာရဖူးသည်။ အင်းလေးမှာ ချစ်သောသူများနှင်း တစ်ခါ ညစာစားရာ ဆိုင်နံရံမှာ အလှချိတ်ထားသော ပူဖောင်းများကို ပူဆာသည်။ မရသော် စိတ်ညစ်ရလောက်အောင် ဂျီကျတော့သည်။ မနေနိုင်သော အဒေါ်သေးသေးလေးက ဆိုင်ရှင်ဆီမှာ တောင်းပေးသော် တိပ်ကပ်ထားသော ဘောလုံးအပေါက်တစ်ခု ရမည်ဟု ဆိုသည်။ တိပ်ကို ခွာလျှင် ဘောလုံးရှုးသွားမည်ဟုလည်း သတိပေးသည်။
ဆိုင်တွင်ထိုင်ပြီးသည်နှင့် စားစရာမမှာရသေးခင် ကလေးပါလျှင် ဆိုင်အမည်ရေးထားသော ပူဖောင်းများမှုတ်ပေးပြီး အသင့်ကိုင်နိုင်ရန် တုတ်တံလေးတွင် ချည်ပေး၊ တခါတရံ ပူဖောင်းအရုပ်လေးများလုပ်ပြီး (မတောင်းရပဲ ) လာပေးသော ဆိုင်များကို သတိရမိသော်လည်း.. လတ်တလောဂျီကျရပ်သွားသည့်အတွက် တိပ်ဖာပူဖောင်းပေးသော အင်းလေး ကစ်ချင်းဆိုင် ကို ကျေးဇူးတင်ရပါသည်။

မျက်နှာကျက်မှာ ချိတ်ထားသော တရုတ်မီးပုံး နီနီများကို လက်ညှိုးထိုးပြီး ပူဆာချင် ပူဆာသည်။ ကလေး တစ်ယောက်ယောက် ပူဖောင်းကိုင်လာတာ မြင်သော် လှမ်းတောင်းသည်။ သိသိ၊ မသိသိ၊ လှမ်းရန်လုပ်သည်။ ထို့နောက် ချော့မရတော့အောင် ငိုပွဲဆင်တော့သည်။ ဘယ်က ဝယ်ပေးရမှန်းမသိ အလွန်ပင် စိတ်ညစ်ရသည်။ ထို့နောက် ခပ်ဝေးဝေး (မြို့ထဲ ) သွားလျှင် ပူပေါင်းထုပ်နှင့် လေထိုးတံကို မပါ မဖြစ်သယ်ရသည်။ ကုန်နေလျှင် ဝင်ဝယ်သည်။ ကလေးအဖေက ပူဖောင်းထိပ်မှာ ကိုင်စရာအနေနှင့် ချည်ပေးရန် အပ်ချည်ကြိုးပါ ထည့်သယ်ရန်အကြံပေးသည်ကို မထည့်ရသေး..။ စာရေးရင်းသတိတရ ထည့်လိုက်ပါသည်။ 
ရထားပေါ်မှာ အမေလေထိုးပေးထားတဲ့ ပူဖောင်းကို ပိုက်ပြီး ကျေနပ်နေတာ။
အပြင်ထွက်ရင် သူမပါမဖြစ်

ကြီးကြီး၊ သေးသေး၊ ဘောလုံးဖြစ်ဖို့အဓိက

ကိုင်ပေါက်လိုက်ရင် မီးလင်းတဲ့ ဘောလုံးလေး . ဘယ်လို ပြန်ကောက်ရပါ့...။


စကားပြောပြီလား ။     ။  မကြာ မကြာ အမေးခံရသော မေးခွန်းဖြစ်သည်။ သမီးသည်.. ဘလစ်ဘလစ် ပြောလိုက် တဟေးဟေး ရယ်လိုက် တစ်ယောက်တည်း လုပ်သည်။ ဖုန်းကို နားနားကပ်ရင်း လုပ်သည်။ မှန်ကြည့်ရင်း လုပ်သည်။

ကလေး (ကျားကျား၊ မမ၊ သူ့ထက် ကြီးကြီး ၊ငယ်ငယ်)  တွေ့လျှင် ကော်ကော် ဟု လိုက်ခေါ်သည်။ စားရာကို မံမံ ဟုပြောသည်။ မေမေဘယ်မှာလဲ၊ ဖေဖေ ဘယ်မှာလဲ ၊ မီးမီးဘယ်မှာလဲ မေးလျှင် ရင်ဘတ်တွေကို ဖွဖွလေး ပုတ်ပြတတ်သည်။ ဖေဖေ ဟု သင်လျှင် ပါပါး ဟု ပြောသည်။ သူ့ဘာသာ မခေါ်တတ်သေး၊ အခုရက်ပိုင်းမှာ မေမေ ဟု သင်လျှင် မီမီ လိုလို ၊ မယ်မယ် လိုလို ပြောသည်။ ကော်ကော်နှင့် မံမံလို သူ့ဘာသာသူ မပြောတတ်၊ ရှေ့က တိုင်ပေးမှသာ လိုက်ပြောခြင်းဖြစ်သည်။တစ်နေ့က အမေလုပ်သူဆီ ပြေးလာပြီး မီမီ ဟု ခေါ်လေရာ .. သူ့အမေက ဝမ်းခေါင်းသံကြီးနှင့် .."ဟယ်.. ငါ့သမီးလေး ငါ့ကို မေမေလို့ လာခေါ်တယ်.. ဝမ်းသာလိုက်ထှာာာာာာ " ဟု ပြောလည်းပြော ၊ ကလေးကိုလည်း ပွေ့ဖက် နမ်းရှုံ့လေရာ စိတ်ရှုပ်သွားပုံရသော ကလေးဆီမှ မီမီသံ ထပ်မကြားရတော့ပေ။ ၂ ရက်မြောက်သော ဒီနေ့တွင်တော့ ရှေ့က တိုင်ပေးလျှင် မီမီ လိုက်ခေါ် ပြန်ပြီ ဖြစ်သည် (တော်ပေသေး၏။) ။ ဘဘ ၊ မမ တို့ကိုတော့ ရှေ့က တစ်ခွန်း တိုင်ပေးလျှင် နောက်ကနေ မပြီးနိုင် ၊ မစီးနိုင် အပ်ကြောင်းထပ်နေ တတ်သည်။ 



မှန်ကြိုက်မလေး ။    ။  သမီးသည် ကိုယ့်မျက်နှာကိုယ် ပြန်မြင်ရခြင်းကို အလွန်ဝမ်းသာသည်။ iPad က Front camera ဖွင့်ထားလျှင် မှန်လို သူ့ကိုယ်သူ ပြန်မြင်ရရာ အိုင်ပက်နှင့် ကစားခွင့်ရတိုင်း ဒါပဲ ဖွင့်ကြည့်သည်။ သနပ်ခါးကို ငြိမ်ငြိမ်အလူးမခံလျှင်၊ ထမင်းကောင်းကောင်း ကျွေးမရလျှင် ၊ ငိုပွဲဆင်နေလျှင် "မှန်" သည် ဖြေဆေးဖြစ်သည်။ အိမ်မှာရှိသော မှန်များမှာ လူကြီး အရပ်နှင့်မှသာမြင်ရရာ တစ်ယောက်ယောက်က မှန်ကို ဖြုတ်မပေးလျှင် သူ မကြည့်ရ။ ထိုအခါ ရေခဲသေတ္တာရှေ့သွားရပ်က တံခါးမှာပေါ်နေသော သူ့ပုံရိပ်သူ ရှုမဝ ဖြစ်သည်။ အဖေနှင့် အမေသည် သူတို့ သမီး ခင်ကြေးမုံအတွက် ကလေးအရပ်လောက် ရှိသော မှန်ကြီးတစ်ချပ်ကို တကူးတက သွားဝယ်ကာ နံရံကိုမှီထောင် ထားပြီး လဲမကျအောင် စီမံထားလိုက်ရာ သူကလေးသည် မှန်ရှေ့မှ မခွာတော့ပေ။ ဘာပဲ လုပ်လုပ် မှန်ရှေ့မှာသာ လုပ်သည်။ 

ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရတာ သဘောအကျဆုံးပဲ :D


 အဖေချစ်၊ အမေကပ် ။    ။ ဆွေဝေး မျိုးဝေး နေရာမှာနေရကာ၊ အဖေနှင့် အမေသာ ဆွေမျိုးရင်းရှိရှာသော သမီးလေးသည်၊ အဖေ အလုပ်သွားလျှင် ငယ်ငယ်ကလို ဘာသိဘာသာမနေ ၊ ဝမ်းပန်းတနည်း ငိုသည်။ သူ့အဖေ အဝတ်လဲ ပြင်ဆင်နေကတည်းက ရိပ်မိကာ သူ့ကို ချီခိုင်းထားနှင့်ပြီးဖြစ်သည်။ တစ်နေရာရာသွားလို့ အဖေ သို့မဟုတ် အမေ တစ်ယောက်ယောက်က အိမ်သာခဏသွားသည်ဖြစ်ဖြစ်၊ ပိုက်ဆံထုတ်စက်ဆီ ခဏသွားသည်ဖြစ်ဖြစ် သေချာလိုက်ကြည့်ကာ မျက်စိမျက်နှာပျက်လျှက် ငိုသည်။ အပြင်ခဏလေး သွားတယ်။ ခဏလေးနေပြန်လာမယ် ဟု ရှင်းပြလျှင် ငိုမဲ့မဲ့နှင့် ငြိမ်သွားသည်။ ထွက်သွားသူ ပြန်ရောက်မှ မူလအတိုင်း ပြန်ဖြစ်သည်။ 
အမေကို အလွန့်အလွန်ကပ်သည်။ မနက်ဆို ကိုယ့်ဘာသာ ကစားနေရာမှ သတိရလျှင် မီးဖိုထဲက အမေ့ဆီပြေးချလာသည်။ နောက်ကနေ ခြေထောက်ကို သိုင်းဖက်သည်။ ခြေထောက်ကြားထဲ အတင်းတိုးဝင်သည်။ ထမီစ ဆွဲ၍  တကောက်ကောက်လိုက်သည်။   ခဏ နေလို့မှ မချီလျှင် မျက်နှာ တဖြည်းဖြည်းမဲ့လာ၊ အသံတိုးတိုးလေးနှင့် ရှိုက်ငို၊ အသံတဖြည်းဖြည်း ကျယ်လာ ၊ အာဗြဲနှင့် အော်ဟစ် လူးလိမ့်ငို စသည်တို့ကို step by step ဆောင်ရွက်သွားမည် ဖြစ်သည်။ 


မစိတ်ကောက် ။    ။ တစ်ခါက ရေးခဲ့ဖူးသလို သမီးသည် အလွန် စိတ်ကောက်သန်သည်။  အခု ကြီးမှ ပိုကောက်နေသလိုပဲ၊ နည်းနည်းမှ အပြောမခံချေ။ မလုပ်ရဘူးလေ ဆိုသည်နှင့် (တားမြစ်သည့် စကားလုံး .. မ - သံ ပါသည်နှင့်)  မျက်ရည် ချက်ချင်းထွက်၊ ပစ်လှဲချ၊ ခေါင်းနှင့် ကြမ်းပြင်ဆောင့်တွေ လုပ်တော့သည်။ တခါတလေ မသိချင်ယောင်ဆောင်နေရ၍ တခါတရံတော့ ပွေ့ဖက် ချော့မော့ ရပါသည်။ မေ့တေ့တေ့ ဖြစ်နေသည့် ဒေါသူပုန် ထ တတ်သည့် ကလေးငယ် ဟု ခေါင်းစဉ်တပ်ထား သည့် ဆောင်းပါးကို ပြန်ရှာဖတ်ရပါဦးမည်။



9 comments:

သက်ဝေ said...

ဘုရားရေ... ဒီလောက် ဘောလုံးကြိုက်တတ်တဲ့ သမီးမှုံဆီက ဘောလုံး ပန်းရောင်တလုံး ယူထားမိတဲ့ အန်တီသက်ဝေကို သမီးမှုံလေး ဘယ်တော့မှ ခွင့် မ လွှတ် ပါ နဲ့ တော့... ဟော့... ဟော့... ဟော့...

rose of sharon said...

ချစ်စရာကောင်းလိုက်တဲ့မှုံလေး... မှုံလေးမှန်ကြိုက်တာ အမေနဲ့တူတာလား :P (ချစ်လို့"စ"သည် )

Thandar Lwin said...

ဟယ်တော် အတူတူဘဲ ဟေမာလဲ ဘောလုံးသိပ်ကြိုက်တာ ။ တွေ့ရင် မရဘူး ဘဲ .အရင်တခါ အိစ်ကုတ်သွားတော့ သူများမွေးနေ့ လုပ်ေနတြ့ ဘောလုံးကို ဘယ်လိုချော့ချော့မရဘူးတော့ ဇွတ်ဘဲ ..မှန်ကြိုက်တာလဲ တူတယ် ။ အဲ သူ့ကိုယ်သူတော့ အနာခံ ဆောင့်တာ မတွေ့ဖူးသေးဘူး ။

NSA said...

- ဘောလုံးက အန်တီသက်ဝေ ကစားရအောင် လက်ဆောင်ပေးခဲ့တာပါ.. ပုံ မှုံမှုံ :P
- အစ်မ နော်ဖော..ဟီး.. ဟုတ်တယ်... ကလေး အမေက ကလေးကို မှန်ပြသလိုလိုနဲ့  သူချည်း ကြည့်နေတာ :D
- မယ်သံ .. ဒီအရွယ် ကလေးလေးတွေ ၊ အကြိုက်တူတာ ဖြစ်မယ်နော်။

မေ၁၁ said...

သားသားနဲ့ရွယ်တူပဲ၊ သားက Feb 28 ဆိုတော့ ၁၈ ရက်ကြီးတာပေါ့။ သူကတော့ငယ်ကတည်းက မိုးပျံဘူဘောင်းကြောက်တယ်။ သူ့ရှေ့တခါမှလဲမပေါက်ဖူးပါဘူး။ ရှော့ပင်းမောများသွားလို့ခလေးမို့ ဘုဘောင်းလာပေးရင် ပြုံးပြီးယူထားရပေမဲ့ ကွယ်ရာရောက်တာနဲ့ တခြားကလေးရှာပြီး ပြန်ပေးရတယ်။ရာဘာနဲ့ဟာတွေမကြိုက်ဘူး။ ဆော့တဲ့ဘောလုံးလဲ ကြိုက်ဘူး။ ခုကြီးလာမှ ဘောလုံးပြန်ဆော့တယ်။ စကားလဲ မှုံလိုပဲ မပြောတတ်သေးဘူး။

Anonymous said...

လာဖတ်တယ်ဟယ်...။


ပေါက်

Anonymous said...

မှန်ကြိုက်တယ်ဆိုတော့ ခင်ကြေးမှုံပေါ့




(ထပ်တခေါက်လာဖတ်သူ ပေါက်)

မမဝသုန် said...

မှုံမှုံ့ ပုံပြင် ဖတ်မိတိုင်း ပြုံရတယ်.. ဆိုင်ကယ်နဲ့ပုံလေး ဒီမှာ မတွေ့မိသေးဘူးနော်

လရိပ်အိမ် said...

ဘောလုံးနှင့်မှန်ကြိုက်သောမှုံလေး