Friday, December 30, 2011

သွ..သွာ..သွား....

သမီးလေး ၉လနဲ့ ၉ ရက်ပြည့်တဲ့နေ့ (2011 ဒီဇင်ဘာ 27) မှာ သွား စပေါက်တယ် ။ အောက်ဘက်၊ ဗယ်ရှေ့သွားဖြူဖြူလေးပြူနေတာကို အလျင်ဆုံးသိတဲ့သူက သမီးရဲ့ ဖေဖေပေါ့။ သမီး သွား စပေါက်တာ သူအရင်ဆုံးသိတဲ့လူဆိုတော့ မေမေ့ကို ဝင့်ဝင့်ကြွားကြွား အသိပေးတာလေ ...။ အောက်ဘက် ညာရှေ့သွားလေးလည်း မကြာခင် ထွက်တော့မှာ ဆိုတာတော့ မေမေအရင်သိတာနော်..သမီးရေ...။ သမီးဘဝရဲ့ ပထမဆုံး သွားလေးကို မေမေတို့ဓာတ်ပုံရိုက်ဖို့ ကြိုးစားပေမယ့် ပါးစပ်ဟ ခိုင်းတိုင်း သမီးက လျှာကြီး ထုတ်လာပြီး ကွယ် ကွယ်ထားတော့ ရိုက်မရဘူးလေ...။

"ကလေးသွားပေါက်ရင် ကိုက်တတ်တယ်၊ နာတတ်တယ်၊ သူကိုယ့်ကို ကိုက်တာနဲ့ နှာခေါင်း ခဏပိတ်လိုက်၊ သူပါးစပ်ဟ လာပြီးလွှတ်ပေးလိမ့်မယ်" ဆိုပြီး မေမေ့ကို သင်ပေးခဲ့သူတွေ အများကြီးပဲ။ သမီးကြီးကြီးဂွမ်းပုံရောပေါ့။ ဒါပေမယ့် သမီးလေးကတော့ မေမေ့ကို တစ်ခါမှ နာအောင်မကိုက်သေးဘူး၊ ခုသွားပေါက်ပြီးမှဆို တစ်ခါမှ မကိုက်သေးဘူး၊ အရင်ကတော့ သွားဖုံးယားလို့ တခါတလေ ကိုက်တတ်တာ။ ခုတော့ သမီးက ကိုယ့်လက်ညှိုးကိုယ် ပါးစပ်ထဲက မထုတ်စတမ်း ကိုက်နေတော့တာ။ မေမေတို့ ထုတ်ပေးလည်း မရဘူးလေ..။

သမီးရဲ့ ငယ်သွားလေးတွေကတော့ ကလေးအများစုလိုပုံစံလေးဖြစ်မှာပါ။ ကြီးသွားလေးတွေသာ ဘယ်လိုများဖြစ်လာမှာလဲ လို့ မေမေက ကျော်ပေါက် သိချင်နေသေး တာ။ ကြီးကြီးဂွမ်းပုံသား၊ သမီးရဲ့ကိုကိုဖိုးသာထူးက ကြီးသွားတွေပေါက်တော့ သူ့သွားတွေက ခပ်ကြီးကြီးတွေလေ.. သူက မေမေ့ရှေ့မှာ ကာတွန်းဖတ်ရင်း ပါးစပ်ဟ ရယ်ရင် "ဖိုးသာထူး.. သားလေးပေါက်တူးကြီးနဲ့ အန်တီ့ကို ခုတ်မိအုံးမယ်" ဆိုပြီး မေမေက အမြဲ စ တယ် ။ သူ့ကို စ ထားတာ မေမေ့သမီးလေးလည်း သွားပေါက်တူးလေးတွေများရနေမလားဆိုပြီး ရယ်လည်းရယ်ချင်တယ်။ 

ကိုကိုသာထူးက ဆော့လွန်းတော့ မေမေကသူ့ကို "ယင်မနားစိန်" "စိန်မျောက်မျောက် " "လီယောင်မျောက်"  ဆိုပြီး အမျိုးမျိုး ကင်ပွန်းတပ်ပြီး စ တာလေ..  ။ မေမေ သမီးလေးရတော့ သမီးလေးသာဆိုတယ် ငယ်ငယ်လေးနဲ့ မျောက်ရှုံးအောင်ဆော့ ၊ ရုပ်က ပြောင်နဲ့ ဆိုတော့ မေမေ ဝဋ်လည်တာဖြစ်မှာပေါ့.. :P

သမီးလေးရယ်ရင် မေမေက ဓာတ်ပုံတွေ တအားရိုက်၊ "သမီး သွားဖုံးတွေနဲ့ရယ်တာ ဝအောင် ကြည့်ဖို့ အများကြီးရိုက်ထားတာ၊ နောက်တစ်ခါ သမီးသွားဖုံးတွေနဲ့ ရယ်တဲ့အချိန်ကျ တို့တွေ သက်ရှိထင်ရှား ရှိကြတော့မှာ မဟုတ်ဘူး" လို့ သမီးဖေဖေကိုလည်း ပြောသေးတာ။ 

သမီးလေး အဆင့် (၁) ဆင့်တိုးတက်လာတဲ့ အထိမ်းအမှတ် ဒီစာလေး ရေးလိုက်ပါတယ်။ 


3 comments:

Anonymous said...

ကိုက်ပါစေ..
ကိုက်ပါစေ...


ပုံ..။
ကြောက်ကြောက်ပီး

Rita said...

ကောင်းလိုက်တဲ့ အိုက်ဒီယာ မမစင်။
မမစင်ကို ဒီတိုင်းကြည့်ရင် ဒီလောက်ကောင်းတဲ့ အိုက်ဒီယာတွေ ထွက်လာမယ် မထင်ရဘူး။

ဒီလိုမျိုးစာတွေ ရေးချင်လိုက်ထာ =P

NSA said...

တနေ့တော့ ရေးရလိမ့်မည်။