သမီးလေး........ ၁၁ လ သမီးမှာ
-အောက်သွားလေး ၂ ချောင်း ရှည်လာပြီ။ ညာဘက် အပေါ်သွားလေး စ ထွက်လာပြီ။
-အကူမပါပဲ မိနစ်ဝက်လောက် ရပ်နိုင်ပြီ။ မေမေက ရပ်နိုင်ပေ့.. ရပ်နိုင်ပေ့ လို့ လက်ခုတ်တီး ညာသံပေးရင် သမီး သိပ်သဘောကျတယ်။ ပြုံးပြုံးကြီးနဲ့ တုန်တုန် တုန်တုန် ရပ်နေတော့တာ။
- သမီးက နှိပ်ရင် အသံမြည်တဲ့ပစ္စည်းကို သိပ်သဘောကျတယ်။ အဲကွန်းရီမုဒ်ကို သမီး နှိပ်လွန်းလို့ တိုင်မာတွေ အမေတို့ ပြန်တောင် မပြောင်းတတ်တော့ဘူး.... ညဘက် အိပ်ပျော်နေရင်း သမီးလျှောက်နှိပ်ထားတဲ့ တိုင်မာကြောင့် အဲကွန်း ပိတ် ပိတ်သွားလို့ ချွေး တလုံးလုံးနဲ့ လန့်နိုးရပေါင်းများပြီ။
- အဖေနဲ့ အမေ့ ဟန်းဖုန်း၊ အိမ်ဖုန်း (ကြိုးမဲ့) တွေကို သမီးလျှောက်နှိပ်ပြီး နောက်ဆုံး ဖုန်းစကားပြောထားတဲ့လူတို့ ၊content list ထဲက အပေါ်ဆုံးနာမည်တို့ ကို ဖုန်းခေါ်မိတာ အကြိမ်ကြိမ်.. တောင်းပန်ရပေါင်း၊ ရှင်းပြရပေါင်းများလှပြီ။
- သမီးကို စကား မာမာပြောလိုက်ရင် သမီးသိတယ်။ "ဟင်း..ဟင်း" နဲ့ ပြန်မာန်တယ်။ လက်၂ ဘက်ကို အချင်းချင်း ဆုပ်ထားပြီး ဆောင့်ကြီး အောင့်ကြီး လုပ်ပြတယ်။
- သမီး ကိုက်လိုက်၊ ကုတ်လိုက်လို့ မေမေစိတ်ဆိုးချင်ယောင်ဆောင်ပြီး မျက်နှာတည်တည်နဲ့ ဟိုဘက်လှည့် မျက်နှာဖွက်ထားရင် သမီးက လေးဘက်ထောက်ပြေးလာပြီး အမေ့မျက်နှာကို အတင်းလိုက်ကြည့်၊ အတင်းကို လိုက်ရယ်ပြတတ်တာ။ တခါတလေတော့ အနားရောက်မှ အလစ် နောက်တစ်ချက် ထပ်ကုတ်ချင် ကုတ်သွားသေးတာ......၊
- အိမ်မှာ ဖုန်းသံမြည်ရင် သမီး အရင်ဆုံးကြားတယ်။ "အဲ..အဲ" နဲ့ အနားက လူကို ဖုန်းသွား မကိုင်မချင်း ပြောနေတော့တာ။
-သမီးရဲ့ တိုးတက်မှုထဲမှာ အသိသာဆုံးကတော့ ရှေ့က တစ်ယောက်ယောက်လုပ်သမျှ သမီးက နောက်က လိုက်လုပ်တော့တာပဲ။
ဖေဖေ နှာစေးတုံးက သမီးလေးကလည်း တစ်ရှုးနဲ့ နှာခေါင်းကို တို့တယ်။
သမီး အခင်းပေါ်မှာ ပုရွက်ဆိတ်သွားတာမြင်လို့ မေမေက လက်ဝါးနဲ့ ရိုက်လိုက်ရင် သမီးကလည်း လိုက်ရိုက်တယ်။
တွေ့သမျှ ပစ္စည်းကို နားနားကပ်ပြီး ဖုန်းပြောသလိုလုပ်တယ်။
- ဗူးတွေကို အဖုံး ဖွင့်လိုက်၊ ပိတ်လိုက် အခါခါလုပ်တယ်။ မေမေက ချီးကျူးလိုက်ရင် ပြုံးပြုံးကြီးနဲ့ မပြီးနိုင် မစီးနိုင် ဖွင့်/ပိတ်နေတော့တာ။
- သမီးလေးက ခိုင်းတတ်ပြီ၊ လူကြီးရဲ့ လက်ကို ကိုင်ပြီး သူလုပ်စေချင်တဲ့ဆီ ဆွဲသွားတယ်။
ဥပမာ .. ဖုန်းထဲက ကလေးသီချင်း ဗီဒီယို ပြီးသွားရင် ပြန်ဖွင့်ခိုင်းတယ်၊ မီးခလုတ် ဖွင့်ခိုင်း၊ ပိတ်ခိုင်းတယ်။ သမီး မဖွင့်တတ်တဲ့ဗူးကို ဖွင့်ခိုင်းတယ်။
- မေမေ ဝမ်းအသာရဆုံးကတော့ သမီးလေး ထမင်းနည်းနည်း စ စားပြီ။
-သမီးလေး အငြိမ်မနေလွန်း၊ လှုပ်ရှားလွန်း၊ ဆော့ကစားလွန်းတာကတော့ အရင်ကတည်းက မို့ မေမေ မနားတမ်း လိုက်ဆွဲရ၊လွဲရတာတွေကို တိုးတက်မှုထဲ မထည့်တော့ပါဘူး သမီးရယ်........ ဟောဟဲ...ဟောဟဲ.....
ဒီစာရေးနေရင်း သမီးဖေဖေကို "ဒီလပိုင်းသမီး ဘာတွေတိုးတက်သေးလဲ"လို့ လှည့်မေးလိုက်တော့
"သမီးကတော့ အကုန်ကို လုပ်တတ်နေတာ၊ အကုန် နားလည်နေတာပဲ" တဲ့.....
((ဟမ်..... ဒီငါးချဉ် တော်တော်ချဉ်ပါလား...))
"ပါပါ လို့ခေါ်တတ်ပြီ" တဲ့။
" အဲဒါ .. သူ့ဘာသာသူ ပါး..ပါးးး နဲ့ အော်နေတာ မဟုတ်ဘူးလား " လို့ မေးလိုက်တော့ ပိန်းလိုက်တာ ဆိုတဲ့ အကြည့်နဲ့ မျက်မှန်ပေါ်က ကျော်ကြည့်ပြီး
" ဖေဖေ လို့ ခေါ်ခိုင်းရင် ပါပါး လို့ ပြောတယ်လေ၊ အဲဒါ အဖေကို ခေါ်နေတာပေါ့ " တဲ့......
(( ဂဠုန်လား..... မှတ်ထားပါ့မယ် ...)) စိတ်ထဲမှ ကျိတ်ပြုံး..
သမီး ၁၁ လ ပြည့်တဲ့ ၁၈-၃-၂၀၁၂ ညကတည်းက စရေးနေတာ.. ခုထိ မပြီးသေး...

10 comments:
သမီးလေးကြီးရင် ဘလော်ဂါပဲဖြစ်မယ်ထင်တယ်နော် ဟိ
ဖေ့ဘုတ်မှာလဲ ကော့မန့်တွေလိုက်ပေးတတ်လောက်ပြီထင်တယ် ဟမ်
ဖုန်းကိုလျောက်နှိပ်တတ်ပြီဆိုရင် သတိသာထားပေတော့ အစ်မရေ.. အိမ်က သားသားတုန်းက ၉၉၉ကိုလျှောက်ခေါ်ထားလို့ ရဲက၀မ်နင်ပို့တယ်.. နောက်တခါဆို ဒဏ်ငွေ၅၀၀၀တဲ့..
နေ့ တိုင်း ဘေဘီလေး ဘာလုပ်လဲဆိုတာကို ဒိုင်ယာရီရေးပါလား ဘေဘီလေး အိပ်နေချိန် စာအတိုလေးတွေပေါ့ ဒါဆို ပိုဖတ်ရပြည့်စုံမယ်
အချွန်နဲ့ မတယ်လို့  မယူဆစေလိုပါ
သတ်သပ်လွတ် ကြက်သားမွကြော် မကြာခဏစားတတ်သူ :P
အမေ အမေ ... ဒီလိုပဲ တဟိဟိနဲ့ ....
ချစ်စရာကောင်းထှာ ရေးထားတာ..
သူငယ်ချင်းသမီးလေး ငယ်ငယ်ကလည်း အဲလိုဖုန်းတွေနှိပ်တတ်လို့ နာတို့မှာ ည ၃နာ၇ီ ၄နာရီတွေ ခဏ ခဏ နိုးရတယ်..
ချစ်စရာလေး.. အမေတူလို့ လည်တာနေမှာ
အမေတူရင် cbox လဲ မကြာခင်ဝင်ရေးတတ်တော့မှာ
ဟယ် မှူံ က အကုန် ကို တတ်နေတာ ၊ အကုန်နားလည်နေတာပါလားး ..ဟီးဟီး ရေးထားတာပျော်စရာကြီး ။ ကိုက်ရင် ကုတ်ရင် တချက်လောက်ကျွေးလိုက်ပါလား မကျွေးရက်လို့လား ...အင်း ဒီမလဲ ဘယ်ဂလိုလာမယ်မသိ ....း)
မှူံလေး ၁၁ လ မှ နှစ် ၁၂၀ တိုင် ပျော်ရွှင် ကျန်းမာပါစေ ။
အဖေ အမေပြီးရင် ဦးဦးမျိုး လို့ ခေါ်တတ်အောင် လေ့ကျင့်ပေးထားပါအေ။
ဘဘမျိုးလောက်တော့ ဖြစ်မယ်ထင်ပါတယ် မှုံမှုံက
မှုံမှုံ့အစွမ်းကို web cam ကနေမြင်ထဲက သဘောပေါက်ပြီးသား
ချစ်တဲ့တီတီတောတော
ကလေးရဲ့ အဖေ ကို ဘာတွေ တိုးတက်နေပြီလဲလို့ လှည့်မေးတော့ ကလေး အဖေ ဖြေတာကို သဘောကျလွန်းလို့ ပြုံးမိသွားတယ်။
း)
နောင့်
Post a Comment