Friday, October 29, 2010

တီဘီမှတ်တမ်း


သွားနေကျ မခင်ဦးမေ စီဘောက်စ်မှာ သွားပွားနေရင်း တီဘီ(TB) အကြောင်းပြောနေကြတာတွေ့တော့ ကိုယ်ကြုံခဲ့ရတဲ့ တီဘီအတွေ့အကြုံကို မှတ်တမ်းတင်ထားရင်ကောင်းမယ်လို့တွေးမိပြီး စာတစ်ပုဒ် ရေးဖြစ်ပါတယ်။ လူနာတစ်ယောက်အနေနဲ့ ရေးမှာမို့ ဆေးပညာနဲ့ ပတ်သက်တဲ့ ဗဟုသုတ ပါမှာမဟုတ်ပါဘူး။ စင်ကာပူနိုင်ငံမှာ တီဘီရောဂါကုတုံးကအခြေအနေကိုပဲ ကိုယ်မှတ်မိသလောက် ပြန်ရေးသွားမှာပါ။ 

၂၀၀၉ ခုနှစ် ဇွန်လထဲမှာ ကျွန်မ ဖျားရာကနေ ချောင်းဆိုးလာတယ်၊ ခါတိုင်းလဲ အဖျားပျောက်ရင် ချောင်းဆိုးကျန်ခဲ့စမြဲမို့ သိပ်စိတ်မပူမိဘူး၊ သောက်နေကျ ချောင်းဆိုးပျောက်ဆေးလေးသောက်၊ မေမေပို့ထားတဲ့ "လောက်သေရွက်"လေး ပြုတ်သောက်လိုက်နဲ့ နေရင်း ချောင်းဆိုးတာ ၃ ပတ်လောက် ကြာလာတယ်။ ပြီးတော့ ချောင်းဆိုးလိုက်ချိန်မှာ ကျွန်မ ရင်ဘတ်က အောင့် အောင့်လာတယ်။ အဲဒါနဲ့ poly clinic ကို သွားပြဖြစ်ပါတယ်။ ကျွန်မက ချောင်းဆိုးလို့၊မောင်ကြီးက ခေါင်းတစ်ခြမ်းကိုက်လို့၊ လူနာ နှစ်ယောက်ဆေးခန်းကို ချီတက်လာကြပါတယ်။ ဆေးခန်းမှာ register လုပ်တော့ ကောင်တာက မိန်းကလေးက ကျွန်မတို့  မြန်မာမှန်းသိတာနဲ့ မြန်မာဆရာဝန်နဲ့ ပြရအောင် လုပ်ပေးပါတယ်။ ဒေါက်တာက ကျွန်မကို မေးခွန်းတွေ မေးပြီး အဲဒီဆေးခန်းမှာပဲ သွေးစစ်၊ X-Ray ရိုက်ဖို့ စာရေးပေးပါတယ်။ ကျွန်မမှာ တီဘီရောဂါဖြစ်နေနိုင်ကြောင်းပြောပြီး အဖြေကို တစ်ခါတည်း စောင့်ယူသွားရမှာဖြစ်ကြောင်း၊ ရောဂါရှိနေရင် ဆေးရုံသွားပြရမဲ့စာကို ပေးလိုက်မှာ ဖြစ်ကြောင်း ပြောပါတယ်။ အဖြေထွက်လာတဲ့အခါ ကျွန်မမှာ တီဘီရောဂါရှိနေလို့ နောက်တစ်ပတ်အကြာ တန်တောက်စန်းဆေးရုံ (Tan Tock Seng Hospital)  TBCU (TB Control Unit) က ဆရာဝန်နဲ့ သွားပြရမှာပါ။

 TBCU က နိုဗီးနားMRT ကနေ ၁၅ မိနစ်လောက် လမ်းလျှောက်သွားရင်ရောက်ပါတယ်။ ပထမဆုံးနေ့က နေရာ သေချာမသိလို့ Taxi စီးသွားကြပါတယ်။ ခြံဝင်းကျယ်ကြီးထဲမှာ ရှေ့ဘက်က အမိုးချွန်နဲ့ လှေခါး ၅ ထစ်လောက်တက်ရတဲ့ ရှေးဟောင်းတစ်ထပ်တိုက်အိမ်ပုံစံ(နောက်တော့ ဆေးသွားသောက်ရတဲ့အခန်းက အဲဒီတိုက်အိမ်ထဲမှာမှန်း သိရပါတယ်။) တိုက်အိမ်ရဲ့နောက် ကပ်လျက်မှာ တစ်ထပ်မြေညီတိုက်ပုလေးရှိပါတယ်။ အဲဒီမှာ လူနာတွေ ထိုင်စောင့်ဖို့ခုံတွေ၊ X-Ray ရိုက်တဲ့ အခန်းတွေ၊ လူနာကြည့်တဲ့အခန်းတွေ အားလုံးက မြေညီထပ်မှာပါ။ ခြံကျယ်ကျယ်မှာ သစ်ပင်ကြီးတွေနဲ့ တိတ်ဆိတ်အေးချမ်းတဲ့ နေရာတစ်ခုပါ။ 

တိတ်ဆိတ်အေးချမ်းတဲ့နေရာမှာ ကျွန်မမှာတော့ သောကအပြည့်နဲ့ပါပဲ။ တီဘီရောဂါရှိနေတယ်ဆိုတာ စသိတော့ သတိရမိတာက ဂျာနယ်ကျော်မမလေးရဲ့ “မုန်း၍မဟူ”ထဲက “ဝေ” (အမည် သိပ်မသေချာ) နဲ့ (၁၀)တန်း အင်္ဂလိပ်စာဖတ်စာအုပ် “Wutherine Heights” ဝတ္ထုထဲက “Catherine” ။ သူတို့ နှစ်ယောက်လုံး ဇာတ်လမ်းထဲမှာ တီဘီရောဂါနဲ့ သေသွားခဲ့ကြတာပါ။ ကျွန်မ ၁၀ တန်းတုံးက စာလုံးပေါင်းအလွတ်ကျက်ခဲ့ရတဲ့ (ခုထိလည်း စာလုံးပေါင်းမှတ်မိနေသေးတဲ့)  T-u-b-e-r-c-u-l-o-s-i-s  ခေါ်တဲ့ တီဘီရောဂါကြီး ကျွန်မဆီရောက်နေတယ်။ အခုခေတ်မှာ ဆေးမှန်မှန်သောက်ရင် ပျောက်ကင်းနိုင်တဲ့ရောဂါလို့ သိထားပေမယ့် ကူးစက်မြန်လွန်းလို့ လူတိုင်းကြောက်ကြတဲ့ရောဂါကြီး မဟုတ်လား။ နောက်တစ်ခုစိုးရိမ်တာက မောင်ကြီးကို ကူးစက်မှာကိုပါ။ နောက်ဆုံးတစ်ခုကတော့ နောက်နှစ်မှာ ကျွန်မတို့ PR ကဒ်ရဲ့ reentry visa သက်တမ်းတိုးရတော့မယ်။ ကျွန်မမှာ ဒီရောဂါရှိခဲ့ဖူးတဲ့ရာဇဝင်ဟာ သက်တမ်းတိုးတဲ့ကိစ္စမှာ အနှောက်အယှက်ဖြစ်မလားဆိုတာပါ။ 

TBCU ကိုသွားတဲ့ ပထမဆုံးအခေါက်မှာ ကျွန်မ X-Ray ရိုက်ရတယ်။ Sputum Test ၂ ခါလုပ်ရတယ်။ စစ်ဆေးမှုတွေ အများကြီးလုပ်ရတယ်။ တစ်နှစ်ကျော်ကြာခဲ့ပြီမို့ ဘာတွေ စစ်တယ်ဆိုတာ မေ့နေပါပြီ။ Tex Invoice စာရွက်ပြန်ကြည့်တော့ ပထမဆုံးအခေါက်မှာ ကျွန်မစစ်ရတာတွေက
1- Alanine Amino Transferase(ALT)
2- Aspartate Amino Transferase (AST)
3- Creatinine
4- Glucose 
5- HIV Antibody
6- C&S Mycobacteria
7-Microscopic Examination, AFB (ဆေးပညာဝေါဟာရတွေ နားမလည်ပါ ၊ HIV စစ်တာတစ်ခုပဲ နားလည်ပါတယ်။အကြမ်းမျဉ်းသိဖို့တော့ ကျွန်မ ဂူဂဲလ်ကနေ တစ်ခုစီရိုက်ရှာကြည့်ပါတယ်။ )

ပထမဆုံးသွားတဲ့အခေါက်မှာ TBCU ကဆရာဝန်က ကျွန်မတို့ကို အေးအေးဆေးဆေး ဆွေးနွေးပါတယ်။ ကျွန်မခံစားနေရတဲ့ ဝေဒနာတွေကိုမေးပါတယ်။ ကျွန်မဖြစ်တာက ချောင်းဆိုးတာ ကြာနေတယ်။ ရင်ဘတ်အောင့်နေတယ်၊ရင်ဘတ်အောင့်လို့ ညည အိပ်ရေးပျက် နေတယ်၊ အဲဒါတွေပါပဲ၊ ဆရာဝန်က ကျွန်မကို ချောင်းဆိုးရင် သွေးပါသလား မေးပါတယ်။ ကျွန်မချောင်းဆိုးတာ တစ်ခါမှ သွေးမပါဖူးပါဘူး။ နောက် ကျွန်မမှာအရင်က တီဘီရောဂါ ဆေးသောက်ဖူးသလား၊ မိသားစုထဲမှာ တီဘီရောဂါရှင်ရှိဖူးသလား ။ လက်ရှိလုပ်နေတဲ့ အလုပ်၊ အိမ်မှာအတူတူနေတဲ့သူ ဘယ်နှစ်ယောက်လဲ စသဖြင့်မေးပါတယ်။ ကျွန်မ တီဘီဆေးတစ်ခါမှ မသောက်ဖူးကြောင်း၊ မိသားစုထဲမှာလည်း တီဘီရောဂါရှင်မရှိဖူးကြောင်း ပြောရပါတယ်။ အလုပ်နဲ့ အလုပ်သဘာဝကို မေးတာက ဘယ်က ကူးစက်လာတာလဲ ခန့်မှန်းဖို့ ဖြစ်မယ်ထင်ပါတယ်။ အလုပ်လုပ်နေတဲ့ တီဘီဝေဒနာရှင် ကို ပထမဆုံးအခေါက်မှာ MC နှစ်ပတ်ပေးပါတယ်။ ဒီနှစ်ပတ်မှာ တီဘီပိုးကို ထိန်းချုပ်နိုင်ပြီဖြစ်လို့ တခြားသူတွေကို မကူးစက်နိုင်တော့တဲ့အတွက် လုပ်မြဲအလုပ်ကို ပြန်လုပ်နိုင်ကြောင်း ရှင်းပြပါတယ်။ ကျွန်မကိုလည်း တစ်ရက်မပျက် ဆေးမှန်မှန်သောက်ဖို့ အကြောင်း၊ အခုခေတ်မှာ တီဘီရောဂါဟာဆေးမှန်မှန်သောက်ရင် လုံးဝပျောက်ကင်းမှာဖြစ်ကြောင်း၊ ဆေးသောက်နေရင်း ကျွန်မရဲ့ အခြေအနေတိုးတက်မှုအရ ဆေး ၆ လ (သို့မဟုတ်) ၉ လ သောက်ရမှာ ဖြစ်ကြောင်းပြောပါတယ်။ ကျွန်မကိုသိချင်တာမေးပါလို့ပြောတော့ ကျွန်မ တစ်ဦးတည်း အခန်းသပ်သပ်ခွဲနေရမလားဆိုတာ မေးတော့ အခန်းသပ်သပ်ခွဲနေစရာမလိုပဲ အလျင်လိုပဲ နေနိုင်ကြောင်း၊  ထမင်းဟင်း ပန်းကန်တွေကိုလည်း သီးသန့်ခွဲသုံးစရာမလိုပဲ share လုပ်ပြီးသုံးနိုင်ကြောင်း၊ ကျွန်မ နှာချေတဲ့အခါနဲ့ ချောင်းဆိုးချင်တဲ့အခါ တစ်ရှူးအုပ်ပြီးလုပ်ဖို့ တစ်ခုပဲ မှာပါတယ်။ ကျွန်မက မောင်ကြီးကိုပါ ဆေးစစ်ချင်တယ်ပြောတော့ စစ်ဖို့မလိုအပ်ဘူးလို့ ဆရာဝန်ကပြောပါတယ်။ 

( ဒါပေမယ့် ကျွန်မက poly clinic က ပထမဆုံးအခေါက်ပြန်လာကတည်းက ထမင်းပန်းကန်၊ ဟင်းပန်းကန်၊ ဇွန်းတွေကို ကျွန်မဘာသာ သီးသန့် ခွဲသုံးနေပါပြီ။ ပန်းကန်တွေကို တစ်နေ့တစ်ခါ ဘေစင်ထဲမှာပဲ ရေနွေးပူလောင်းချပြီး ဆေးနေပါပြီ။ ဟင်းချက်ရင်း ဆားမြည်းတဲ့အခါ ဇွန်းအသေးနဲ့ပဲ မြည်းပြီး ကျွန်မပါးစပ်နဲ့ တစ်ခါထိပြီးသားဇွန်းကို ဟင်းအိုးထဲ နောက်တစ်ခေါက်ထပ်မခပ်ဖို့ အစစ သတိထားခဲ့ပါတယ်)

ပထမဆုံးနေ့မှာပဲ ကျွန်မဆေးစသောက်ရပါပြီ။ ဆေးက ၁၀ လုံးကျော်ပါတယ် ( ၁၂ လုံးလား၊ ၁၃ လုံးလား မမှတ်မိတော့ပါ) ။ ဆေးသောက်တဲ့အခန်းမှာ သူနာပြုဆရာမ အကြီးတစ်ယောက် ၊ အငယ်နှစ်ယောက်ထိုင်ပါတယ်။ သူနာပြုအကြီးက ကျွန်မကို တီဘီနဲ့ ပတ်သက်တဲ့ ရှောင်ရန်၊ ဆောင်ရန်တွေရေးထားတဲ့ pamphlet လေးတွေပေးတယ်၊ အချိန်တော်တော်ကြာလည်း ရှင်းပြပါတယ်။
အဲဒီနေ့မှာ ကျွန်မကောင်းကောင်းမှတ်မိတာတစ်ခုက ကျွန်မလက်ဖျံကို ဆေးထိုးခံရတာပါ။ Mantoux Test ဆိုတာ နောက်မှ သိပါတယ်။ ဆေးထိုးရင် ယောင်ရမ်းလာတဲ့ အကျယ်အဝန်းကို တိုင်းတာပြီး ရောဂါ ခန့်မှန်းတဲ့ နည်းလို့ ထင်ပါတယ်။ မြန်မာပြည်မှာတုံးက ကိုရီးယားရောဂါလိုလို၊ဘာလိုလိုနဲ့ တစ်ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါ၊ တစ်လ တစ်ခါ သွေးဖောက်စစ်ခံရလွန်းလို့ အပ်မကြောက်တော့တဲ့ ကျွန်မ ဒီတစ်ခါတော့ လက်ဖျံ ဆေးထိုးခံရတာ တော်တော်အီသွားပါတယ်။ ထိုးနေတုံး တအားနာတယ်။ ထိုးပြီးပိုနာလာပါတယ်။ နာရီပိုင်းကြာတော့ ဒဏ်ရာက စပြီးယောင်လာပါတယ်။ (ယောင်ရမ်းနေတာ ၁၀ ရက်ကျော်ကျော် ကြာပါတယ်။ နောက်တော့ အရေခွံကွာသွားပြီး အနာရွတ်လည်း တဖြည်းဖြည်း လုံးဝ ပျောက်သွားပါတယ်။) 
 (ဓာတ်ပုံက ဆေးထိုးပြီး ဘယ်နှစ်ရက်မြောက်မှာရိုက်မိတယ်ဆိုတာ မမှတ်မိတော့ပါဘူး။)

ပထမဆုံးသွားပြပြီး ၃ ရက်အကြာ နောက်တစ်ခေါက်ထပ်သွားရပါတယ်။ (ပထမအခေါက်နဲ့ ဒုတိယအခေါက်ကြား ရက်အတွက်တော့ သောက်ဖို့ဆေးကို အိမ်မှာသောက်ဖို့ ထုပ်ပေးလိုက်ပါတယ်။ ) ဆရာဝန်ပြပြီးနောက် ဆေးထိုးထားလို့ ယောင်နေတဲ့ ဒဏ်ရာကို သူနာပြုဆရာမလေးက တိုင်းပါတယ်။ ကျွန်မ ဆေးစသောက်ရပါပြီ။ ဆေးထိုးခံရပါတယ်။ ကျွန်မလက်မောင်းကို လှန်ပေးတော့ ကျွန်မရဲ့စမုတ်တံဗလကိုကြည့်ပြီး ဆေးထိုးအပ်ကိုင်ထားတဲ့ သူနာပြုမလေးက အံ့သြသွားပြီး ‘ Oh.. no muscle” လို့ ဆိုကာ ပြုံးစေ့စေ့နဲ့ လက်မောင်းအစား တင်ပါးမှာ ထိုးပေးလိုက်ပါတယ်။ တင်ပါးမှာထိုးတာကလည်း ကျွန်မတို့ ရွာမှာဆေးထိုးခံရသလို ကုတင်ပေါ်မှောက်ပေးရတာမဟုတ်ပဲ ကျွန်မကမတ်တပ်ရပ်လျက်၊ သူနာပြုမလေးက ထိုင်ခုံပေါ်ထိုင်လျက်နဲ့ ဆေးထိုးခံရတာပါ။ ဆေးသောက်တဲ့ အခန်းမှာဆိုတော့ စမ်းသပ်ကုတင်မရှိလို့ လည်း ဖြစ်မယ်ထင်ပါတယ်။ 

ကျွန်မ TBCU ကို ၂ ပတ်ကြာရင်တစ်ခါလာပြရမှာပါ။  ဒီကြားထဲရက်တွေမှာ ဆေးသွားသောက်ဖို့ အိမ်/အလုပ် နဲ့နီးတဲ့  ကိုယ်အဆင်ပြေတဲ့ poly clinic တစ်ခုခုကိုရွေးခိုင်းပါတယ်။ အဲဒီဆေးခန်းကို  ကျွန်မ ဆေးလာသောက်မဲ့အကြောင်း TBCU က လှမ်းချိတ်ပါတယ်။ 
>>>> ဆက်ရန် 

8 comments:

Vista said...

ဆက်ပါ စမုတ်တံအချင်းချင်း လေ့လာသွားပါတယ် ဟဲဟဲ

ZT said...

မောင်ကြီးကို မေတ္တာထားတာ တွေတော့ အတော်တွေ့လိုက်ရတယ်။ ဟိ။ :P

Ko Boyz said...

အကြမ်းဖျဉ်းပါဟယ်..။
အကြမ်းမျဉ်းတော့ မလုပ်ပါနဲ့...။ အကြမ်းမျဉ်းဆိုလို့ အချောမျဉ်းများလဲ ရှိဦးမလားလို့...။
တော်ပြီ ညည်းအိမ်လာမလည်တော့ဘူး တီဘီကူးမှာ စိုးတယ်။ အာဟိ....။

Rita said...

ကိုဘတို့များ ညိုမြလုပ်သွားပြန်ပြီ။

တော်သေးတာ ဆေးကို အဲဒီ TBCU ထိ သွားသွားသောက်ရတာလားလို့။ နီးတဲ့နေရာပြောင်းပေးတယ်ဆို တော်သေးတာပေါ့။ ကြားဖူးတာတော့ ဆေးက အရမ်းနုန်းတယ်တဲ့။

myo said...

စမုတ်တံလက်က ဖောင်းကားနေတာပဲ

မောင်ဝေး said...

စမုတ်တံကို မှောင်ကြီးမဲမဲထဲ ဘာမှမမြင်ရဘူး။ နောက်တခါ ဖယောင်းတိုင်လေးဘာလေး ထွန်းမှပေါ့အေ။

busymozzee said...

လာလည်ပါတယ် စင်စင်ရေ..

MrDBA said...

အေးဟာ ညည်းနှယ့် ဖြစ်တုန်းကတောင်ပြောဘူး။ တကယ်ကို မသိလိုက်ဘူး။ အိမ်ကတစ်ယောက်တော့ အခုရွာပြန်သွားပြီ။ သူကတော့ သွေးပါတယ်ပြောတယ်ဟ။ ငါတော့ ကြောက်နေတယ်။ ဆေးစစ်ရကောင်းမလားတောင် စဉ်းစားနေတယ်။