Tuesday, January 24, 2017

သား N1 ကျောင်း

ယနေ့....
တညလုံး မိုးတစိမ့်စိမ့်နဲ့ဆိုတော့ သမီးကို ၈ နာရီကျောင်းအမီအတော်နှိုးယူရတယ်။ ခါတိုင်းလို နိုးလျက်နဲ့ အီလေးဆွဲနေတာမဟုတ်ပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာနှိုးရတော့ သနားသား..။ တော်သေးတယ်.. ကြည်ကြည်လင်လင်နိုး.. မုန့်တခုစားပြီးကျောင်းသွားတယ်။
သားကျောင်းက ၁၀ နာရီကနေ ၁၂ ကို ၉ နာရီ ၄၀ ထိ တအားအိပ်နေတော့ သနားနားနဲ့နှိုးရပြန်.. ၊ အတော်နဲ့မနိုးလို့ သနားပြီး ကျောင်းမပို့ရင်ကောင်းမလားအတွေးပေါ်လိုက်.. မနက်က ၈-->၁၀ တန်းကလေးတွေတောင် အိပ်ချင်မူးထူးနဲ့ကျောင်းသွားကြတာပဲလို့ ဆိုပြီး အတင်းနှိုး မျက်နှာသစ် သွားတိုက်.. မငိုလို့တော်သေးတယ်။ ပေါင်မုန့်တခြမ်း နဲ့ရာကွတ် ဘူးဝက် လမ်းမှာစားတယ်။ အတန်းရှေ့ရောက်တော့ မဝင်ချင်လို့ မေမေ့ကို ဖက်ထားတယ်..၊ မေမေက သားလက်ဆွဲပြီး ကျောင်းခန်းဝထိပို့ပေးတော့လဲ ဝင်တော့ ဝင်သွားရှာတယ်..။ တာ့တာလုပ်ခိုင်းတာ ခါတိုင်းလို မလုပ်ဘူး ။ လက်တဖက်တချက်စီမှာ ကိုင်ထားတဲ့ ပေါင်မုန့်နဲ့ ကားဘီးလေးတွေ မေမေသိမ်းထားမယ်၊ သားကျောင်းဆင်းရင် မေမေပြန်ပေးမယ် ဆိုတော့ ပထမဆုံးအကြိမ် အသာတကြည်ပေးတယ်။ သူ့လက်ထဲက ပစ္စည်း တောင်းရင် ဘယ်တော့မှ တောင်းမရဘူး..ပေါင်မုန့်ဆိုလဲ စားရင်းဆက်မစားတော့လို့ ပေးတော့ဆို မပေးဘူး.. ကိုင်ထားတယ်..သူအိပ်ပျော်သွားမှ လေသလပ်လို့ မာခြောက်နေတဲ့ ပေါင်မုန့် ယူလွှင့်ပစ်ရတယ် ။ မနေ့က ကျောင်းအသွား သူ့လက်ထဲ အရုပ်သေးတခုကိုင်သွားတာ ကျောင်းထဲ အိမ်ကအရုပ်မယူရဘူးမှန်းသိလို့ အမေက ပြန်တောင်းတာ တောင်းမရဘူး..၊ အထဲမဝင်ခင် ငိုယိုနေမှာစိုးလို့ အတင်းယူမထားလိုက်ဘူး.. ။ အပြန်ကျောပိုးအိတ်ထဲမှာ အရုပ်လေးတွေ့တယ်။ အထဲမှာ ဆရာမနဲ့ပဲရှင်းတယ်ထင်ပါရဲ့ .. ဒါကြောင့် ဒီနေ့လက်ထဲက ပစ္စည်းတွေ တောင်းလို့ရတာ ..။ ဒီလိုနဲ့ပဲ သေဝပ်ရမှာပဲလေ ..။
အိမ်မှာ မြန်မာလိုပဲ ပြောလို့ ဆရာမပြောမယ့် အင်္ဂလိပ်လိုကို နားမလည်သေးတဲ့ သားလေး..၊ အိမ်မှာ မြန်မာလို ထိုင်ခိုင်း ၊ ထခိုင်း၊ တခုခုသွားယူခိုင်း၊ ပစ္စည်းသိမ်းခိုင်းတာကို သူမလုပ်ချင်ရင် ခိုင်းမရတဲ့ သားညစ်ကျယ်ကလေး.. ကျောင်းမှာတော့ ဆရာမခိုင်းတာမလုပ်ရင် ကလေး ၁၀ ယောက်ကျော်ကြည့်နေရတဲ့ ဆ၇ာမက စိတ်မရှည်လို့ လေသံမာမာ မျက်နှာထားတင်းတင်းပြောတာ ခံချင်ခံရမှာပေါ့ ..။ ဒါမှလဲ သားလေး သိတတ်လာ ၊ နာခံတတ်လာမှာပေါ့ ။

မမတုံးက ကြောက်တတ်တယ် ၊ ဆရာမခိုင်းရင် ခိုင်းတဲ့အတိုင်းလုပ်တယ်၊ ကျောင်းမှာဆို အေးတယ် ၊ သူများနဲ့ တခုခုဆိုရင် ပြန်မပြောတတ်၊ မပြောရဲ ၊ မတိုင်တတ် .. အေးဆေးတယ်ဆိုပြီး ဆရာမတွေက ချစ်ကြတယ်။
သားကလေးကျရင်တော့ မမနဲ့ ဆန့်ကျင်ဘက်မို့လို့ ဆရာမတွေ အတော်ထိန်းရမယ်... ချစ်တဲ့ထဲ ပါမှာမဟုတ်ဘူးလို့ ဖေဖေက ကြိုခန့်မှန်းထားခဲ့တာ ..။
မနေ့က ကျောင်းကြိုစောစောရောက်တော့ သားတို့အခန်းထဲ မှန်ကနေ ဝါးဝါးလေးကြည့်ထားတာ .. ဆရာမထိုင်ခိုင်းတာ မထိုင်တဲ့သားကို ဆရာမက ပခုံးကနေဖိပြီး ထိုင်ခိုင်းတယ်..။ ကျောပိုးအိတ်လွယ်ပေးဖို့ ထ ခိုင်းတာ မထလို့ လက်ကို မညင်မသာဆွဲပြီး ထ ခိုင်းတာ မြင်ထားတာရယ်၊ီမနက် သား အခန်းထဲ ဝင်ကာနီး မဝင်ချင်လို့ မေမေ့ဖက်ထားတာရယ်ကြောင့် မေမေစိတ်ထဲ တမျိုးလေးဖြစ်လို့ .. ချရေးထားတယ် သားရေ ..။


2 comments:

သက်ဝေ said...

သားတုန်းက ချောင်းကြည့်လို့မရတဲ့ Teacher Nilar ကျောင်းမှာ စထားခဲ့ရတော့ အဲဒီလို ခံစားချက်မျိုးတွေ ကိုယ် မသိခဲ့ဘူး။ ဒီရောက်လို့ ကျောင်းပို့တော့လည်း ကိုကြီး အလုပ်နဲ့ နီးတဲ့ကျောင်းမို့ သားလေးကို သူပဲ လက်ဆွဲခေါ်သွားတာပဲ... ကိုယ့်အကြောင်းကို သိလို့ အိမ်မှာပဲ တမင်ချန်ထားခဲ့တာလား အသည်းနည်းနည်းမာတဲ့ အမေက မလိုက်ချင်လို့ တမင် ချန်နေခဲ့သလား၊ အသည်းနုလို့ပဲ မလိုက်သွားဖြစ်တာလား... ဆိုတာ ခုထိ ပြန်တွေးနေမိတုန်း... ဒီလိုနဲ့ပဲ တဖြည်းဖြည်း လူလားမြောက်လာကြရတာ မဟုတ်လား.... အဆင်ပြေသွားမှာပါ... <3

:P said...

ဟုတ်ကဲ့ အစ်မသက်..
ညီမကလဲ အသည်းနုနုနဲ့ ဆိုတော့ ဝမ်းနည်းနေတာ