Monday, March 17, 2014

Happy 3rd Birthday , Hmone

သမီးလေး မှုံနံ့သာ

သမီးလေး မေမေ့ဘဝထဲ ရောက်လာတာ ၂၀၁၄ မတ်လ ၁၈ ရက်နေ့မှာ  (၃) နှစ်ပြည့်ပြီ။ 

တစ်နေ့ထက်တစ်နေ့ သမီးက ပိုပြီး ပြောတတ် ၊ ဆိုတတ် ၊ ငိုတတ်၊ ချွဲတတ် လာလေ ... သမီးကို မေမေက ပိုပိုပြီး ချစ်လာလေပဲ။

အမေ့ အချစ်ဆုံးသမီးလေး မှုံ .... 

သမီးလေး အသက် (၃) နှစ်က စလို့ ဘဝတစ်လျှောက်လုံးမှာ

ကျန်းမာပါစေ ၊ ပျော်ရွှင်ပါစေ ၊ စိတ်ထားကောင်းတဲ့သမီေးလးဖြစ်ပါစေ....  ။

ကိုယ့်စိတ်ကို ချမ်းသာအောင် စိတ်ထားတတ်တဲ့ သမီးလေးဖြစ်ပါစေ။ 
( မိဘတိုင်းဟာ ကိုယ့်သားသမီးကို အကောင်းဆုံးတွေသာ ပေးချင်ကြတယ်လို့ ဆိုကြတယ် သမီး.. ၊ လူတိုင်းကလည်း အကောင်းဆုံး ဆိုတာတွေကိုသာ ရယူချင်ကြတာပဲ ။ သမီးလေးကိုလဲ အမေက အကောင်းဆုံးတွေကိုသာပေးချင် ၊ အတော်ဆုံးလဲ သိပ်ဖြစ်စေချင်တာပေါ့။ ဒါပေမဲ့ ဘဝမှာ အကောင်းဆုံး ဆိုတာကို မရယူနိုင်တဲ့ အချိန်တွေမှာ သမီးလေးကို အမေက ဘာဖိအားမှ ပေးမှာ၊ ဆူမှာပြောမှာ မဟုတ်သလို ၊ သမီးရဲ့ စိတ် ပူလောင်နေမှာ အမေ သိပ်စိုးရိမ်တယ်။ )

" ချင် " ဆိုတဲ့စိတ်ကို မစွန့်လွှတ်နိုင်သေးချိန်မှာ ....
သမီးလေး ရယူချင်တဲ့၊ ပိုင်ဆိုင်ချင်တဲ့ (သက်ရှိ သက်မဲ့ ) အရာတိုင်းဟာ အကုသိုလ်ကင်းတဲ့ ၊ တရားသဖြင့်ဖြစ်တဲ့၊ မခက်ခဲတဲ့ အရာတွေသာဖြစ်ပါစေ...။

ဖေဖေ၊ မေမေ ၊ မောင်မောင်အပါအဝင် သမီးချစ်တဲ့သူတွေနဲ့ သမီးအဖွားကြီးဖြစ်တဲ့ထိ အကြာကြီး ပျော်ပျော်ရွှင်ရွှင် အတူတူ မခွဲမခွာ နေရပါစေ......ချစ်တဲ့ သမီးလေးရေ...။



သမီးမွေးနေ့မှာ ဖေဖေအလုပ်မအားလို့ တစ်ရက်စောပြီး ကျင်းပဖြစ်ပါသည်။ မေမေ အံဆုံးနှုတ်သောနေ့လဲ ဖြစ်ပါသည်။ သွားဆေးခန်းမှ အပြန် သမီးအတွက် မွေးနေ့ကိတ်ဝင်ဝယ်ပါသည်။ သမီးလေးက အိပ်ပျော်နေလို့ ညကြီး သမီးတစ်ရေးနိုးမှ မွေးနေ့ပွဲလုပ်ရပါသည်။ သမီေးလး မွေးနေ့ကိတ်ပထမဆုံးခွဲဖူးသောနေ့လဲ ဖြစ်ပါသည်။ ဖယောင်းတိုင်မီးမှုတ်ရတာ ၊ ဟက်ပီးဘာ့ဒ်ဒေးသီချင်းဆိုရတာ ၊ လက်ခုပ်ဝိုင်းတီးရတာတွေကို သမီး အလွန် သဘောကျပါသည်။ သမီးလေး အလွန်ပျော်နေတာ မြင်ရလို့ မေမေနှင့် ဖေဖေလဲ ပျော်ပါသည်။ အိပ်ပျော်နေသောမောင်မောင် ကတော့ လက်ခုပ်သံ ၊ သီချင်းသံတွေကြောင့် အိပ်နေရာမှ လန့်နိုးသွားသဖြင့် သိပ်မပျော်ဘူးထင်ပါသည်။ သူ လန့် ငိုပါသည်။

ဖယောင်းတိုင် ၃ တိုင်လုံးမီးငြိမ်းအောင် သမီးဘာသာ လေမှုတ်နိုင်ပါသည်။ ဖယောင်းတိုင်မှုတ်ပြီးသော် ကိတ်မုန့်ခွဲရန် သမီးက ခွင့်မပြုပါ ( ကိတ်မုန့်စားရန် စောင့်နေသောမေမေ စိတ်ညစ်သွားပါသည် ) ။ ဖယောင်းတိုင် ပြန်ထွန်းခိုင်း၍ မီးပြန်မှုတ်ပါသည်။ သီချင်းပြန်ဆိုရပါသည်။ လက်ခုပ်ပြန်တီးရပါသည်။

ထို့နောက် .....
.
.
ဖယောင်းတိုင် ပြန်ထွန်းခိုင်း၍ မီးပြန်မှုတ်ပါသည်။ သီချင်းပြန်ဆိုရပါသည်။ လက်ခုပ်ပြန်တီးရပါသည်။ 
.
.
.
ထို့နောက် .....
.
.
ဖယောင်းတိုင် ပြန်ထွန်းခိုင်း၍ မီးပြန်မှုတ်ပါသည်။ သီချင်းပြန်ဆိုရပါသည်။ လက်ခုပ်ပြန်တီးရပါသည်။


မေမေ မောင်မောင်လေးကို သိပ်နေချိန်မှာ သမီးနှင့်ဖေဖေ ထွန်း ၊ မှုတ်၊ ဆို ၊တီး လုပ်နေကြသည်မှာ ၁၀ ကြိမ်ခန့်ရှိမည်ထင်ပါသည်။ ဖယောင်းတိုင်လုံးဝ တိုသွား၍ မီးညှိမရတော့မှသာ တော်တော်ဖျောင့်ဖျယူ၍ ရပ်လိုက်ကြပါသည်။ ကိတ်မုန့်ဆိုင်က ဖယောင်းတိုင် အကြီးယူမလား အသေးယူမလားမေးသည်ကို အသေးယူခဲ့မိတာ အင်မတန် ကံကောင်းသွားပါသည်။ မဟုတ်လျှင် သမီးလေး မရွှေရစ်ကြောင့် မီးမှုတ်ရင်း မိုးလင်းသွားနိုင်ပါသည်။

သမီးလေး ၃ နှစ်ပြည့်မွေးနေ့ပွဲအကြောင်း သမီးကြီးရင် ပြန်ဖတ်ဖို့ မေမေရေးမှတ်ထားတာဖြစ်ပါသည်။

8 comments:

Anonymous said...


ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ မှုံလေး



Kl NG

Anonymous said...

ကျန်းမာပျော်ရွှင်သော ဉာဏ်ပညာသတိဝီရိယနဲ့ ပြည့်စုံသော မိဘအပေါ်သိတတ်လိမ်မာသော အပေါ်က သမီးမေမေစင်ဖြစ်စေချင်သော သမီးကောင်းလေးဖြစ်ပါစေ
ဖယောင်းတိုင်ပြန်၂ထွန်းပီး ဟက်ပီးဘတ်ဒေးဆိုတာဖတ်ပီး သဘောကျမိသလို သမီးမေမေစင်ဖြစ်အင်ကို တွေးမိပီး ရီမိတယ်
အခုလို ပျော်ရွှ့င်ဖွယ်မွေးနေ့ တွေ မေမေဖေဖေ မောင်မောင်လေးတို့ နဲ့  အမြဲဆင်နွဲနိုင်ပါစေ

ဒေါ်ဂျီးပိုး

Anonymous said...

အပေါ်က ဟာရမူနိ အတိုင်းဖြစ်ပါသည်

ပန်းခရမ်းပြာ said...

Happy 3rd Birthday, Hmone !!!

Lorem Ipsum said...

ဒါက မှုံလေးကြီးလာရင်ဖတ်ဖို့ ငှဲငှဲငှဲ

မှုံလေး.....
ပျော်ရွှင်ပါစေသမီးလေးရယ်..နော်...
အသက်ရှည်..အနာကင်း..ကျန်းမာ..ချမ်းသာ လိုရာပြည့်ပါစေကွယ်။ လိုတိုင်းတရပြီး တောင့်တခြင်းကင်းအောင် ကြောင့်ကြခြင်းမရှိအောင်ပြည့်စုံပါစေ သမီးလေးရယ်..။

ချစ်ခင်လျက်
ဂျီးဒေါ်
ဆုမြတ်

Mrs. Bagel said...

နောက် မှုံလေး မွေးနေ့ကျရင် ဖယောင်းတိုင်းကြီးကြီး ဝယ်ပေးရမယ်။ မိဘတွေကို စိတ်ချမ်းသာအောင်ထားနိုင်တဲ့ သမီးလေးဖြစ်ပါစေ။ :)

နောင်ဂျိန် said...

ဟားဟား...ဟိုးနေ့ကတောင် ဖယောင်းတိုင်ဝယ်တော့ မှုံကို သတိရပီးပြုံးဖြစ်သေးတယ်။

အခုမှ လာမန့်ဖြစ်တာ..

ဟက်ပီးဘက်ဒေးပါ သမီးလေးရေ.. အခုတော့ မောင်မောင်လေးနဲ့ ပီးပြည့်စုံနေပီပေါ့နော်..
မွေးနေ့မှစ စိတ်ကိုယ်နှလုံး ပျော်ရွှင်ပါစေ။သမီးလိမ္မာလေးဖြစ်ပီး ပညာတတ် စိတ်ထားကောင်းတဲ့ သမီးလေးဖြစ်ပါစေ။
သွက်လက်ထက်မြက်ပီး အရာရာကို မှန်ကန်စွာဆုံးဖြတ်နိုင်သူလေးဖြစ်ပါစေ..သမီးလေး။
မိသားစုနဲ့အတူ အသက်ထက်ဆုံး ပျော်ရွှင်စွာနေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်..သမီးရေ...

Cameron said...

မှုံကလေးမွေးနေ့နဲ့ ညီမနဲ့ကပ်လျက်ပဲ ညီမက မတ်17း)