Saturday, October 30, 2010

တီဘီမှတ်တမ်း အဆက်

ကျွန်မ ဆေးသွားသောက်ဖို့ Clementi Poly Clinic ကို ရွေးလိုက်ပါတယ်။ poly clinic ကိုသွားတဲ့အခါ ပထမဆုံးတစ်ရက်ပဲ register လုပ်၊ ဆရာဝန်နဲ့တွေ့ရပါတယ်။ နောက်တော့ appointment card လေးပေးလိုက်ပြီး အဝင်ဝ register လုပ်တဲ့နေရာမှာ DOTs patient လို့ပြောလိုက်ရင် ဆေးသောက်ရမယ့်အခန်းကို တန်းသွားနိုင်ပါတယ်။ ဆေးသောက်ရတဲ့အခန်းမှာ ဆရာဝန်မထိုင်ပဲ သူနာပြုများသာရှိပါတယ်။ အဲဒီအခန်းမှာ senior citizen အဘိုး၊အဘွားတွေ သွေးပေါင်ချိန်တာမျိုး ဆေးစစ်တာတွေ့ရတယ်၊ အနာတွေ ဆေးထည့်၊ ပတ်တီးစည်းတာတွေ့ရတယ်၊ နောက် တီဘီသမားတွေ ဆေးလာသောက်တာတွေ့ရပါတယ်။ တီဘီဆေးလာသောက်တဲ့ထဲမှာ လူမျိုးစုံ၊ လူတန်းစားစုံတွေ့ရပါတယ်။  သာမန်ထသွား ထလာပုံနဲ့ဆေးလာသောက်သူတွေ၊ safety boots နဲ့ အလုပ်ခွင်ယူနီဖောင်းနဲ့ ဆေးလာသောက်သူတွေ၊ မနက်စောစာဆေးခန်းဖွင့်စနဲ့ နေ့လည်ပိုင်းသွားမိရင် ရုံးကနေ ဆေးလာသောက်သူတွေ အစုံပါပဲ။ 

တီဘီကုထုံးကို DOTs( Directly-Observed Therapy) လို့ခေါ်သလို တကယ်ပဲ သေချာ စောင့်ကြည့်ပြီး ဆေးကျွေး၊ ဆေးထိုးလုပ်ပါတယ်။ နေ့စဉ်ဆေးသွားသောက်ရပါတယ်။  ဆေးခန်းပိတ်တဲ့ တနင်္ဂနွေတစ်ရက်စာနဲ့ အစိုးရရုံးပိတ်ရက်တွေအတွက်သာ အိမ်မှာသောက်ဖို့ ဆေးကို ထုပ်ပေးလိုက်တာပါ။ 


(အိမ်မှာသောက်ဖို့ ပေးလိုက်တဲ့ဆေးတွေကို ဓာတ်ပုံရိုက်ထားတာ၊ ဘယ်ရက်ကမှန်း မမှတ်မိတော့ဘူး၊ ကျွန်မကတော့ ဆေးအဖြူပြားအကြီး ၅ လုံး၊ အသေး ၁ လုံး၊ အဝါပြား ၂ လုံး၊ capsule ၂ တောင့် လို့မှတ်ထားလိုက်တာပဲ၊ ဆေးနာမည်တွေမှ မသိတာ၊ နောက်တစ်လ TBCU က ဆေးပြောင်းပေးလိုက်ပြန်ရင် ပြောင်းမှတ်ရပြန်ရော )

ကျွန်မဆေးခန်းရောက်လို့ appointment card ပေးလိုက်ရင် ကျွန်မရဲ့ IC နံပါတ်နဲ့ နာမည်ရွတ်ပြရပါတယ်၊ ဆေးသွားသောက်တာကြာလာလို့ ဆေးခန်းက သူနာပြုတွေနဲ့ ခင်မင်၊ မျက်မှန်းတန်းမိနေပေမယ့်လည်း တစ်ရက်မပျက်ရွတ်ပြရပါတယ်။ weight ချိန်ရပါတယ်။ ကျွန်မရဲ့နေ့စဉ်အလေးချိန်ကို စာရွက်ကြီးထဲမှာ မှတ်ပါတယ်။ ပြီးတော့မှ သူနာပြုက ကျွန်မရဲ့ နာမည်တပ်ထားတဲ့ စာအိတ်ညိုကြီးထဲက ကျွန်မရဲ့စာရွက်နဲ့ တိုက်၊စစ်ပြီး ကျွန်မသောက်ဖို့ ဆေးတွေကို တစ်ခါသုံးခွက်သေးလေးထဲ ထည့်ပေးပါတယ်။ (ကျွန်မ သောက်ရမယ့်ဆေးကို TBCU က ဆရာဝန်က ရေးပေးလိုက်တာပါ၊ ဆေးသောက်နေတဲ့ ၆ လလုံး တသမတ်တည်း မဟုတ်ပဲ၊ တစ်ခေါက်သွားပြပြီး ကျွန်မအခြေအနေကြည့်ပြီး ဆေးလုံးရေ လျော့တာ တိုးတာရှိပါတယ်)။ ပထမဆုံး ဆေးစသောက်ကတည်းက ကျွန်မသောက်ရမယ့်ဆေးကို ကိုယ့်ဘာသာ စစ်ပြီး မှတ်ထားဖို့ပြောပါတယ်၊ ဆေးက ၁၀ လုံး ပတ်ဝန်းကျင်၊ ပြီးတော့ ဆေးနာမည်တွေလဲ မသိတော့ အရောင်၊ အရွယ်အစား၊ အရေအတွက်ကိုသာ မှတ်ထားရတာပါ။ ဆရာမက ဆေးပေးပြီး အမြဲ ပြန်စစ်ခိုင်းပါတယ်။ ကျွန်မကလည်း အမြဲ စစ်ပြီးမှ သောက်ပါတယ်။ ဆေးထိုးဆေးသောက် အားလုံးပြီးရင် ကျွန်မရဲ့မှတ်တမ်းစာရွက်မှာ ဆရာမ လက်မှတ်ထိုးရပါတယ်။

နောက်ကျွန်မ လက်မောင်းကိုဆေးထိုးရပါတယ်။ ပထမ ၂ လမှာ နေ့စဉ်လား-တစ်ရက်ခြားလားမသိ မေ့သွားပြီ ၊ ဒုတိယ ၄ လမှာ ဆေးသောက်တာရော ဆေးထိုးတာရော တစ်ပတ် ၃ ရက်ပါ။ ( ရောဂါအခြေအနေကိုလိုက်ပြီး တစ်ယောက်နဲ့တစ်ယောက် တူချင်မှ တူမှာပါ၊ များသောအားဖြင့်က ပထမ ၂ လဆေးထိုးပြီးရင် နောက်ပိုင်းဆေးမထိုးရတော့ဘူးထင်ပါတယ်)။ ဆေးထိုးပြွန်ထဲ ဆေးစုပ်သွင်းပြီးတာနဲ့ အဲဒီသူနာပြုမလေးက အနားက တခြားသူနာပြုကို  Double Check ဆိုပြီး ဆေးထိုးပြွန်ထဲကဆေးပမာဏရယ်၊ ကျွန်မရဲ့ စာရွက်တွေရယ်နဲ့ တိုက်ပြီး စစ်ခိုင်းပါတယ်။ အနီးမှာ ရုတ်တရက် လူရှိမနေရင် ဘေးခန်းက တစ်ယောက်ကိုခေါ်ပြီး စစ်ပါတယ်။ ဘယ်လောက်ပဲ အလုပ်ရှုပ်နေနေ ဆေးထိုးတဲ့ရက်တိုင်း တစ်ရက်မပျက် စစ်ပါတယ်။ ဆေးထိုးပြီးတိုင်း ခဏလေးထိုင်ခိုင်းထားပြီး အိုကေရဲ့လား အမြဲမေးပါတယ်။ ဆေးထိုးတဲ့အခါ လက်မောင်းမှာ ထိုးရတာကြာလို့ နာရင် တင်ပါးကို ထိုးခိုင်းဖို့ အစကတည်းကပြောထားပါတယ်။ ကျွန်မရဲ့ အသားမရှိတဲ့လက်မောင်းမှာ ဆေးထိုးခံရတာလည်း တော်တော်မသက်သာပါဘူး၊ ဒါပေမယ့် poly clinic တို့ထုံးစံအတိုင်း လူနာများတာ၊ သူနာပြုတွေ အလုပ်ရှုပ်နေတာများတော့ ကိုယ့်အတွက် ကရိကထများလို့ တင်ပါးမှာ ဆေးထိုးမနေတော့ပဲ လက်မောင်းမှာပဲ ထိုးလိုက်တာပါပဲ။ လူနာကို ဆက်ဆံတဲ့အခါလည်း ပစ္စလခတ်၊ မောက်မောက်မာမာ ဆက်ဆံတာတစ်ခါမှ မတွေ့ရပါဘူး။ ဘယ်လောက်ပဲ အလုပ်များနေနေ ဂရုစိုက်မြဲ၊ ဖော်ဖော်ရွေရွေစကားဆိုမြဲဖြစ်ပါတယ်။ ကျွန်မကို အမြဲစိတ်ချမ်းသာစေတဲ့ Clementi Poly Clinic က သူနာပြုဆရာမလေးတွေကို အမြဲကျေးဇူးတင်နေပါတယ် (တခြားဆေးခန်းတွေလည်း ဒီလိုပဲ နေမှာပါ။ ကိုယ်ရောက်ဖူးတဲ့နေရာက လူတွေကိုသာ ညွှန်းလိုက်တာပါ )။

သူ့ဆေးခန်းမှာ တီဘီဆေးလာသောက်တဲ့လူတွေရဲ့ attendance ကို ညနေတိုင်း TBCU ကိုလှမ်းပို့ပေးရတယ်လို့ ခင်နေတဲ့ သူနာပြုမလေးကပြောပါတယ်။ တစ်ရက်က ညနေပိုင်း ၃ နာရီလောက် ဆေးခန်းကနေ မောင်ကြီးဆီကို ဖုန်းဝင်လာပါတယ်။ ကျွန်မဆေးလာမသောက်သေးလို့ လာသောက်ဖို့အကြောင်းပါ။ မောင်ကြီးက  ကျွန်မ မနက်အစောကြီးထဲက ဆေးသွားသောက်ပြီး ဖြစ်ကြောင်း ပြန်ပြောလိုက်တော့ သူတို့ စာရင်းတွေ သေချာပြန်ကြည့်ပါတယ်၊ ပြီးမှ ကျွန်မရဲ့ မှတ်တမ်းထဲပဲမှတ်ပြီး စာရင်းထဲ မမှတ်လိုက်မိလို့  ဆောရီးပါလို့ တောင်းပန်ပြီး ဖုန်းချသွားပါတယ်။ ကျွန်မတို့နှစ်ယောက်သားကတော့ “တော်တော်ဂရုစိုက်တာပဲ” လို့ မှတ်ချက်ချမိပါတယ်။

ဆေးစသောက်တဲ့ရက်ကစပြီး ကျွန်မလုပ်စရာရှိတာတွေကို ဆေးသွားမသောက်၊ မထိုးခင်မှာ သတိထားပြီး အပြီးလုပ်ထားပါတယ်။ ဆေးခန်းမှာနဲ့အိမ်အပြန်လမ်းမှာ အားတင်းထားရပေမယ့် ဆေးသောက်ပြီး ပြန်လာရင်အိပ်ရာထဲမှာ နာရီဝက် တစ်နာရီလောက် နားနေမှ အဆင်ပြေပါတယ်။ ဆေးထိုးခံရတဲ့ လက်မောင်းဘက်မှာ ဘာဆိုဘာမှ မဆွဲ၊ မသယ်ပါဘူး၊ ရောဂါပျောက်ချင်တဲ့အတွက် သာ သောက်နေ၊ထိုးနေရတယ်၊ မနက်မနက် ဆေးခန်းသွားခါနီးတိုင်း တွန့်မိပါတယ်၊ ဆေးအလုံး ကြီးကြီးတွေ ၁၀ လုံး၊ ၁၂ လုံးလောက် မျိုရတာ ပင်ပန်းပါတယ်။ မျိုပြီးရင်လည်း လည်ချောင်းမှာ တစ်ဆို့ဆို့နဲ့ ကျန်ခဲ့တာချည်းပဲ။ ဆေးထိုးခံရတာကလည်း ထိုးပေးတဲ့လူအပေါ်မူတည်လို့ နာတဲ့အခါနာ၊ မနာတဲ့အခါမနာပါဘူး၊ ထိုးနေတုံး မနာပေမယ့် တဖြည်းဖြည်းတော့ နာလာတာချည်းပါပဲ (တခါတလေ  အလုပ်ဝင်ကာစလား၊ ဆေးထိုးကျင့်မရသေးတဲ့ဆရာမလေးလားမသိ၊ သူဆေးထိုးရင် ကျွန်မမျက်နှာကိုပဲ ကြည့်နေတာ၊ မျက်နှာနည်းနည်းမဲ့လိုက်မိတာနဲ့ သူက ပျာသွားပြီး "နင်ရရဲ့လား၊ ဖြစ်ရဲ့လား၊ အိုကေရဲ့လား"တွေ မေးတော့တာပဲ၊ သူပျာပြီးမှားကုန်မှာ ကြောက်လို့  သူထိုးပေးတာနဲ့ကြုံရင်  နာပေမယ့် မျက်နှာအပြုံးမပျက်အောင် သတိထားရတယ်)။  ဆေးသောက်ရတာ၊ ဆေးထိုးရတာ စိတ်ညစ်မိရင် အလုပ်တစ်ဘက်နဲ့ ဆေးလာသောက်နေသူတွေ၊ အထူးသဖြင့် အလုပ်ကြမ်းဝတ်စုံနဲ့ ဆေးလာသောက်နေတဲ့လူတွေကို တွေးပြီး “ငါက နားနေလို့ရသေးတယ်။ သူတို့မှာ ဆေးသောက်ပြီးလည်း မနားရပဲ အလုပ်လုပ် နေရသေးတယ်”လို့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ရပါတယ်။ 

TBCU က ဆရာဝန်ဆီကို ၂ ပတ်တစ်ခါ ၃ ကြိမ်သွားပြီး နောက်ပိုင်း တစ်လတစ်ကြိမ်ပဲ သွားပြရပါတော့တယ်။ ကျွန်မ ဆေးသောက်ပြီး ၂ လခွဲလောက်မှာ ကျွန်မလည်ပင်းမှာ အကျိတ်တွေ့တယ်တဲ့၊ နောက်တစ်ခေါက်သွားအပြမှာလည်း ဒီအကျိတ်က မပျောက်သေးတော့ ဆရာဝန်က အကျိတ်ကနေ အသားစထုတ်ပြီးစစ်ဖို့ NUH ကိုစာရေးပေးလိုက်ပါတယ်။ ကျွန်မမှာ ဒီတစ်ခု ကုလို့ မပျောက်သေးဘူး၊ ကင်ဆာဖြစ်ပြန်ပြီလားဆိုပြီး စိတ်ချုံးချုံးကျရပြန်ပါတယ်။ ကံကောင်းတာက ကျွန်မကို biopsy စစ်ပေးမယ့် ဆရာဝန်ဆီရောက်တော့ လည်ပင်းက အကျိတ်ကို စမ်းမတွေ့ရတော့ပါဘူး၊ ကျွန်မက နေရာသေချာပြပြီးထပ်စမ်းတော့လည်း အကျိတ်က အရမ်းသေး သွားလို့ အဲဒီလောက်သေးရင် စစ်စရာမလိုဘူး၊ စစ်လို့လည်းမရဘူးလို့ ဆိုပါတယ်။ ဆရာဝန်ကို စမ်းသပ်ခပဲ ပေးရပြီး ဘာမှစစ်စရာမလိုတော့ပဲ အိမ်ကို ပျော်တပြုံးပြုံးနဲ့ ပြန်လာကြပါတယ်။

TBCU ကို ကျွန်မဆေးသောက်ရတဲ့ ၆ လအတွင်း ၁၀ ခေါက်သွားခဲ့ရပါတယ်။ သွားရတဲ့အခါ တချို့အခေါက်မှာ X ray ရိုက်ရတယ်။ တချို့အခေါက်မှာ သလိပ်စစ် (sputum test) လုပ်ရပါတယ်။ တချို့အခေါက်မှာတော့ နှစ်ခုလုံး စစ်ရပါတယ်။ ဆရာဝန်နဲ့ပဲတွေ့ရပြီး ဘာမှ စစ်စရာမလိုတဲ့ အခေါက်တွေလည်း ရှိပါတယ်။ သလိပ်စစ်တဲ့အခါ ခြံရဲ့နောက်နားကျကျမှာ သီးသန့်ရှိနေတဲ့ sputum test အခန်းဆီကို သွားပြီး bell တီးလိုက်ရပါတယ်။ အဲဒီအခါမှာ တာဝန်ကျဝန်ထမ်း (ကုလား အမျိုးသမီးတွေများပါတယ်/ အိန္ဒိယလား၊ ဘကုန်းလား၊ စလုံးလား၊ မလေးလား မသိလို့ အိန္ဒိယလို့မသုံးပဲ ကုလားလို့ သုံးလိုက်ပါတယ်။) က ရောက်လာပြီးသူ့ရဲ့ မျက်နှာကနေ တစ်ကိုယ်လုံးကို တစ်ခါသုံးဝတ်ရုံခြုံ၊ ပြီးရင် ကျွန်မက သူ့အခန်းလေးထဲဝင်ပြီး မှန်အကြီးကြီးရှေ့က မတ်မတ်ကုလားထိုင်မှာထိုင် (မှန်ကြီးကိုဘာလို့ ထားထားပေးလဲတော့မသိဘူး ၊ လှတပတလေး ပါးစပ်ဟတတ်အောင်များလား :P) ခေါင်းမော့ပြီး ပါးစပ်ကိုဖြဲနိုင်သမျှဖြဲပေးထားပါတယ်၊ သူက ထိပ်မှာဂွမ်းစလေးကပ်ထားတဲ့ တုတ်ချောင်းရှည်ရှည်နဲ့ ကျွန်မအာခေါင်ထဲက sputum ကိုယူပါတယ်။ ဗူးကလေးထဲထည့်ပြီး ဗူးကို ကျွန်မနာမည်ကို ကပ်ခွာနဲ့ကပ်လိုက်ပါတယ်။ ဓာတ်ခွဲခန်းကို သူ့ဘာသာသူဆက်ပို့မှာပါ။

TBCU မှာ အလုပ်လုပ်နေတဲ့ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ တခြားဝန်ထမ်းတွေဟာ အခြားကျန်းမာရေးဝန်ထမ်းတွေနဲ့စာရင် ကူးစက်လွယ်တဲ့ရောဂါနဲ့ နီးနီးနားနားနေတဲ့လူတွေပါပဲ။ နှာခေါင်းနဲ့ပါးစပ်အုပ်ထားတဲ့ mask အပြင် သူတို့မှာ တခြားကာကွယ်ရေးအစီအစဉ်တွေ လုပ်ပေးထားသလားတော့ မသိပါဘူး၊ sputum test ယူရတဲ့ ဝန်ထမ်းမျိုးဆို ကူးစက်နိုင်ဖို့ အလွယ်ဆုံးထင်တယ်။ တီဘီဆေးခန်းဆိုတော့ ကျွန်မအပါအဝင် တီဘီဝေဒနာရှင်တွေ အများကြီးပေါ့၊ အရွယ်စုံ ဆိုဒ်စုံ၊ လူမျိုးစုံပါပဲ၊ မြန်မာလူမျိုး ဆေးလာပြတာကို ၃ ယောက်လောက်ကြုံပါတယ်။ မြန်မာသူနာပြုတစ်ယောက်ကိုလည်း နောက်ဆုံးအခေါက်မှာ တွေ့ပါတယ်။ ထောင်ဝတ်စုံနဲ့ ဆေးလာပြတဲ့လူတွေကိုလည်း ခြေကျင်း၊ လက်ကောက်တွေနဲ့ ရဲအခြံအရံတွေနဲ့ တွေ့ရတတ်ပါတယ်။ ဒီကထောင်သားတွေက သန့်သန့်ပြန့်ပြန့်နဲ့ပါပဲ။ မောင်ကြီးကိုတော့ ပထမ နှစ်ခေါက်လောက်မှာ အဖော်ခေါ်သွားပြီး နောက်ပိုင်း ကျွန်မတစ်ယောက်တည်းပဲ သွားပါတော့တယ်။ မလိုအပ်ပဲ မတော်တဆ မကူးစက်စေချင်လို့ပါ။

TBCU ကိုရောက်ရောက်ချင်း appointment card ပေးလိုက်ရတယ်။ X ray ၊ sputum test စစ်ဖို့ လိုတဲ့အခေါက်ဆိုရင် ကောင်တာကပြောပါတယ်။ လိုတာတွေ အရင်စစ်ပြီး အဲဒီအဖြေတွေရမှ ဆရာဝန်နဲ့တွေ့ရပါတယ်။ ဆရာဝန်နဲ့မတွေ့ခင် weight ချိန်၊ မျက်စိစစ်ရပါတယ်။ မျက်စိစစ်တာ မျက်မှန်သမားတွေစစ်သလိုပဲ အဝေးကစာတွေဖတ်ပြ၊ စာအုပ်ထဲက အရောင်တွေရောနေတဲ့ ကိန်းဂဏန်းတွေဖတ်ပြရတာပါပဲ။ တီဘီဆေးက ပြင်းထန်လို့ မျက်စိကို ထိစေတယ်လို့ သိရပါတယ်။ ကျွန်မမျက်စိကိုတော့ အဝေးကြီးက စာလုံးသေးသေးလေးတွေကို လှမ်းမြင်နေရလို့ သာမန်ထက်ကောင်းနေတယ်လို့ သူနာပြုကပြောပါတယ် :P ။ ဆရာဝန်ဆီရောက်ရင် ကျွန်မ ရိုက်ထားခဲ့သမျှ ဓာတ်မှန်ချပ်တွေအားလုံး ရှေ့မှာချိတ်ထားပြီးတိုးတက်မှု၊ ဆုတ်ယုတ်မှုကိုကြည့်တယ်။ ကျွန်မကိုလည်းပြောပြပါတယ်။

ဆေးသောက်တာ ၂ လပြည့်တဲ့အခါ ကျွန်မရဲ့အဆုတ်တစ်ခြမ်းက ဆေးစသောက်ကတည်းက အခြားတစ်ခြမ်းနဲ့အရောင်မတူတာ အခုထိပဲ ဖြစ်နေတယ်။ အဲဒါနဲ့ ကျွန်မ PR လျှောက်တုံးက ဆေးစစ်ခဲ့တဲ့ဆေးခန်းမှာ X ray film သွားယူဖို့ ဆရာဝန်က စာရေးပေးလိုက်ပါတယ်။ အဲဒီအချိန်က ကျွန်မရဲ့ အဆုတ်ကိုစစ်ဖို့ပါ။ ဒါပေမယ့် ကျွန်မ ဆေးစစ်ခဲ့တာ နှစ်ချီပြီးကြာနေပြီမို့ Film ကို ပြန်ထုတ်ရင် ဖတ်မရအောင် ဝါးနေပြီဆိုလို့   ဆေးစစ်ခဲ့တဲ့ အဖြေကိုပဲ ၁၀ ပေးပြီးယူခဲ့ရပါတယ်။    X ray film ကိုလည်း ၁၀ ပေးပြီးထုတ်ရင်ရပါတယ်။ (ကျွန်မရဲ့ အဆုတ်တစ်ခြမ်းက ကျွန်မ ဆေးပတ်လည်လို့ ၆ လပြည့်တဲ့အခါ X ray ရိုက်တော့လည်း ဒီတိုင်း၊ ဆေးပတ်ပြည့်ပြီး နောက် ၆ လအကြာ တစ်ခေါက်ထပ်ချိန်း X ray ရိုက်တော့လည်း ဒီအတိုင်းပါပဲ)။

ကျွန်မငယ်ငယ်က မေမေပြောဖူးတာကို သတိရမိပါတယ်။ ကျွန်မမွေးကတည်းက ဂျဗဟုံးအပြာ ပါတယ်တဲ့။ (ဂျဗဟုံးအပြာဆိုတာ ဘာရောဂါဆိုတာ ကျွန်မမသိလို့ သိတဲ့လူရှိရင် ပြောပြသွားပေးကြပါ)။  ဗိုက်ထဲမှာ ချွဲတွေပြည့်နေလို့ အသက်မရှုနိုင်ဘူးတဲ့၊ ကျွန်မကိုမွေးပေးတဲ့ တိုက်နယ်ဆေးရုံလေးက ဆရာဝန်ကြီး ဒေါက်တာဦးဝင်းမြင့်က ကျွန်မဗိုက်ထဲကချွဲတွေကို ပိုက်နဲ့စုပ်ထုပ်ပေးလို့ ကျွန်မ အသက်ရှင်ရတာလို့ ပြောပါတယ်။ နောက်တစ်ခုက ကျွန်မ ငယ်ငယ်ကတည်းက လွယ်လွယ်နဲ့ ရင်ကျပ်တတ်တယ်။ ကျွန်မရဲ့ အဆုတ်က မွေးရာပါ ပြဿနာများလားလို့ ထင်မိပါတယ်။       

2010 ဇန်နဝါရီမှာ ကျွန်မဆေးသောက်တာ ၆ လပြည့်ပါပြီ။ TBCU မှာ ဆေးစစ်မှုအားလုံးလုပ်ပြီးချိန်မှာ ဆရာဝန်က ကျွန်မရဲ့ဆေးစစ်ချက်အရ တီဘီရောဂါကင်းစင်သွားပြီမို့လို့ ကျွန်မဆေးရုံကို ဆေးသောက်ဖို့ ထပ်လာစရာမလိုတော့ဘူးလို့ပြောပါတယ်။ နောက် ၆လ ပြည့်တဲ့နေ့မှာ ဆေးစစ်ဖို့ တစ်ခေါက်လာရပါမယ်။ အဲဒါပြီးရင် ပြီးပါပြီတဲ့။ ကျွန်မ သိပ်ကို ဝမ်းသာသွားတာပါပဲ။  ကျွန်မကို TBCU က Certificate  တစ်ခုထုတ်ပေးပါတယ်။ တီဘီရောဂါ ကုသမှုကို   အောင်မြင်စွာခံယူပြီးစီးကြောင်း.. ဘာညာကွိကွပေါ့။

Certificate ကိုမြင်တော့ ကျွန်မဖေဖေပြောတာ သတိရမိပါတယ်။ ဖေဖေ့သူငယ်ချင်းတစ်ယောက်က တံတားလေးစိတ်ကျန်းမာရေးဆေးရုံမှာ ဆေးကုသခံရတယ်တဲ့။ သူ့ရောဂါသက်သာလို့ ဆေးရုံက ဆင်းလာတဲ့အခါ ဆေးရုံက သူ့ကို လက်မှတ်တစ်ခုပေးလိုက်ပါတယ်တဲ့ (ကျွန်မရလာခဲ့တဲ့ လက်မှတ်မျိုးဆင်ဆင် ဖြစ်မယ်ထင်ပါ့) ။ လက်ဖက်ရည်ဆိုင်မှာ စကားဝိုင်းဖွဲ့ရင်း ငြင်းကြ ခုန်ကြတဲ့အခါ အဲဒီသူငယ်ချင်းက  “ဟေ့ကောင်တွေ ငါက မရူးကြောင်းလက်မှတ်ရှိတယ်ကွ၊ မင်းတို့သာ ……” လို့ အနိုင်ပိုင်းပြောတတ်ပါတယ်တဲ့ :P ။  (ရောဂါကူးမှာစိုးလို့ အိမ်ကို အလည်မလာဘူးဆိုတဲ့ ကိုဘ…… ငါက လက်မှတ်ရနော်… ငှင်းငှင်း)

တီဘီရောဂါကုသတဲ့အခါ TBCU မှာပြတဲ့ ဆရာဝန် consultation fees ၊ ဓာတ်ခွဲခန်းစမ်းသပ်မှု၊ X ray  တို့အတွက်ပဲ ငွေရှင်းရပါတယ်။ ဆေးသောက်၊ ဆေးစားအတွက် ပိုက်ဆံပေးစရာမလိုပါဘူး၊ consultation fees က ပထမဆုံးတစ်ခေါက်မှာပဲ ၄၀ လောက်ပေးရပြီး နောက်ထပ် အခေါက်တွေမှာ ၂၉ ကျပ် တခါတလေ ၃၉ ကျပ်ပါ။  ကျွန်မ Government subsidy ရတဲ့အတွက် ၄၆ % ပတ်ဝန်းကျင်လျှော့ပေးပါတယ်။ (လျှော့ပေးတဲ့ရာခိုင်နှုန်း အတိအကျမသိဘူး၊ မှန်းရေးထားတာ။) GST ၇% ကိုပေးစရာမလိုပါဘူး။ ကုန်ကျစရိတ်ကို ခန့်မှန်းလို့ ရအောင် invoice စာရွက်တွေပြန်ရှာပြီး ရေးပြထားပါတယ်။ အခြား pass နဲ့နေတဲ့လူ အတွက်က Government subsidy ငွေကို မနှုတ်ပဲထားရင် အကြမ်းအားဖြင့် ခန့်မှန်းနိုင်ပါလိမ့်မယ်။ ရောဂါအခြေအနေလိုက်ပြီး ဓာတ်မှန်နဲ့ ဓာတ်ခွဲခန်းစမ်းသပ်ခငွေက တစ်ယောက်နဲ့ တစ်ယောက်တူမှာမဟုတ်ပေမယ့်  ဒီကုန်ကျစရိတ် ပတ်ဝန်းကျင်မှာပဲ ရှိမှာပါ။

Visit
Total Charge (S$)
Gov. Subsidy (-)
Payable Amount
Poly Clinic
34.50
0
34.50
1st visit to TBCU
284.72
129.27
155.45
2nd visit to TBCU
131.02
61.11
69.91
Clementi Poly Clinic (registeration)
14.70
0
14.70
3rd visit to TBCU
38.32
9.32
29
4th visit to TBCU
163.98
74.88
89.10
5th  visit to TBCU
38.32
9.32
29
6th  visit to TBCU
38.32
9.32
29
7th  visit to TBCU
58.93
17.07
41.86
8th visit to TBCU
28.97
0
28.97
9th visit to TBCU
28.97
0
28.97
Last visit to TBCU
151.63
68.86
82.77
6 months after completing medication
70.15
27.26
42.86
Total
မသိလိုပါ

မပေါင်းလိုပါ… :(

ကျွန်မ Certificate ရပြီး နောက်၆ လအကြာမှာ TBCU ကိုနောက်ဆုံးတစ်ခေါက်သွားပြီး x ray စစ်ရပါသေးတယ်။ ဒီတစ်ခါမှာတော့ ကျွန်မရဲ့ appointment card မှာ ဒီကဒ်ကိုသုံးပြီး နောက်တစ်ခေါက်ထပ်လာလို့ မရတော့ကြောင်း တံဆိပ်တုံးပါထုပေးလိုက်ပါတယ်….  ပျော်လိုက်တာ…. ။

ကျွန်မ ပထမဆုံးအခေါက် TBCU သွားတော့ မောင်ကြီးကို ဆေးစစ်ဖို့မလိုကြောင်း ဆရာဝန်က ပြောပေမယ့် နောက်အခေါက်တွေမှာလည်း မလျှော့သောဇွဲလုံ့လနဲ့ သူ့ကိုဆေးစစ်ချင်ကြောင်း တောင်းဆိုပါတယ်။ ၃ ခေါက်မြောက်မှာတော့ ဆရာဝန်က “သူ့မှာ မင်းလိုရောဂါလက္ခဏာ ပြသလား၊ ချောင်းဆိုးသလား၊ သလိပ်ထွက်သလား၊ သွေးပါသလား၊” စသဖြင့်မေးတော့ “သူ့မှာ ဘာလက္ခဏာမှ မပြပါဘူး”လို့ ပြန်ဖြေရပါတယ်။ “သူ့ကို မလိုအပ်လို့ဆေးစစ်မပေးတာပါ။ လိုအပ်ရင် စစ်ဆေးမှာ၊ စိတ်မပူပါနဲ့လို့” (မရှည်တဲ့စိတ်ကို ဆွဲဆန့်ပြီးတော့လားမသိ) ပြောပါတယ်။ အဲဒီတော့မှ ကျွန်မ ငြိမ်သွားပါတော့တယ်။

စင်ကာပူက ဆရာဝန်ဆီမှာ ငြိမ်သွားပေမယ့် မြန်မာပြည်က မိတ်ဆွေဆရာဝန်ဆီကို အီးမေးလ်ပို့ပြီး လှမ်းမေးပြန်ပါတယ်။

SOE: no worry
 me: အမျိုးသားကို ဘာလို့ မစစ်ခိုင်းတာလည်း မသိဘူးနော်
  သူ့ကို ကူးနေမှာ စိုးလို့
                SOE: no worry,   i think u r NOT in the INFECTIOUS stage 
ဆိုတော့မှ ကျွန်မ စိတ်လျှော့လိုက်ပါတယ်။ 

 ကျွန်မ မြန်မာပြည်ပြန်ပြီး ဆေးကုသခံသင့်မခံသင့်လည်း မေးကြည့်ပါတယ်။ ရွာမှာ ခြံကျယ်၊ ဝင်းကျယ်နဲ့ လေကောင်းလေသန့်ပိုရလို့ ပိုကောင်းမယ် ထင်လို့ပါ။ ဒါပေမယ့် ဒေါက်တာက ကျွန်မကို ဒီမှာကုသခံတာ ပိုကောင်းတယ်လို့အကြံပေးပါတယ်။ မြန်မာပြည်မှာရှိနေတုံးဖြစ်ရင် မြန်မာပြည်မှာပဲ ကုဖြစ်မှာ၊ ခု ဒီမှာ ရှိနေတုံးဆိုတော့ ဒီမှာပဲ ဆက်ကုလိုက်ပါတော့တယ်။ နောက်ကျွန်မကို တီဘီဆေးသောက်နေစဉ် အတောအတွင်း Contraceptive pills     သောက်နေဖို့ သတိပေးပါတယ်။ သောက်တဲ့ဆေးကလည်း ပြင်း၊ x ray လည်း မကြာခဏရိုက်နေရမှာမို့  သန္ဓေသားကိုထိခိုက်နိုင်တော့  တားဆီးထားတာ အကောင်းဆုံးလို့ ပြောပါတယ်။ 

ဒါက မပဲခူးသူရဲ့ TB and TV  အတွေ့အကြုံပါ။ 
သတင်း။       ။reentry visa renewal လည်း မကြာခင်ကပဲ သက်တမ်း ၅ နှစ်ထပ်တိုးလို့ ရသွားပါတယ်။ on line ပဲ တိုးလိုက်တာပါ။ 
တီဘီရောဂါအကြောင်းရေးထားတဲ့ စာတွေကို အောက်က လင့်ခ်တွေမှာ စုထားပေးပါတယ်။ 
1 
2 
3 
4 

14 comments:

myo said...

မသိလိုပေမယ့် ဝါသနာအရပေါင်းပေးခဲ့တယ်
tatal charges က $1082.53 ဖြစ်ပြီးတော့ net payable က $676.09 တဲ့ တော်တော်သက်သာသွားတာပဲ.. money ကိုပြောတာနော်

(ဂဏန်းမြင်ရင်စားပြီးသား အဲလေ ပေါင်းပြီးသားဆိုတာ နာပဲ)

Ko Boyz said...

အွန်လိုင်းတိုးရင် လူတိုင်း ငါးနှစ်ရတယ်လေ...။
၂နှစ်နေလို့အရှင်းပျောက်မှ လာလည်မယ်...။

Rita said...

ဈေးကြီးလိုက်တာနော်။
စင်ကာပူ စင်ကာပူ

ကျေးဇူး မမစင်

ZT said...

တိုက်တိုက်ဆိုင်ဆိုင် မနေ့က ဆရာဝန်မက တီဘီရှိတဲ့သူရဲ့ sputum ကို နှာခေါင်း မအုပ်ဘဲ ကြည့်မိလို့ ကူးရင်တော့ ကွိုင်ပဲ လို့ ပြောနေတာ။ အဲဒါ မစင် ပို့စ်ဖတ်ပြီး တီဘီ ရှိလည်း ကုရင် ပျောက်ပါတယ် လို့ သွားပြောမိလို့ တီဘီတိုင်း ကုလို့ မပျောက်ဘူးလို့ ကောသွားသေးတယ်။ :D

ဂျဗဟုံးအပြာ ဆိုတာ ဘာလည်းလို့ ပြောတဲ့သူ မရှိရင် နောက်တစ်ခါ အမေ့ကို ဖုန်းဆက်ဖြစ်ရင် မေးပေးမယ်။

Rita said...

မမစင် post ဖတ်ပြီး ဘယ်လောက်ကြာကြာ၊ ဘာတွေ သောက်ရသောက်ရ ပျောက်တယ်ဆို တော်သေးတယ်လို့ တွေးနေမိတာ။ ကို zt ရေးတာဖတ်ပြီး မျက်လုံးပြန်ပြူးသွားပြန်တယ်။

ThuHninSee said...

ငွေကုန်ကောင်းလေးပဲ။ စင်ကာပူမှာနေတာ ဘယ်က တီဘီက ကူးတာလဲဟင်။
မစင်ဆိုတော့ နံမှာပဲနော်။

MrDBA said...

ဘယ်ကနေကူးလာလဲဆိုတာ စဉ်းစားလို့ မရဘူးလား မယ်ဆင်။ ဈေးအများကြီး မကျပါဘူးလေ။ အဲလောက်ဆို အာမခံကနေ ပြန်တောင်းလို့ မရဘူးလားဟ။

NSA said...

ဘယ်ကကူးမှန်းတော့ မသိလိုက်ဘူး...
ကိုယ့်မှာ ကိုယ်ခံအားနည်းနေချိန်ဆိုရင် (ဆေးသောက်မထားတဲ့) တီဘီပိုးရှိသူက ကိုယ့်အနားမှာ ချောင်းဆိုး၊ နှာချေလိုက်ရုံနဲ့ ပိုးက လေထဲကနေ ကိုယ့်ဆီကူးလာနိုင်တယ် လို့ စာအုပ်ထဲမှာ ဖတ်ဖူးတာပဲ.... ။ ရထားစီး၊ ကားစီး သွားရင်း၊ လာရင်းလည်း ကူးနိုင်တာပဲလေ...။

သစ်သစ် said...

ဆင်ဆင် အတွေ့အကြုံအသစ်လေးတွေ ဖတ်ချင်ပါသေးတယ် များများရေးပါ....

Anonymous said...

ငယ်တုန်းကတော့ အဆုပ်အအေးပတ်တတ်တယ်..။
အရင်က အလုပ်မှာတူတူလုပ်သူက
အဲ့ရောဂါရှိတယ်..။
ဘယ်လောက်စားစား မဝဘူး..
ပိန် ပိန်လေး..။


ပေါက်

Vista said...

ဂဏန်းမြင်ရင်စားပြီးသား စာရင်းကိုင်မမ ကလည်းနော် ကတောက် ..

Rita said...

ပေါက် ရေးတာ ဖတ်ရတာလည်း အားမရှိစရာ။ ဘယ်လောက်စားစား မဝတဲ့သူတွေ တီဘီရှိနေသလိုပဲ။
=(

Anonymous said...

တီဘီဆေးသောက်ရင် တအားဝ လာမယ်လို့ ပြောကြတယ်...။
ပိန်ကျသွားတဲ့ အလေးချိန်တော့ ပြန်တက်လာတယ်.. ဒါပေမယ့် တအားဝမလာဘူး..အရင်တိုင်းပဲ...
ဆေးစသောက်တော့ ၄၅ ကေဂျီပဲ ရှိတယ်... တဖြည်းဖြည်းတက်လာတာ ၅၀ ကေဂျီ ပတ်ဝန်းကျင် မှာရပ်သွားတယ်..
၅၀ ကေဂျီက အမြဲရှိနေကျ အလေးချိန်ပဲ


NSA

Thet Nandar's Family said...

ဘေဘီလေး ရှိနေပီဆိုတော့ ပျော်စရာကြီးပေါ့နော် SDL. ၀မ်းသာ ဂုဏ်ယူပါတယ်။ NSA ဘလော့ကို စက်တင်ဘာ ၂၀၀၉ ကတည်းက google reader ကနေ အမြဲဖတ်ပါတယ်။