Friday, January 24, 2014

မှုံနဲ့ကြောင်

ကိုယ်တိုင် ကြောင်မချစ်တတ် (ကြောက်သော်လဲ မမုန်းတော့) ပေမဲ့ အပြင်မှာ ကြောင်လှတပတ တွေ့ရင် ဖဘ ပေါ်က ကြောင်ချစ်သူ ဘော်ဒါတွေကိုပြဖို့ ဓာတ်ပုံရိုက်ထားဖြစ်တယ်။ တနေ့ညက အောက်က ကစားကွင်းမှာ မှုံ ကစားတာ ထိုင်စောင့်နေရင်း ကြောင် ညိုညို လှလှ ဝဝကြီးတစ်ကောင် အနားရောက်လာ တယ်။ ဘေးက မလေးအဘွားဝဝကြီးတစ်ယောက်က ကြောင်ကို မလေးလိုတွေ ပြောနေတယ်။ ခြေဟန် လက်ဟန်အရ ((သူ့နောက် လိုက်မလာနဲ့ အိမ်ကိုပြန်)) လို့ ပြောနေတာမှန်းသိလိုက်တယ်။ ကြောင်က မပြန်ဘူး ။ ပေကပ် ထိုင်နေတော့ အဘွားကြီး လာရာလမ်းအတိုင်း ကြောင်နဲ့ ပြန်သွားတယ်။ ပြန်လိုက်ပို့ တာပေါ့ ။ ၅ မိနစ်လောက်နေတော့ ဆူညံဆူညံနဲ့ ၂ ဦးသား ပြန်ရောက် လာပြီး အဘွားကြီး လက်လျှော့ပြီး ဆက်သွားတယ်။ ကြောင်က မယ်ဆင့်အနား ထိုင်ပြီးနေရစ်ခဲ့တယ် ။ ကိုယ်လဲ ကြောက်ကြောက်နဲ့ ဓာတ်ပုံ ၃-၄ ပုံရိုက် ၊ ကြောင်နား ဆက်မထိုင်ရဲလို့ သမီးလျှောစီးနေတဲ့နား သွားတယ်။ သမီးကိုကြောင် ပြလိုက် တယ် ။ မှုံမှုံက ကြောင်ကို "Cat " လို့ပဲ ခေါ်တယ် ။ " မြှောင်" ( Meow ကို သူကြားတဲ့ အသံပေါ့ ) လို့လဲ ခေါ်တယ် ။ ကြောင်ကို ပြပြီး ကြောင် လို့ မသင်ရခင် ကာတွန်းကားကြည့်ပြီး သူ့ဘာသာသူ မှတ်ထားတာ။

သမီးလေး ကြောင်ကိုမြင်တော့ ကြောင်ဘာသာနဲ့ လှမ်းနှုတ်ဆက်ပါတယ်။ 

ကြောင်ပြေးသွားပြီးထိ အော်လို့ကောင်းတုံး 

သမီး အသံ ဘယ်လောက် ညင်သာလဲဆို ခုန သူ့သခင် အိမ်ပြန်ခိုင်းတုံးက မလှုပ်တဲ့ကြောင် အမြီးထောင်ပြီး ပြေးလိုက်တာ တန်းနေတာပဲ ။ ၄-၅ လှမ်းပြေးပြီး နောက်ပြန်လှည့်ကြည့်တယ်။ မှုံမှုံ ထပ်နှုတ်ဆက်တယ် ။ ကြောင် နောက်ပြန်လှည့်မကြည့်တော့ပဲ တချိုးတည်းပြေးတာ အမြီးကို မမြင်ရတော့ဘူး ။

တစ်ခါသားလဲ အိမ်နဲ့ခပ်လှမ်းလှမ်းကစားကွင်းက အပြန် လှေကားလေးဆင်းနေတုံး အနားဖြတ်လျှောက်တဲ့ကြောင်ကို သူက နှုတ်ဆက် တယ်။ ကြောင်က ပြန်စကားပြောတယ်။ မှုံပြန်ပြော တယ်။ အပြန် အလှန် " မြှောင် " နေကြတာ အမေလုပ်သူ  ၃-၄ မိနစ်လောက် စောင့်လိုက် ရတယ်။ နောက်ဆုံး ကြောင်ထွက်သွားမှ သူလဲ သူ့ခရီးသူ ဆက်တော့တယ်။ ဟိုဒီလျှောက် သွားရင်းတွေ့တဲ့ ခွေးကလေးတွေဆိုလဲ ပါပီ..ပါပီနဲ့ခေါ်ပြီး အတင်းပြေးသွားလို့ သူ့လက် မြဲမြဲ ဆွဲထား ရတယ်။ ခွေးလေးတွေကလဲ ကလေးသေးသေးမို့လားမသိ သူ့ကို ရန်လိုဟန်မပြဘူး။ တစ်ခါကတော့ တရုတ်ကြီးတစ်ယောက် ကြိုးနဲ့ တင်းတင်းဆွဲတဲ့ကြားက ခွေးကလေးက မှုံ့ကို ဟောင်တယ်။ မှုံမှုံကို ဒါမျိုးလာစမ်းလို့မရဘူး..။ သူက ကောင်းကောင်းနှုတ်ဆက်သားနဲ့ သူ့ကို ရန်လိုတော့ ခွေးလေး အသံအတိုင်း ပြန်ပြောတယ်။ သူနဲ့ခွေး အပြန်အလှန် ဟောင်ကြ ..အဲလေ..ရန်ဖြစ်ကြတာ ခွေးသခင် ကြိုးဆွဲ ထွက်သွားမှ ပြီးသွားတယ်။ အဲဒီအချိန် ဖုန်းဆက်လာတဲ့ သူငယ်ချင်းက အသံတွေ ကြားပြီး ရယ်လိုက်တာ ဆိုတာ သူ ဘာအကြောင်းနဲ့ ဖုန်းဆက်တယ်ဆိုတာတောင် မေ့သွားသတဲ့။

ခွေးတွေ ကြောင်တွေကို စွာပြီး ကစားကွင်းတွေ့တဲ့ ကလေးတွေကို ကြောက်လို့ အနားမကပ်ရဲတာတော့ ဘယ်လိုလုပ်ရမယ်မသိသေးဘူး။ ကျောင်း စ တက်ရရင်တော့ လူယဉ်ကောင်းပါရဲ့ ။


အမေကကြောင်ကိုကြောက်၍ အမေ့သမီးကိုကြောင်ကကြောက် လေသည်။

5 comments:

သက်ဝေ said...

သူနဲ့ခွေး အပြန်အလှန် ဟောင်ကြ ..အဲလေ..ရန်ဖြစ်ကြတာ ခွေးသခင် ကြိုးဆွဲ ထွက်သွားမှ ပြီးသွားတယ် ဆိုတဲ့နေရာမှာ အော်ရယ်လိုက်မိတယ်...

ကြီးကြီးသက်ဝေကို ဘယ်တော့မှ ခွင့်မလွှတ်ပါနဲ့ သမီးမှုံ....

mae said...

ရုံးမှာ စိတ်ရှုပ်နေတာ ခုမှ ရီမိတယ်
ဟဟား

Mrs. Bagel said...

:D မှုံလေးကြီးလာရင် ပြန်ပြောစရာ ၁ခုတိုးတာပေါ့ အစ်မ။ :)

Anonymous said...

wher is your duedate???
wish you all the best! next one is girl or boy???
i am exciting your next one.
if i have a chance, i am also wants next boy! envy you! take care!


naunggyain

Anonymous said...

အမယ်လေး..
ရယ်လိုက်ရတာ ဖတ်ဖတ် မော..
ရင်ဘတ် နောက်က ကျော..
=)
-m