Saturday, February 4, 2012

သမီးရဲ့ ကျန်းမာရေး(၁)

သမီးလေးနေမကောင်းရာကနေ ပြန်သက်သာလာပါပြီ။
မီးမီးနေကောင်းသွားပြီ။

မီးမီး သိပ်နေမကောင်းဘူး။


လွန်ခဲ့တဲ့ ၅ ရက်က မိုးစွေနေချိန် ရေနွေးစပ်ပြီးရေချိုးပေးတယ်။ ပြီး အနွေးထည် ဝတ်မပေးပဲ (မိုးပက်လို့ ပြတင်းပေါက်ပိတ်ထားရတော့ အိုက်စပ်စပ်ဖြစ်လို့ ဆိုပြီး) အဲကွန်းဖွင့် သိပ်လိုက်တယ်။ ညနေ နိုးရာက စ ကိုယ်ပူတာပဲ။ ညကျ သမီး ထထ ငိုတယ်။ ခါတိုင်းလို နို့တိုက်ရုံနဲ့ မတိတ်၊ ရင်ခွင်ထဲ ပွေ့ထားတော့လည်း ငိုတုံးပဲ၊ ချီထားပြီး ဧည့်ခန်းထွက် လမ်းလျှောက်နေရတယ်။

ညဘက် ငိုနေလို့ ချီပြီး ထ လမ်းလျှောက်ရတယ်ဆိုတာ သမီးလေး အသက် ၁၀လခွဲအတွင်း ဒါ ပထမဆုံးအကြိမ်ပဲ၊ သိပ်သန္ဓေ္ဒကောင်းတဲ့ သမီးလေး ၊ ဝေဒနာပြင်းရှာလို့သာ အိပ်ရာထဲ မနေနိုင်တာပဲဆိုပြီး အမေ့မှာ စိတ်မကောင်းဖြစ်လိုက်ရတာ။ ယိုင်တိုင်တိုင် အမေ့ကို နား ခိုင်းပြီး အဖေ တလှည့်ချီလို့လည်း မရ၊ အမေမှ အမေပဲ။ နာရီဝက်လောက်နေမှ အိပ်ပျော် သွားတယ်။ ဒါပေမယ့် ကိုယ်ပူက သိပ်မကျဘူး၊ ဖေဖေတိုင်းတော့ အဖျား 101 ကျော် ရှိတယ်တဲ့၊ ညဦး အိပ်ကာစ ကတည်းက Bye Bye Fever ဆိုတဲ့ ကိုယ်ပူအေးတဲ့ အပြားလေး နဖူး ကပ်ထားပေး မိလို့ တော်သေးတယ်။ ဒါကလည်း ကပ်ထားတဲ့ နေရာ အေးသွားရုံပဲ ၊ဆေး မဟုတ်ဘူး လို့ သူ့အိတ်မှာရေးထားတယ်။

ကိုယ်ပူသက်သာတော့လည်း  နေပူကျဲတောက်မှာ သွားမိမှ ပိုဆိုးသွားမှာစိုးလို့ ဆရာဝန်ဆီ မပြဖြစ်လိုက်တာ။ ကြားမှာ တစ်နေ့ကို ဝမ်း ၂ ခါ၊ ၃ ခါ သွားတယ်။ခါတိုင်းလည်း တခါတလေ သွားနေတာပဲဆိုပေမယ့် ဝမ်းသွားကာနီးရင် (အငြိမ်လုံးဝ မနေ တလစပ်ဆော့နေတတ်တဲ့ ) သမီးက သိသိသာသာငြိမ်ကျသွားတယ်။ အဲဒီချိန်ဆို အဖေနဲ့ အမေမှာ ခါတိုင်းလို သမီး ရယ်လိုရယ်ငြား၊ နောက်က လိုက်လုပ်လိုလုပ်ငြား အမျိုးမျိုး ပြောင်ပြ၊ လုပ်ပြရင်း စိုးရိမ်တကြီး အကဲခတ်နေရတာ၊ ဝမ်းသွားရင်လည်း အရည်တွေကိုပဲ အီးအဲ မြည်အောင် ညှစ်၊ ချွေးသီးချွေးပေါက် ကျပြီးမှ နေလို့ထိုင်လို့ ကောင်းသွားတဲ့ပုံပဲ၊ အဖျား မရှိတော့ပေမယ့် ခေါင်းကတော့ ပူ ပူနေတာပဲ။

မနေ့က သမီးပြဖူးတဲ့ ကလေးဆရာဝန်ဆီသွားတော့ ရောဂါလက္ခဏာက Stomach Virus ဝင်တာတဲ့။ ဒီရက်ပိုင်းအတွင်း ကလေးအများစု ဒီလိုဖြစ်နေကြတယ်တဲ့။ သမီးက infant care မှာ ထားတာလားလည်းမေးတယ်။ အရင် ၁ လခွဲလောက်က သမီးနေမကောင်းလို့ လာပြတော့လည်း ဒီတိုင်းပဲဆိုတာ အမေသတိရလိုက်တယ်။ ဒီတိုင်းပဲ မှတ်ချက်ချပြီး၊ ဒီဆေးပဲ ပေးလိုက်တာ။ အိမ်မှာပဲနေ၊ အမေ့နို့ကိုပဲစို့တဲ့ သမီးလေးဘာကြောင့် ဒါမျိုး ၂ ခါဖြစ်ရတာပါလိမ့်၊ ကူးစရာမရှိ၊ နို့ဗူးမသန့်တဲ့ ပြဿနာလည်းမရှိရပါပဲ၊ သမီးကို အမေ ပိုဂရုစိုက်ဖို့ လိုနေပြီပေါ့။

အရင် သမီး ၉လသမီးမှာလာပြတုံးက သမီးလေးက 9kg ၊ အခု ၁၀လခွဲမှာ ချိန်တော့ 9.4kg ၊ ၁ လခွဲလောက်အတွင်း သမီးလေး ပေါင်ချိန်သိပ်တက်မလာဘူး၊ သမီးလေးကိုရိုက်ထားတဲ့ ဗီဒီယိုတွေ ရွာလူကြုံပေးလိုက်တော့လည်း နှစ်ဘက်ဘိုးဘွားတွေက ပိန်သွားတယ်လို့ပြောတယ်။ အရပ်လည်း ထွက်လာတော့ လက်မောင်းလေးတွေ၊ ခြေသလုံးလေးတွေ သွယ်သွားသလိုပဲ။ သမီးရဲ့ play yard ထဲမှာ နေရင် ပိုသိသာတယ်။ အစက ခေါင်းနဲ့ တတန်းတည်း ခုက သမီးမေးစေ့နဲ့ တတန်းတည်း၊

သမီးကိုဆေးတိုက်ရတာ တခြားအမေအများစုတွေလို အမေ့မှာလည်း စိတ်ညစ်ရတာပါပဲ။ ဒီတစ်ခါတော့ ဆေးမှုန့်တွေကို အမေ့နို့ရည်နည်းနည်းနဲ့ ပျစ်ပျစ်လေးဖျော်ပြီး လက်စင်စင်ဆေး၊ လက်ညှိုးနဲ့ ကော်ပြီး "သမီးရေ.. အမေ့လက်ကို ကိုက်ပါအုံး" ဆိုရင် သမီးက ပါးစပ် ဟ ပေးတယ်။ သမီးရဲ့ အံသွားဖုံးနဲ့ မနာမကျင်ခဲတာတော့ ခံရတာပေါ့။ သမီးလေးက တဝက်လောက်ထွက်နေတဲ့ အောက်ရှေ့သွားလေးနဲ့တော့ အမေ့ကို မကိုက်ရှာဘူး၊ အဲဒီလို ၅ ခါ၊ ၆ ခါလောက် ကိုက်ခံပြီးရင် ဆေးကုန်ပြီ။ ဆေးက အရသာမရှိပေမယ့် ဇွန်းတို့၊ ဆေးတိုက်ဖို့ ဆေးခန်းကပေးလိုက်တဲ့  တစ်ခါသုံး ဆေးထိုးပြွတ်တို့ဆို မြင်တာနဲ့ သမီးက ပါးစပ် အတင်း စေ့ ထားတာ။

သမီးကို အမေ အားဆေးမတိုက်တာကလည်း ဆေးတိုက်ပြီးရင် ပြန်အန်တတ်လို့ပဲ။ အခု သမီးနေကောင်းပြီးရင်တော့ အစာစားချင်စိတ်ပေါက်အောင် ဆရာဝန်ပေးလိုက်တဲ့ဆေး အမေတိုက်ရတော့မယ်။

သမီးလေး နေမကောင်းဖြစ်ခဲတယ်။ ဖြစ်တဲ့အကြိမ်ကလည်း ရေလို့ရတယ်။ ဖြစ်တဲ့ထဲမှာ ဒီတစ်ကြိမ်မှာ သမီး သိပ်အားနည်းနေတယ်။ ကိုယ့်ကိုယ်ကို သိပ်မထိန်းနိုင်တော့ဘူး၊ ထိုင်ကစားနေရင်း နောက်ပြန်လန်လဲကျတတ်တယ်၊ မတ်တပ်စမ်းတာလည်း ခါတိုင်းလို ကြာကြာမရပ်နိုင်ဘူး၊ ဒူးတွေ ပျော့နေသလို ညွတ်ညွတ်ကျတယ်။ အမေ့မှာ တခြားဘာမှ မလုပ်ပဲ သမီးနိုးနေရင် သမီးနားပဲနေ.. သမီးအိပ်နေရင်လည်း မလှမ်းမကမ်းက မကြာမကြာ အကဲခတ်နေ ။ ဖြည့်စွက်စာစားရမယ့်အချိန် သမီးက မစားပဲ အမေ့နို့ပဲ မက်နေတော့ အားနည်းလွယ်တာများလား။

နောက်တစ်ခုက ခုတစ်ခေါက်နေမကောင်းဖြစ်တော့ သမီးလေး ကြောက်တတ်နေတယ်။ အရင်အခေါက်တွေ ဆေးခန်းရောက်ရင် ကောင်တာမှာ ဟိုဆွဲ ဒီဆွဲ၊ ဆရာဝန် နားကျပ်ကစ ဆွဲလွန်းတဲ့ သမီးက ဒီတစ်ခေါက်တော့ ပေါင်ချိန်စက်ပေါ် တက်ထိုင် ရမှာတောင် ကြောက်နေတယ် (ဒါတောင် ဆရာဝန့် ကွန်ပျူတာက မောက်စ်ကြိုး ကိုတော့ ရအောင် ဆွဲဆောင့်လာသေးတယ်.. :P)။ လူမကြောက်တတ်တဲ့သမီးက လူများတဲ့နေရာရောက်ရင် အမေ့လည်ပင်းကို တင်းနေအောင်ဖက်ထားတတ်တယ်၊ တွန်းလှည်းထဲမှာဆိုရင်လည်း သမီးကို ချီဖို့ လက်ဆွဲပြီး တောင်းဆိုနေတယ်။ မနေ့က ဆေးခန်းကအပြန် ဖေဖေကလည်း အိမ်ပြန်မလိုက်နိုင်၊ MRT မှာ အကြာကြီးစောင့်နေရတော့ ဘေးကရပ်နေတဲ့ ကုလားကိုမြင်ပြီး အမေ့ဆီ အတင်းချည်း လာချင်နေတော့တာ။ 
ဒီနေ့တော့ သမီးတော်တော်လန်းဆန်းပြီး တော်တော်ပြန်ဆော့နေပြီ။


သမီးလေး ကျန်းမာပါစေ.... ကလေးလေးတွေ အားလုံး ကျန်းမာကြပါစေ.....။     ။ 

3 comments:

Anonymous said...

သမီးလေး မှုံနံ့ သာ အမြဲ ကျန်းမာပျော်ရွှင်ပါစေ

tg.nwai said...

သမီးလေးလည်း အမြန်ဆုံးကျန်းမာပါစေ...မေမေလည်း သမီးလေးတွက် စိတ်ပူတာတွေ လျော့ပါစေ...။ ဟူး..မောသွားတယ်...အဲဒီအရွယ်လေးတွေဖြစ်ရင် ရင်ထဲ သိပ်နာကျင်ရတာပဲ...စကားကလည်း မပြောတတ်သေး၊ သူတို့အစား ကိုယ်သာဖြစ်လိုက်ချင်တော့တာ မိဘတွေရဲ့ စိတ်ပဲထင်ပါရဲ့လေ...။

mae said...

မမစင် သမီးလေး ကျန်းမာပါစေ..

p.s. ဆော့တာ အမေတူတာနေမှာ