Sunday, July 11, 2010

တူခြင်းများ........မတူခြင်းများ......


မတူခြင်းများ

၁။ အသားအရေ နှင့်မျက်လုံးအရွယ်အစား မတူရုံမက ဆန့်ကျင်ဖက်ဖြစ်သည်။
နှစ်ယောက်လုံး မြန်မာစစ်စစ်ဖြစ်ပါလျက် ကျွန်မရုပ်က အိန္ဒိယနွယ်ဖွားနှင့် နင်လားငါလား ဖြစ်၍ သူက စိနရုပ်နှင့် အမြင်ကျဉ်းသူဖြစ်သည်။ သူ့နောက် ကျွန်မ လိုက်လာရန် မက်လုံး ပေးသည့်ထဲက တစ်ချက်မှာ" ဒီကိုရောက်ရင် နင့်အသားတွေ ဖြူလာမယ် " ဟူ၏။ (ကျွန်မရောက်တာ နှစ်နှစ်ရှိပြီ၊ သို့သော်.. ထူးမခြားနား) ၊ အိမ်ထောင်ဖက်တွေ ရုပ်ချင်းဆင်ကြတယ်ဟူသောအဆို
မှာ ကျွန်မတို့အတွက် မမှန်ပါ။

၂။ သူသည် ငယ်ငယ်ကတည်းက အိနြေ္ဒကြီး၍အနေတည်သည်။
ကျွန်မက ငယ်ငယ်ကတည်းက ခုချိန်ထိ အမြဲ ပြောင်စပ်စပ်ဖြစ်သည်။
ငယ်ငယ်တုံးကတည်းက ကစားရင် ကျွန်မက စွာကျယ်သော်လည်း ခံဖက်ကဖြစ်၍ သူက ရုပ်တည်ကြီးနဲ့ ညစ်တာ ဖြစ်သည်။ သူ့ရုပ်ကို ကြည့်၍ လူတွေက မထင်ရက်၊ "ချိုင်းနိစ် ချက်ကာ"ကစားလျှင် လက်ညှိုးလက်မဖြင့် ရှေ့တစ်လုံးကို ရွှေ့ရင်း နောက်က အလုံးကိုပါ လက်ဖနောင့်နှင့် တွန်းရွှေ့သွားသူဖြစ်သည်။ "စခရဘလ်" ကစားလျှင် မရှိသောစကားလုံးကို ဆက်သူဖြစ်သည်။ ဥပမာ သူ ဂိမ်းချင်နေပြီ၊ စာလုံးကမရှိသောအခါ သူ့ရှိသောell ကိုဆက်၏။ "ဟဲ့ ငါးရှဥ့်ကeel လေ.." ဟုဆိုလျှင် "ell ဆိုတာ ငါးရှဥ့်အမကိုပြောတာ" ဟု ခပ်တည်တည်ပြောရင်း သူ့အထဲ ဂိမ်းသူရမှတ် ၅၀ ကိုထည့်ပေါင်း၏။ ကျွန်မတို့မှာ သူပြောတာ ဆိုတော့ ဇဝေဇဝါနှင့် ဟုတ်မှာပါလေ.. ဆိုကာ ခံလိုက်ကြရ၏။

၃။ သူက အရှက်ကြီး၍ ကျွန်မက အဲ.......... ဘယ်လိုပြောရမလဲ... ဟီး... သူနဲ့ မတူဘူးပေါ့နော်....။

၎။ နှစ်ယောက်စလုံး စတုတ္ထမြောက် အငယ်ဆုံးများ ဖြစ်ကြသော်လည်း သူက လူကြီးဆန်၍ ကျွန်မက ကလေးဆန်သည်။ ကျွန်မတို့သမီးရည်းစားဖြစ်စက သူ့မှတ်ချက်များမှာ " နင်တော်တော်ဆိုးတာပဲနော်"၊ " ငါက နင်စိတ်မကောက်တတ်ဘူး ထင်ထားတာ ".. စသဖြင့်...........။ ( ခက်ပါလား.. ကိုယ့်မိသားစုဝင်မဟုတ်၊ ကိုယ့်ရည်းစားမဟုတ်သေးတဲ့လူကို ဘယ်သူက စိတ်ကောက်နေ ၊ ဆိုးနေမှာလဲ ..)

၅။ သူက စိတ်ဆိုးခဲသူဖြစ်သည်။ ကျွန်မကား စိတ်လက်တစ်ဆစ်ဖြစ်၏။
ငယ်ငယ်လေးကတည်းက ခုချိန်ထိ သူစိတ်ဆိုးတာ ကျွန်မ မမြင်ဖူးသေးပါ။ သူ့ကို မကြာခဏ စိတ်ဆိုးသူမှာ ကျွန်မဖြစ်၍ သူမချော့ရသေးခင် မေ့ပြီး ပြန်ခေါ်မိသူမှာလည်း ကျွန်မပင် ဖြစ်သည်။

၆။ သူက သင်္ချာတော်၍ ကျွန်မက သင်္ချာမညံ့ရုံတမယ်ဖြစ်သည်။ သူကစာတော်၍ ကျွန်မက အလယ်အလတ်ဖြစ်သည်။

၇။ သူသည် ဦးဆောင်နိုင်သူဖြစ်၍ ကျွန်မသည် အမြဲနောက်လိုက်ဖြစ်သည်။

၈။ သူက စေ့စပ်သေချာသူဖြစ်၍ ကျွန်မက ခလုတ်တိုက်စရာ ခဲလုံး မရှိလျှင် ကိုယ့်ဘာသာ ခြေချင်းချိတ်၍ ချော်လဲတတ်သူ ဖြစ်သည်။

၉။ အိမ်ထောင်မကျခင်က ကျွန်မသည်သူ့ကို (ပစ္စည်းများကို သပ်သပ်ရပ်ရပ်သိမ်းဆည်းတတ်သူဟု) အထင်ကြီးခဲ့၍ သူက ကျွန်မကို (ကြက်ဥကို အခွံမခွဲပဲ ကြော်သူဖြစ်သည်ဟူ၍) အထင်သေးခဲ့သည်။ ကျွန်မတို့၏ အထင်များမှားနေခဲ့ကြသည် :(

၁၀။ ကျွန်မကား ဖတ်စရာစာအုပ်မရှိလျှင် သီချင်းနားထောင်မည်။ သူကား သီချင်းတောင် အရုပ်ပါမှ ကြည့်လို၊ နားထောင်လိုသူ ဖြစ်သည်။ ကျွန်မက ကွန်ပြူတာနှင့် အင်တာနက်ကို စာ(,တ္ထုနှင့် ဘလော့ဂ်များ) ဖတ်ဖို့ သုံးတာဖြစ်၍ သူက သူလိုချင်တာတွေ ရှာဖို့နှင့် ရုပ်ရှင် ကြည့်ဖို့သုံးတာဖြစ်သည်။ ကျွန်မက ရုပ်ရှင်သိပ်မကြိုက်၊ သူကား တရုတ်/ကိုရီးယား သိုင်းကားတွဲများကို အိပ်ရေးပျက်ခံပြီး ထိုင်ကြည့်သူဖြစ်သည်။ ကြည့်ပြီးသား မေတ္တာ၊ ကွမ်းသီး၊ဇာဂနာတို့၏ အငြိမ့်ဟာသများကို you tube မှ ထပ်ကာထပ်ကာကြည့်သည်။ သိပြီးသား ဟာသကိုလည်း ထပ်ရယ်သည်။

၁၁။ ကျွန်မက ကလေးအလွန်ချစ်တတ်၍ သူက သက်ကြီးရွယ်အိုများကို အလွန်ချစ်တတ်သည်။

၁၂။ကျွန်မက သူ့အချစ်ကို အမြဲလောဘကြီးသည်။ သူက ကျွန်မကို သူ့အပေါ်လျှော့ချစ်စေလိုသည်။ (ထိုအချက်ကြောင့် သူကျွန်မကို ချစ်သည်က ကျွန်မသူ့ကိုချစ်သည်ထက်ပိုသည်ဟု (သူ မပြောသော်လည်း) ကျွန်မ ဘာသာ တစ်ဖက်သတ် ယူဆ၏။ ( ဟိ .... သိပ်ပေါရဲသွားသလား....ငှင်)


တူခြင်းများ

၁။အစားအစာ၊ ချက်နည်းချက်ပုံ အားလုံး အကြိုက်တူသည်။ (တစ်ရပ်ကွက်တည်းနေခဲ့တာ တူအုံးမှပဲ ) ။ နှစ်ဦးစလုံး အပြင်မှာစားခြင်းထက် အိမ်ထမင်းအိမ်ဟင်းကို ပိုစားလိုသည်။

၂။ မချမ်းသာသော်လည်း ကျွန်မတို့ နှစ်ယောက်လုံး အလှူအတန်းလုပ်ရန် ဝါသနာပါသည်။ ထမင်းရည်ချောင်းစီး မလှူဖူးသော်လည်း တစ်နေရာရာတွင်လိုအပ်နေသည်ကြားပါက နိုင်သလောက်စိတ်တူကိုယ်တူ လှူလိုက်ကြမြဲဖြစ်သည်။ နှစ်ဖက်ဆွေမျိုးများကို အလွန်ထောက်ပံ့လိုသည်။

၃။ ကျွန်မတို့ အလွန် အားနာတတ်ကြသည်။ ချေးထားသော ပိုက်ဆံများဆုံး၏။ ဖုန်းလိုင်းယူထားပေးရသောသူ ဘီလ်မဆောင်သဖြင့် ဖုန်းဘီလ်များ(တစ်လ သုံးလေးရာ၊ တစ်ခါတစ်ရံ ငါးရာကျော်)ကို စိုက်ဆောင်ရ၏။ contract ပြည့်မှ ထိုပြဿနာငြိမ်း၏။ စိုက်ထားသောငွေများကို အကျေမပေး၊ တစ်ရာမျိုး နှစ်ရာမျိုး ခွဲဆပ်၏။ ကြာသော် ကျန်ငွေများ အဟောသိကံဖြစ်သတည်း။) "သူ့မှာ ပြေလည်သားနဲ့ ငါတို့ အကြွေးလည်း ပြန်မပေး၊ နေစိမ့်သည်"ဟု နှစ်ဦးသား ကွယ်ရာတွင် အတင်းချ၍ ရှေ့တွင် " ဟဲဟဲ ... ဟဲဟဲ " လုပ်၏။

၎။ နှစ်ယောက်လုံး အားလပ်ရက်များတွင် အိမ်မှာ နေလိုသည်။ လူစုလူဝေးရှိရာသို့ သွားခဲသည်။
ကျွန်မတို့ နှစ်ယောက်လုံး သဝန်တိုခဲသည်။ (ခုချိန်ထိ တစ်ခါမှ သဝန်မတိုဖူး၊ သဝန်တို မခံရဖူးသေး)

၅။ကျွန်မတို့ နှစ်ယောက်လုံး ဘုရား၊ တရားမလုပ်ဖြစ်ကြပါ။ သို့သော် သူကား တရားရှိသူဖြစ်၍ ကျွန်မက အချိန်အတော်များများမှာ သတိလက်လွတ် ဖြစ်နေတတ်သည်။

၆။ကျွန်မတို့ နှစ်ယောက်လုံးစကားနည်းပါသည်။ တခါတရံ ရှေးဟောင်းနှောင်းဖြစ်တွေ တမေ့တမောထိုင်ပြောနေဖြစ်ပြီး တခါတလေတော့ မှာစရာရှိတာ sms ပို့၊ စာရေးမှာခဲ့ရတာမျိုးလည်း ရှိ၏။

၇။ ရန်ဖြစ်မည့်အအခြေအနေကို နှစ်ယောက်လုံးရှောင်သည်။ (၃)နှစ်အတွင်း တစ်ခါမှ ရန်မဖြစ်ဖူးသေး၊
( အိမ်ထောင်မကျခင်ကတည်းက ဘယ်တော့မှ ရန်မဖြစ်ပဲ နေကြမယ် ဟုသူမှာထားခဲ့သည်။)
ရှင်းလင်းချက် ။ ။ 3 နှစ်အတွင်း ရန်မဖြစ်ဖူးဘူးဆိုတာ တစ်ယောက် တစ်ယောက် မောင်ရေ၊ ခင်ရေနဲ့အမြဲ သိပ်ချစ်နေကြတဲ့ စံပြအိမ်ထောင်ရေးလို့ ပြောတာ မဟုတ်ဘူးနော်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်အခန့်မသင့်တာတွေ ရှိတာပါပဲ။ တစ်ယောက်တစ်ခွန်းစကားမများမိအောင် နှစ်ယောက်စလုံးက ထိန်းလိုက်တာကို ပြောတာပါ။ ယူပြီးတာ နည်းနည်းကြာလာတော့ သူမကြိုက်တတ်တာ၊ ကိုယ်မကြိုက်တတ်တာတွေ မပြောပဲ၊ နေလိုက်တော့ ထူးပြီး ထိန်းစရာ မရှိတော့ဘူးပေါ့။

၈။ ကျွန်မတို့ အသက်(၃၀) မှ သမီးရည်းစားဖြစ်ခဲ့သော်လည်း အသက်(၁၄)နှစ်အရွယ်ကတည်းက တစ်ယောက်ကို တစ်ယောက် ကျိတ်ကြိုက်နေခဲ့ကြသည်။ ထိုသို့တစ်ယောက်တစ်ယောက် "သူမသိငါပိုး" လုပ်နေခဲ့ကြခြင်းကို အသက် (၃၀) ကျမှ သိရ၏။ (အချိန်တွေ နှမြောထှာကွာ......ဟမ်)
ရှင်းလင်းချက်။ ။ ၁၆ နှစ်ကြိတ်ပိုးတယ်ဆိုတာ သူက ကိုယ့်ကိုဖွင်ေ့ပြာပြီး ၁၆ နှစ်တိတိ အဖြေစောင့်နေသည်ဟု တမျိုးမထင်ပါရန်။ သူ့ဟာသူနေ၊ ကိုယ့်ဟာကိုယ်နေရင်း အသက် ၃၀ ကျမှ ဒိန်ချဉ်မူးပြီး ဖွင့်ပြောတာဖြစ်ပါသည်။ တခါတလေ ကိုယ့်ကိုအမှတ်တမဲ့ စိုက်ကြည့်နေတာ မိရင်တောင်မှ သူ့ရုပ်တည်ကြီးကြောင့် "သူ ငါ့များကြိုက်နေလား"ဟု မထင်ရဲခဲ့ပါ။ ထို့ကြောင့် ကိုယ့်မှာလည်း သူ့ကို ညိုမြ မလုပ်ရဲခဲ့ပါ။ (ကိုရီးယားကားတွေကလည်း ခေတ်မစားသေးဘုးလေ...:P)

၉။ အိမ်ထောင်ပြုဖို့စဉ်းစားတော့ မင်္ဂလာဧည့်ခံပွဲမလုပ်ချင်တာ၊ ဘုန်းကြီးကျောင်းမှာ လူနည်းနည်းပဲဖိတ်ပြီး အသံချဲ့စက် မပါပဲ ဆွမ်းကျွေးချင်တာ၊ မင်္ဂလာလက်ဖွဲ့မယူချင်တာ ကျွန်မတို့ နှစ်ယောက်လုံးမတိုင်ပင်ရပဲ စိတ်ထဲမှန်းထားတာတွေ တူနေခဲ့တာကို တွေးမိတိုင်းကြည်နူးမိသည်။
မှတ်မိသလောက်ချရေးမိတဲ့ထဲက တူသောအချက်ထက် မတူသောအချက်က ပိုများပါသည်။

*** မောင်ကြီးနဲ့ ကျွန်မအကြောင်းအမှတ်တရလိုဖြစ်စေတဲ့ ဒီ Note ရေးဖြစ်အောင် တဂ်တဲ့ မသက်ဝေကို ကျေးဇူးတင်ပါတယ်။ စာရေးတဲ့ အတတ်ပညာအားနည်းလို့ ပါးပါးလေးမရေးတတ်လို့ အတုံးလိုက်၊ အတစ်လိုက်ဖြစ်သွားတာကိုခွင့်လွှတ်ပါ။

ရုပ်ပုံ  ဂူဂဲလ် ၊ရုပ်ပုံ အကြံ မက်မွန်

33 comments:

Rita said...

ဘူဒူများလဲလို့
=P

CalmHill said...

မှန်မှန်ရေးပါဗျို့.... :D

Ko Boyz said...

ဘူဒူများလဲလို့
=P

MrDBA said...

ညည်းမှာ အလုပ်ထဲက အတွေ့အကြုံတို့၊ မောင်ကြီးစာသင်တဲ့ ကလေးတွေရဲ့ ဟာသများတို့၊ ကျောင်းတုန်းက တလွဲများတို့၊ အဲဒါတွေရေးပေါ့ဟာ။ ဖတ်လာတာဘဲ နှစ်ပေါက်နေပေါ့။ စာဖတ်နာနေပါပြီ။ နာနာရေးဖို့ဘဲ ကျန်တော့တယ်။

NSA said...

ဝှူး.......................................................ဖွဘုမှာ ကြော်ငြာဝင်ပေးသော ကိုကိုဒီဘီ ၏ အချွန်နှင့် မ သော စေတနာကို လေးစားပါ၏။
သို့သော်... ကောက်ရိုးမီးဖြစ်သောကြောင့် ကောမန့်လာပေးသည့် ၊ လာပေးကောင်းပေးဦးမည့် ချစ်မိတ်ဆွေများကို အားအနာကြီး နာမိတော့သည်။။

Anonymous said...

ထောလဲလာလည်တယ်ဗျို့

pandora said...

ဘလော့ဂ်ရေးပြီလား... ကောင်းပါ့း)

myo said...

ဆင်ဆင်နဲ့ မောင်ကြီးပုံကသိပ်မိုက်..
ဟာသတွေပဲ ရေးပါဆင်ဆင် :D
နေ့တိုင်းလာရယ်မယ် အဲလေ နေ့တိုင်းလာဖတ်မယ်

ZT said...

Log ထဲမှာ တွေ့နေတာ ကြာပြီ။ ဘယ်သူများလဲလို့။ ဆက်ရေးပါ။ အားပေးနေပါမယ်။ တခါတည်း လင့်ခ်ချိတ်လိုက်မယ်။

Anonymous said...

ဟင်.. အရင်ကတည်းက ဒီနာမည်နဲ့ဘလော့ဂ်ရှိတာပဲ။ ဟွန်း။
ထုံးသုတ်ပြီး ပြန်သစ်ထားတဲ့အသစ်လေ ဆက်ရေးနော်..
အားပေးနေမယ်
mm

mae said...

ရေးထားတာ ချစ်ဖို့ ကောင်းလိုက်တာ မယ်ဆင်း)
မောင်ကြီးဓာတ်ပုံ မြင်တော့ မယ်ဆင့်ကိုလဲ တရုတ်မလေးလို့ ထင်ထားတာ

Sein Lyan Tun said...

စပ်စုရင်းရောက်လာသည်။

နောက်လာမည်။

အားကျတယ်.။ ဘာပြောပြောပေါ့။ :D

Anonymous said...

လာလည်ဦးမှာ ...

mie nge

Anonymous said...

ဟွန်း ...မုန်းချင်စရာကြီး ...
ငါသာ မလာဖြစ်ရင် သိမှာ မဟုတ် ...
တော်တော် စိတ်မကောင်း ဖြစ်သွားတယ် ...
ငါကတော့ နင့်အတွက် လို့ ရည်ရွယ်ခဲ့ဖူးပြီး
နင်ကတော့ အချစ်များသူမို့ မပြောလိုပါဘူး ...
ဒါပေမဲ့ သူငယ်ချင်း ...
နင်ရေးတဲ့ စာတွေ ဖတ်ရလို့ ၀မ်းသာမိတယ် ...
နင့်အကြောင်းတွေ နင်ရေးတာ မဖတ်ရလဲ သိပြီးသားမို့ ဒီတစ်ပုဒ်တော့ ရှိပါစေတော့ ရှိစေတော့ ... လို့ ပြောရင်း
နင့်ရဲ့ သူငယ်ချင်း
L

Vista said...

စင်......ဟင်..ဟင်..ဟင်.. echo ပါအောင်ဖတ်ပါ.. ဟိ

ywartharlay-ytu said...

အမ မစင်

ဝမ်းသာစွာဖြင့် လာရောက်ဖတ်ရှုသွားပါသည်ခင်ဗျား

kaungkinpyar said...

တို့ ရွာသား လုပ်မှ ဆင်ဆင်လေး မစင် ကြီး ဖြစ်တွားရပီ....

ရေးနော် ရေးနော် လိမ်မာ တယ်နော့်...ပြာ မရေးနိုင်သေးတုန်း တလှည့်ဖတ်မယ်လေ..နော်...

မေလေး said...

မမစင်စင် အနော်လဲလာတယ်နော် သများပြောမှသိရတဲ့ဘွ chitt

သစ်သစ် said...

ဆင်ဆင် ပရိသတ်တွေများလှချည်လား မိုက်စ်
ဆက်ရေးပါ အားပေးပါတယ် ရေတွင်းပျက်တွေကိုလေ ဟိ....

သက်ဝေ said...

တူညားပြောမှ သိရတယ်... ဆင်စုတ်...
ဘာပဲပြောပြော ရေးပါ.. ရေးပါ... ရေးပါ... လို့ တိုက်တွန်းပါတယ်...။

Min said...

Bravo!!
I got this link from Vistaz' blog.

Moe Cho Thinn said...

မမီးငယ်ပြောမှ သိလို့ ချက်ချင်း လာခဲ့တာ..
ဆက်ရေးလေ စင်ကလေး။ အများကြီးဖတ်ဖို့ စောင့်နေတယ်။ သူများကို စာရေးဖို့ ဟိုးအရင်က နေ့တိုင်း လာဂျီကျတာ သူ့အလှည့် ရောက်ပြီဟေ့..

စာရေးဆရာတို့၏ ဘလော့များမှာ ကျုပ်နံမည် ထည့်ပါနဲ့အေ..

ဂျူနို said...

ဟာ မယ်ဆင် မမီးငယ် လာရေးသွားလို့ သိရတယ်။ ဒီလို တိတ်တိတ်လေး ရေးလို့ ဘယ်ရမလဲ။ အသံချဲ့စက်တပ်ပြီး ဘလော့ ဖွင့်ပွဲ လုပ်အုန်း။ လက်ဆောင် မပေးပါဘူး စိတ်ချ။:))

မအယ်

Anonymous said...

ကဲ မယ်စင် .. ကြော်ငြာခ အနေနဲ့ ဒေါ်လှ ဘယ်လောက် ပေးမှာလဲး)) .. ပို့စ်လေးဘာလေး ရေးပါဦးလို့ မပြောတော့ပါဘူး.. တော်ကြာ အတဂ်ခံနေရမစိုးလို့ ဟီး...

mie nge

Unknown said...

ဖဘမှာတော့ ဖတ်ဖူးတယ်။ blog ရှိတာ အခုမှ သိတာဗျ။ ပျော်စရာ မိသားစု အကြောင်း ရေးတာ ဖတ်ရင်း ကိုယ်ပါပျော်မိတယ်။အားပေးပါ့မယ်။ ဖတ်ပြီး အပျော် ကူးချင်လို့ ဆက်ရေးပါဗျာ။

khin oo may said...

တို့ကလေ. ကိုကိုဒီဘီက လာပြီးဖဘမှာ ကြော်ငြာထည့်တော့ သူက စင်အတွက်.ဘလော့ဆောက်ပြီးနောက်တယ်ထင်တာ.အဲဒါကြောင့်လာမကြည့်ဘူး. အားကြီးထုံတဲ့kom အသစ်ကလေးတွေ update လုပ်ပါဦး. ဘာလေးညာလေး.

အခုပို့အဟောင်းက ကွန်မက်ကိုဖတ်ပြီးရောက်လာတာ။
http://khinoomay77.blogspot.com/2009/11/bo-ta-taung-pagoda.html
MieMie said... အဲဒီ Mie Mie ကိုဘယ်သူများလဲလို့ကလစ်ကြည့်မိတာ NSA ဆိုတော့ နာဆာအဖွဲ့များလားဘာများလားထင်မိသေးတယ်။

ပန်းခရမ်းပြာ said...

စင်စင်ရေးခဲ့တဲ့ ကွန်မန့်တွေ ဖတ်နေရတာကိုက ပျော်စရာ။
ဘလော့ ရေးစေချင်နေတာ ကြာပြီ။
ပို့စ်တွေ ဆက်ရေးပါဦး။

မချို

မောင်မျိုး said...

သားကို အမွေများဖြတ်လိုက်ပြီလားလို့ .... လာကြည့်တာ ချစ်ချစ်ကို နှိပ်ပေးနေတာတွေ့လို့ ပြန်သွားပြီးး)

သူစင်ကြယ် said...

တကယ်ကောင်းတယ်...တကယ်ပါ...အမရေ

Unknown said...

အော် . .ဆင်တောင် လူဖြစ်တော့မှာဘဲ . . .

Rita said...

ပြန်ဖတ်ပြီး ရီသွားသေးတယ်။

ကိုငါးကြော်(တမာတောမြေ) said...

ဒါမှတို့မောင်ကြီးတော်....အဲလေ
တို့မောင်ကြီးရဲ့ဆင်....

JuneOne said...

ကျွန်မက ရုပ်ရှင်သိပ်မကြိုက်၊ သူကား တရုတ်/ကိုရီးယား သိုင်းကားတွဲများကို အိပ်ရေးပျက်ခံပြီး ထိုင်ကြည့်သူဖြစ်သည်။ ကြည့်ပြီးသား မေတ္တာ၊ ကွမ်းသီး၊ဇာဂနာတို့၏ အငြိမ့်ဟာသများကို you tube မှ ထပ်ကာထပ်ကာကြည့်သည်။ သိပြီးသား ဟာသကိုလည်း ထပ်ရယ်သည်။


အလွန့် အလွန် တူပါသည်