Friday, December 2, 2011

Happy 4th Anniversary on 2nd December

ချမ်းမြမြ ဒီဇင်ဘာ၏မနက်အာရုံမတက်သေးခင် မီးလင်းနေသောအိမ်တစ်အိမ်ရှေ့သို့ ကားအဖြူ တစ်စင်း ဆိုက်လာသည်။ တိုက်ပုံအကျီအဖြူ၊ ပိုးပုဆိုးနက်ပြာရောင်ဝတ်ထားသောလူငယ်သည် ကားနောက်ခန်းမှ ဆင်းလာကာ တံခါးဖွင့်ထားသောအိမ်တွင်းသို့ တန်းဝင်သွားလေသည်။

ဧည့်ခန်းထဲက ခုံမြင့်ပေါ်မှာ အလှပြင်ဆရာမာမီ၏ အပြီးသတ် ပုဝါခြုံပေးခြင်းခံနေသော မိန်းကလေးသည် ကားဆိုက်ကတည်းက သိပါလျက် လူငယ်အိမ်ထဲဝင်လာမှ မျက်လွှာ ချထားရာမှ မော့ကြည့်ကာ ရှက်စနိုးဖြင့်ပြုံးပြသည်။ ဘေးမှာရပ်ကြည့်နေသော မိန်းကလေးနှင့် အသက်တူ ညီအစ်မဝမ်းကွဲ၊ လူငယ်၏သူငယ်ချင်းလည်းဖြစ်သူ (အလှပြင်ဆရာငှားပေးသူ)က

"ဟေ့.... ညီညီ.. လှလား"  ဟုလှမ်းမေးသည်ကို လူငယ်က မိန်းကလေးဆီမှ အကြည့်မခွာပဲ "အရမ်းလှတယ်" ဟုပြန်ပြောလိုက်သည်။

ထို့နောက် ပိုးရင်ဖုံးအကျီအဖြူ၊ အဖြူခံမှာ နက်ပြာရောင်အချိတ်လုံချည်နှင့် အပြာနုရောင်ပုဝါပါး ခြုံကာ နောက်တွဲဆံထုံးထုံးထားသောမိန်းကလေးသည် သူ့ဘဝတစ်ခုလုံးပေးအပ်လိုက်သည့် အသွင်ဖြင့် သူ့ညာလက်ဖဝါးကို လူငယ်ကမ်းပေးသော ဘယ်ဘက်လက်ထဲထည့်၍ မင်္ဂလာဦး ဆွမ်းကပ်မည့် ခေမာသီဝံဘုန်းတော်ကြီးကျောင်းသို့ အာရုံဆွမ်းကပ်အမီ ထွက်သွားကြတော့သည်။

နောက် ၄ နှစ်အကြာ

မနက်မိုးလင်း ကလေးကိုသန့်ရှင်းရေးလုပ် အဝတ်အစားလဲပေးနေသော အမျိုးသမီးသည် ညက facebook ကသူများ status မှာဖတ်ထားသော Sweet December တို့ ဒီဇင်ဘာည တို့ကို အိပ်ချင်မူးတူး တွေးနေရင်း တစုံတခုကို အမှတ်ရကာ အိပ်ရာထနောက်ကျ၍ ရေတက်သုတ်ရိုက် ချိုးနေရသူ ခင်ပွန်းကို 

"ကို...ကို " (အလန့်တကြားအသံဖြင့်... ရေကျသံဆူနေသောကြောင့် အသံကိုထပ်မြှင့်သည်)

"ဟေ" (သူ့အသံကလည်း အလန့်တကြားပဲ ၊ ကလေးလွတ်ကျပြီများထင်သလားမသိ)

"ဒီနေ့ ၂ ရက်နေ့နော်"

"အေးလေ"

"ဒီဇင်ဘာလနော် "

"အေးလေ...ဒီနေ့ ဒီဇင်ဘာ ၂ ရက်"

"ဒါဆို ဒီနေ့ ၄ နှစ်ပြည့်ပြီ" (ကျွဲမြီးတိုသံပါလာသည်။)

"ဘာ ၄ နှစ်ပြည့်တာလဲ"

"...................." (စိတ်ထဲမှ ဟင်း.... ဒါတောင်မမှတ်မိဘူး၊ ငါကကျ မှတ်မိရတယ်၊ facebook ကဖတ်ထားတာတွေ ပြန်တွေးရင်း... အဲလေ...............)

ရေချိုးခန်းထဲမှ ရေသံရော၊ စကားပြောသံပါ ခဏတိတ်သွားသည်။

"ဘာ ပြည့်တာလဲ ၊ ၄ နှစ်က" ( ရေချိုးခန်းတံခါးပွင့်လာကာ  ဘုမသိ၊ ဘမသိပုံဖြင့် အမျိုးသား၏ရေစိုမျက်နှာပေါ်လာသည်။ )

"နင်နဲ့ငါနဲ့ မင်္ဂလာဆွမ်းကျွေးတာ၊ နင်နဲ့ငါနဲ့ ရတာ၊ နင်နဲ့ ငါနဲ့ အိမ်ထောင်ကျတာ ၄ နှစ်ပြည့်တာဟေ့....." (အသံကျယ်ကျယ်ဖြင့်)

အမျိုးသားက အပြစ်လုပ်မိသူကဲ့သို့ ပြုံးရမလို၊  တည်ရမလို အိုးတိုးအတ ဘာပြောရမှန်း မသိ ဖြစ်နေစဉ်  အရေးကြီးသောနေ့ကို အရင်သတိရသောအမျိုးသမီး ကား အောင်နိုင်သူစတိုင်ဖြင့် ခပ်ဝင့်ဝင့် ။

ထိုစဉ် မွေ့ရာပေါ်မှာထိုင်နေသောကလေးက သူတို့ နှစ်ယောက်မျက်နှာကို တလှည့်စီကြည့်ကာ "တဟင်းဟင်း" မာန်မဲလေတော့သည်။ အဲဒီတော့မှ သူတို့ နှစ်ယောက်လုံး သမီးကို သတိရကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ပြိုင်တူ ထ ရယ်မိတော့သည်။
(သမီးသည် သူ့ရှေ့မှာ လူ နှစ်ယောက် စကားအပြန်အလှန် ခပ်ကျယ်ကျယ်ပြောတိုင်း မကြိုက်သည့်အမူအယာပြသည်။ တဟင်းဟင်း မာန်မဲတတ်သည်။ )

♥♥♥၂၀၁၁ ဒီဇင်ဘာ ၂ရက် လေးနှစ်မြောက်မင်္ဂလာနှစ်ပတ်လည် အမှတ်တရ♥♥♥

မင်္ဂလာသက် ၄ နှစ်ရှိတော့ ပြန်သုံးသပ်မိသည်။ ကျွန်မတို့ တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုပိုများလာတယ်။ ထားရှိနိုင်ဖို့ခက်ခဲတဲ့ နားလည်မှုဆိုတာ ခွင့်လွှတ်မှု၊ သည်းခံမှု တို့ကိုပါ ရောပြောလိုက်တာပါ။
တစ်ယောက်အပေါ်တစ်ယောက် တခါတလေ စိတ်အခန့်မသင့်ဖြစ်တတ်ကြပေမယ့် ကျွန်မကို အမြဲသည်းခံသော၊ သူချစ်တတ်သလို ချစ်သော၊သူ ဂရုစိုက်တတ်သလောက် ဂရုစိုက်သော၊ သူ အလိုလိုက်တတ်သလို အလိုလိုက်သော ချစ်ခင်ပွန်းကို ကျေးဇူးအကြီးကြီးတင်ပါသည်။



9 comments:

သစ်သစ် said...

ရင်တွေတောင်အပြတ်အသတ်ခုန်သွားပြီ....ဟိ

NSA said...

ဟမ်.. မြန်လိုက်ထှာ.. မပြီးခင်လာမန့်သွားတယ်ထင်တယ်..

မြူးမြူး said...

Happy Anniversary!!!! :)

Vista said...

နင်နဲ့ ငါနဲ့ ရတာ ဟိဟိ...

Rita said...

3 Dec 11, 09:59 AM
RITA: ကို ... ကို ဆိုပါလား လား လား

3 Dec 11, 09:59 AM
RITA: မောင်ကြီး မောင်ကြီးနဲ့ ရေးတော့ 'မောင်' လို့ခေါ်တယ် မှတ်နေတာ။'

Anonymous said...

အဲလိုသတိပေးရတတ်ပေမဲ့ နောက်ဆုံးတော့ အများကြီးချစ်ပါတယ်မို့လား...
ကို...ကို ဆိုတာ ကို တစ်လုံးခေါ်ပြီးရေသံနည့်မကြားလို့ နောက်တစ်လုံးထပ်ခေါ်တာလား... ဒါမှမဟုတ်နှစ်လုံးတွဲလားရှင်းအောင်ရေးပါ..

ပုံ
တီတီတောတော

Anonymous said...

:)
mm

Anonymous said...

နှစ်တစ်ရာတိုင်ပါစေ မေတ္တာမယိုင်သလေ.. :D

Thandar Lwin said...

အဲဒီအချိန် ခင်နေပြီ ကို လာလာဖတ်နေတာ ဒီပို့စ် တက်တာ ဘာလို့မသိပါလိမ့် လို့ ...း) တို့လဲ ဒီဇင်ဘာ မှ လက် မှတ်ထိုးတယ်ထင်တယ် ..ကြာပြီဆိုတော့ ပြန်ကြည့်မှ အမှတ်ရတော့တယ် .ဟီးဟီး