Sunday, February 26, 2012

သမီးလေးရဲ့ အစားအစာတွေ

သမီးတကယ်စားတာက နည်းနည်းလေး

သမီးလေးဟာမွေးကတည်းက ၅လခွဲအရွယ်ထိ အမေနို့ရည်တစ်မျိုးတည်းနဲ့ ကြီးပြင်း လာခဲ့တယ်။ ၆လအထိ အမေနို့တစ်မျိုးတည်းတိုက်ဖို့၊ ရေတောင်တိုက်စရာမလိုဘူးလို့ ကလေး ဆရာဝန်ရော၊ စာအုပ်တွေရောပြောလို့ရယ်၊ မိခင်နို့နဲ့ လုံလောက်နေတာကြောင့်ရော သမီးကို ရေတောင် မတိုက်ခဲ့ဘူး၊ ( သမီးလေး ရေတိုက်ရ ခက်တာ ၊ရေထည့် ထားထား၊ နို့ထည့် ထားထား နို့ဗူးမစို့တတ်တာတွေဟာ ၅ လခွဲထိ အမေ့နို့ကလွဲလို့ ဘာမှ မမြည်းစမ်း ဖူးတာကြောင့်ဖြစ်မယ်၊ သမီးမှာ မောင်မောင်လေး 
ဒါမှ မဟုတ် ညီမလေး ရခဲ့မယ်ဆိုရင် အမေ့နို့အပြင် ရေပါ တိုက်မယ်လို့ မေမေက တေးထားသေးတာ... )
မိခင်နို့ထွက်ဖို့ဆိုရင် ကလေးရမှ မဟုတ်ပဲ ကိုယ်ဝန်ဆောင်မှာကတည်းက ထမင်းစားရင် ဟင်းရည် ၊ ဟင်းချိုရည် သောက်ရမယ်လို့ ဆိုလို့ ဟင်းချို မကြိုက်ပေမယ့် သတိထားပြီး သောက်ခဲ့တယ်။ ယိုးဒယားက ထုတ်တဲ့ Overtine for Mom တံဆိပ် ကိုယ်ဝန်ဆောင် အိုဗာတင်း သံဗူးကိုလည်း သောက်တယ် (အဲဒီတံဆိပ် အိုဗာတင်းသောက်ဖို့လမ်းညွှန်တဲ့ မခင်ဦးမေ စီဘောက်စ်က ဟသာင်္ကို သိပ်ကျေးဇူးတင်ပါတယ်။) 

မိခင်နို့ဟာ သမီးအတွက်လုံလောက်ပါတယ်။ကလေးအတွက် အကောင်းဆုံး အာဟာရ လည်းဖြစ်၊ အကုန်အကျလည်း သက်သာ၊ ညဘက် နို့ဗူးထဖျော်လို့ အိပ်ရေး ပျက်စရာမလိုတဲ့ မိခင်နို့ပဲ တိုက်ချင်တာပါ။ ကိုယ်ဝန်နဲ့တုံးက ကလေးဖွားပြီးရင် နို့ကောင်းကောင်း ထွက်ပါ့မလားဆိုတာ တော်တော်ပူပင် ခဲ့ရတယ်။ မျိုးရိုးကလည်းရှိတာကိုး။  မေမေ့ မေမေ ဘွားဘွားကြီးက နို့ထွက်မကောင်းဘူးတဲ့၊ မေမေ့ အစ်မအကြီး သမီးကြီးကြီးကြေး တုံးကလည်း နို့ထွက်ဖို့ရာ နွားမြီးစွပ်ပြုတ်တို့၊ ဒန့်ဒလွန်ဟင်းချိုတို့နဲ့ နပန်းလုံးရ၊ ကလေးက နို့မဝလို့ငို၊ ကလေးအထူးကုဆရာဝန်ဆီ နို့မှုန့်ပြောင်းတိုက်တော့မယ်လို့ သွားတိုင်ပင်တော့ ဆရာဝန်က ဝန်ထမ်းလုပ်ပြီးနို့မှုန့်တိုက်ရင် မွဲဆေးဖော်သလိုပဲ၊ ကြိုးစားကြည့်ပါအုံး လို့ပြောတယ်တဲ့၊ ကလေးဆရာဝန်ညွှန်တဲ့အတိုင်း ကလေးနို့တိုက်ဖို့ အချိန်နီးရင် အိုဗာတင်းမတ်ခွက်အကြီးကြီးနဲ့ဖျော်ပြီး အအေးခံထားတာကို တရှိန်ထိုးမော့ချ၊ ကလေးနို့တိုက်၊ ပြီးရင် နောက်တစ်ခွက်ထပ်ဖျော်၊ အအေးခံထား..၊အဲဒီလို လုပ်ခဲ့ရတယ် ဆိုတယ်။

သမီးက ထွားတော့ ၅ လခွဲအရောက်မှာ အမေနို့တစ်မျိုးတည်းနဲ့ မဝတော့ဘူး၊ ညည ထ ငိုနေတော့ ဖြည့်စွက်စာ စကျွေးခဲ့တာ၊ဖြည့်စွက်စာ Nestle ကဆန်မှုန့် စကျွေးတယ်။  မေမေလည်း စာအုပ်တွေထဲကအတိုင်း ထမင်းပျော့ပျော့လေးရယ်၊ မုန်လာဥနီ၊ ပဲနီလေးနဲ့ဆား ရောကျို အနှစ်ဖြစ်အောင်တွန်းပြီး ကျွေးတော့ သမီးလေးက မစားဘူးလေ.....မေမေစားကြည့်တော့ အရသာမှ မရှိတာကိုး..... ဆန်မှုန့်ကတော့ မွှေးမွှေးလေးနဲ့အရသာလည်းကောင်းတော့ သမီးက စားတာပေါ့.....။

၆လ နဲ့အထက်မှာ stage 1 ထိုင်တဲ့ အဆင့်ပေါ့..အဲဒီအဆင့်အတွက်လုပ်တဲ့အမှုန့် တွေမှာ မုန်လာဥနီနဲ့ဆန်မှုန့်ရောတာတစ်ခုကလွဲလို့ ကျန်တာအားလုံးသမီးကြိုက်တယ်..... .၈ လ ကျရင် stage 2 ကိုရောက်ပြီ..တွားသွားတဲ့အရွယ်...အတွက်အမှုန့်တွေကတော့ နည်းနည်းကြမ်းလာပြီပေါ့..ထမင်းနဲ့ကြက်သား၊ ဂျုံနဲ့ ငါးကလေး စတာတွေပေါ့... ထမင်းနဲ့ကြက်သားရောတဲ့အမှုန့်ကို သမီး၇ လခွဲလောက်ကတည်းက စားနေကျ အမှုန့်တွေနဲ့ နည်းနည်းစီရောကျွေးထားတယ်.. သမီးလေးအကျင့်ဖြစ်အောင်လို့... ငါးကလေးပါတဲ့အမှုန့်တော့ သမီးက မကြိုက်ဘူး..နောက်ပြီး Gerber နဲ့ HEINZ တံဆိပ် Ready made  သစ်သီးအနှစ်ပုလင်းကလေးတွေ မေမေဝယ်လာလိုက်၊သမီးက မစားလိုက်၊ သမီးများကြိုက်မလားလို့ မေမေကလည်း ပန်းသီး၊မုန်လာဥနီ၊ ဘလူးဘယ်ရီ၊ ငှက်ပျောသီး၊ ငှက်ပျောသီးဆန်ပြုတ်၊ ကွေကာအုတ်၊ ရွှေဖရုံသီး သစ်သီးစုံအောင်ဝယ်လာလိုက်တာ အများကြီး သမီးကလည်း တစ်ခုမှ ကိုမစားတာ.. ခွံ့လိုက်တာနဲ့ ရှုံ့မဲ့သွားတာ မေမေက သနားလို့ ဆက်မကျွေးတော့တာ... 

သမီး ၈ လလောက်က နေ့လည်နှောင်းစာ egg ball ဆိုတဲ့ လက်မလက်သည်းခွံလောက် ဘီစကစ်အရသာအလုံးကလေး ၁၀ လုံးတောင် စ စားတယ်....မေမေပျော်လိုက်တာ.... ၁ လုံးစီကို မေမေ့လက်နဲ့ အမှုန့်ဖြစ်အောင်ခြေပြီး သမီးပါးစပ်ထဲကိုခွံ့ ပြီးတော့ ဇွန်းကလေးနဲ့ရေတိုက်တာပေါ့... သမီးလေး နင်မှာစိုးလို့လေ......... 
 သမီးလေး ၈ လကျော်လာတော့ မေမေက မေမေ့လက်ရာတွေ စ စားစေချင်ပြီ.. တစ်နှစ်ကျော်ရင် မေမေ့လက်ရာမံမံတွေ စားရတော့မှာ မဟုတ်လား.... 

သမီးလေး ၈ လတုံးက ဒါလေးရေးထားခဲ့ပြီးနောက်မှာ သမီးလေး ဗိုက်မကောင်းလို့ ဆေးခန်းသွားပြရတာ ၂ ခါ၊ အစာလည်း ဘယ်လိုမှ ကျွေးမရတော့တာ....။ 

ခု သမီး ၁၁ လ မှာ ထမင်းကျွေးလို့ ရပြီ။
ဆန် ၁ ဆ၊ ရေ ၁၀ ဆလောက်ကို ပေါင်းအိုးနဲ့ချက်တယ်။ ထမင်းပြဲပြဲကို ကြက်သွန်နီဆီချက် အဝါ၊ ဆားနည်းနည်း၊  ငါးကြော်အတွင်းသား ပျော့ပျော့ (သို့) ကြက်ဥကြော် ပျော့ပျော့ နဲ့ ရောနယ်ပြီး လက်နဲ့ခွံ့ရင် သမီး စားပါတယ်။ စားတယ်ဆိုတာလည်း နည်းနည်းပေါ့....။ ဗိုက်နာပြီးကတည်းက ဇွန်းကြောက်သွားတဲ့ သမီးလေး ရေကိုလည်း သမီးရဲ့ ရေခွက်သေးသေးလေးနဲ့ ခွက်စောင်းတိုက်ရင် သောက်တယ်။
မုန့်ပန်းကန်ကို မှောက်ချပစ်ပြီး သိပ်ပျော်နေတဲ့ သမီးလေး
 နေ့လည် အိပ်ရာနိုးရင် ကလေးစားတဲ့ ဘီစကစ် စိတ်ပါရင် စားတယ်။ သဘောင်္သီးမှည့် သမီးကြိုက်ပေမယ့်ဆော့ချင်စိတ်က များနေတာ...။ ကိုယ့်ဘာသာ ယူစားချင်တယ်၊ တကယ်က ဆော့ချင်တာ.. သင်္ဘောသီးမှည့် စားပြီးတိုင်း သမီး အဝတ်လဲရတယ်။
သမီး သိပ်မကြိုက်တဲ့ ကွတ်ကီး

သမီးအစားဆုံး ဘီစကစ်ချောင်း.. မွမွလေး

သိပ်ကောင်းတယ်လို့ ဗူးပေါ်မှာရေးထားလို့ မေမေဝယ်လာတာ၊ သမီးကိုပေးတော့ သမီးက တစ်ချက် နှစ်ချက်ကိုက်ပြီး လွှင့်ပစ်လိုက်တယ်။ မေမေစားကြည့်တော့ မေမေ့လူကြီးသွားနဲ့တောင် ပုံထဲကလောက်ပဲ ကိုက်လို့ရတယ်။ မာလိုက်တဲ့ မုန့်ချောင်း၊ဥပမာအပေးကောင်းတဲ့ ဖေဖေကပြောတယ်.. ခွေး အမဲရိုးပေးထားသလို ကလေးတွေ လက်က ကိုင်ရင်း မြုံ့နေရအောင်လုပ်ထားတာထင်တယ်တဲ့..

အရသာ အစုံပါတဲ့ ပေါင်မုန့်ချောင်းတဲ့ ၊ သမီးလုံးဝ မစားဘူး

ဒါလည်း သိပ်ကောင်းတယ်လို့ရေးထားလို့ ဝယ်လာတာပဲ ၊ အဝိုင်းလေးက သမီးပါးစပ်ထဲ ဝင်ဆံ့လို့ သမီးကို အမေပေးမထားရဲဘူး..အမေပဲ သေးသေးလေး ဖဲ့ကျွေးရတယ်။

အဖေနဲ့ အမေ တခါတလေ အပြင်မှာ အဆာပြေ စားဖြစ်ရင် သမီးကလည်း စားချင်တယ်။ အာလူးချောင်းကြော် ၁ ခုပေးထားရင် မြုံ့နေတော့တာ။ ပေါင်မုန့်နုနုလေး ကို သေးသေးလေးတွေ ခွံ့ရင်လည်း သမီးစားတယ်။  

သမီးကို အစားကျွေးတိုင်း အမေက မျက်နှာရိပ် မျက်နှာကဲ အမြဲကြည့်နေရတယ်။ သမီးက အာကပ်သွားလို့ မျိုရခက်သွားရင် အော့ပစ်လိုက်ပြီး အန်တတ်လို့...။ ပြီးတော့ လက်ထဲကိုင်ထားတဲ့ မုန့်တစ်ခုလုံး ပါးစပ်ထဲ ထည့်ပစ်လိုက်မှာ စိုးလို့.... ။
သမီးကို ပန်းသီး ၁ စိတ်မြုံ့ဖို့ ပေးထားတုံးက ကိုင်ရင်း ပန်းသီးက ထက်ပိုင်းကျိုးသွားပြီး ကျန်တစ်ပိုင်းကို သမီးက ပါးစပ်ထဲ ထည့်ပစ်လိုက်လို့ နင်မလိုဖြစ်ပြီးပြီ။  ဘေဘီဘိုက် ဘီစကစ်ချောင်းကို ပါးစပ်ထဲ ထည့်လိုက်တာ အပိုင်းကြီးကြီး ဝင်သွားလို့ ပြန်အန်ပြီးပြီ.... ။ 

ကလေးလေးတွေ နင်ရင် အခန့်မသင့်ရင် အသက်ရှုလမ်းကြောင်း ပိတ်တတ်တယ် ဆိုတာ မေမေကြားဖူး၊ ဖတ်ဖူးတော့ သမီးလေးကို သိပ်စိတ်ပူတယ်။ မေမေ့သူငယ်ချင်း ဦးတင်ကိုလတ်တောင် သူ့သမီး ငယ်ငယ်က ဆေးတိုက်တာ ကလေး နင်နေလို့ တစ်ကိုယ်လုံး ပြာတက်သွားဖူးတယ်တဲ့။ ဘေးခန်းက သိတဲ့လူက လုပ်ပေးလို့တဲ့.. ဆေးရုံသွားရင် ၅ လွှာက ဆင်းမှာနဲ့ သွားမှာနဲ့ လမ်းမှာ အသက်သေနိုင်တယ်တဲ့။ သူလည်း အဲဒီကတည်းက ကြောက်ပြီး ကလေးဆေးတစ်ခါမှ မတိုက်ရဲတော့ဘူးတဲ့။

အခု ၁၁လ ကျော် တစ်နှစ်သမီးမှာ သမီးလေးက တွေ့ရာကို ပါးစပ်ထဲ ကောက်ထည့်ချင်တယ်။ တစ်ရှုးစကလေး၊ အကျီက အပ်ချည်ကြိုးကလေးတွေ ထည့်လွန်းလို့ သမီး ကစားတဲ့နေရာမှာ ဘာမှ မရှိအောင်အမြဲ ဂရုစိုက်နေရတယ်။ အရင်လက မေမေနဲ့ သမီး ၂ ယောက်တည်း အိမ်မှာ ကျန်ခဲ့တုံး A B C D ဆက်ကစားတဲ့ ရာဘာပြားထဲက Q စာလုံးရဲ့ အထဲက အဆံလေးကို အမေ့အလစ်မှာ ပါးစပ်ထဲ ကောက်ထည့်လိုက်တာ။ အဝိုင်းလေးက အချင်း ၁ လက်မ  လောက်ဆိုတော့ သမီးပါးစပ်ထဲ ဝင်သွားပြီး အတွင်းမဝင်၊ အပြင်မထွက်နဲ့ ပါးစပ်ဝ မှာ တစ်နေတာ...။ သမီးပါးစပ်မှာ အဝါရောင်လေးတွေ့လိုက်ကတည်းက မေမေ့မှာ ပြာသွားတာပဲ..၊ အတင်းနှိုက်ထုတ်ရင် အတွင်း ပိုဝင်သွားမှာ စိုးလို့ရယ်.. မေမေ ပြူးပြူးပြာပြာဖြစ်ရင် သမီး ပိုကြောက်သွားမှာစိုးလို့ရယ် အရမ်းစိတ်လှုပ်ရှားနေပေမယ့် ပြုံးပြုံးလေးနဲ့ သမီး စိတ်ပြောင်းအောင် စကားတွေပြောပြီး ဖြည်းဖြည်းချင်း ပြန်ဆွဲထုတ်ရတယ်။ ဆွဲထုတ်နေတဲ့ ၂ မိနစ် ၃ မိနစ်လောက်အတွင်း ဖေဖေ့ကို ဖုန်းဆက်လှမ်းခေါ်ဖို့ ခဏခဏ စိတ်ကူးပေမယ့် ဖုန်းနှိပ်နေတုံး ပါးစပ်ထဲပိုဝင်သွားမှာစိုးလို့ ကိုယ့်ဘာသာ စိတ်ငြိမ်အောင်ထားပြီးလုပ်ရတယ် သမီးရေ.......။ ပြီးတာနဲ့ A B C D ရာဘာပြားထဲက အဆံလေးတွေအားလုံး ထုတ်ထားပြီး သိမ်းထားလိုက်ရတယ်။

ကလေးလေးတွေ အသက်ရှုလမ်းကြောင်းမှာ တစ်ခုခုနင်ရင် ဘာလုပ်ရမယ်ဆိုတာ  ကျွန်မ မြန်မာဆေးစာအုပ်တစ်အုပ်မှာ ပုံနဲ့တကွ ဖတ်ဖူးပြီး အဲဒီစာအုပ်ြ ပန်ရှာမတွေ့တော့ဘူး။ ပြန်ရှာတွေ့ရင် ပုံကူးတင် စာရိုက်တင်မလို့၊ ခုလောလောဆယ်တော့ ဒီမှာ သွားကြည့်လို့ရပါတယ်။ သမီးမွေးပြီးစ ရွာမှာရှိနေတုံး လယ်တွင်းသားစောချစ်ရဲ့ စာပေဟောပြောပွဲခွေတစ်ခွေ နားထောင်ရင်း အဲဒိအကြောင်း ထည့်ဟောသွားတာ သတိထားမိတယ်။ ဆရာလယ်တွင်းသားရဲ့ သား ထမင်းစားရင်း စကားပြောတာ နင်ပြီး အသက်ရှုမရတော့လို့ ဆရာက သူဖတ်ဖူးတဲ့ စာထဲကအတိုင်းပြုစုပေးမှ ပြန်ကောင်းသွားတဲ့ အကြောင်းပါ။ အစာနင်တာ ဖြစ်တတ်သလို ၊ အခန့်မသင့်ရင် ကြောက်စရာကောင်းလို့ ကျွန်မတော့ သမီးလေးနင်မှာ သိပ်ကြောက်တယ်။


8 comments:

Anonymous said...

သား ငယ်ငယ်က ကလေးအစာလေးတွေကို ပုံလေးတွေ ချက်နည်းတွေ၊ လပိုင်း ၇က်ပိုင်းအလိုက် အဟာရ အချိုးကျ တွက်ပြီး စဉ်ပေးထားတဲ့ စာအုပ်လေးတအုပ် လက်ဆောင်ရခဲ့တယ်။

သိပ်အကျိုးများခဲ့တယ်။ အသီးအနှံ၊ သား ငါးတွေ ကလေးနဲ့အကိုက်လွယ်လွယ် ချက်နည်းလေးတွေနဲ့..

ကလေးအတွက် အပြောင်းအလဲလေးတွေများသလို ၀မ်းချုပ်မှာက အစ မပူရတော့ဘူး။ ရှေးနည်းပယ်တာတော့မဟုတ်၊ ဘိုဆန်တာလဲမဟုတ်၊ တချို့အစားအစာတွေက ကလေးအစာမချက်နိုင်သေးတော့ ဗိုက်ပြည့်အောင်ပဲ ကျွေးသလိုဖြစ်နေတတ်ပါတယ်၊ အဟာရအဖြစ် ပြောင်းမချက်နိုင်သေးပါ။ ဒီတော့ဗိုက်နာစေသလို အပီတိုက်လဲ မဖြစ်စေပါဘူး။

အဟဲ . စာရှည်သွားပြီ။ တမျိုးမမြင်ပါနဲ့
စိတ်ပူနေသလို ကလေးအပေါ်တကယ် စေတနာထား ပျိုးထောင်နေမှန်းသိလို့..

N/A

NSA said...

စာအုပ်ရတာ ကောင်းလိုက်တာနော်... သမီး ခုတလော ဝမ်းချုပ်နေတယ်..
ခုက ကိုယ်ထင်ရာကိုယ် ရမ်းတုပ်ပြီး ဝင်တာ ဖမ်းကျွေးနေရသလိုဖြစ်နေတယ်။

Anonymous said...

မှုံမှုံကြီးလာရင် သူ့အမေသူ့ကိုဘယ်လိုမွေးခဲ့လဲ ဖတ်ရင်းသူခံစားမိမှာပဲ...အာဘွားမှုံမှုံ
ချစ်တဲ့တီတီတောတော

mae said...

မမဆင်ရေးထားတာ အမေနဲ့အဖေကို သတိရသွားပီ.. သမီးလေး ကံကောင်းပါတယ်.. ဒီလိုချစ်တဲ့ လိုလေသေးမရှိ ဂရုစိုက်တဲ့ အမေရထားတာ.. ဒီမှာ အသိ ဘိုမတွေ ကလေးသေးသေးလေးတွေကို ပစ်စလက်ခတ်ထားတာ တခါတလေ မနေနိုင်လို့ ကိုယ်က ဝင်ထိန်းရတယ်

Rita said...

ဪ ကလေး ကလေး
မလွယ်ပါလား
cheer မမစင်

ချစ်ငယ် said...

မှုံလေးသတင်းတွေ ဖတ်ရရင်တအားကျေနပ်တာပဲ ဘာလို့လဲမသိဘူး သူ့မျက်နှာပြုံးပြုံးလေးပါ မြင်နေတာ ...

JuneOne said...

ဟို ဘီစကစ် အချောင်း က စင့်စင့် မောင်ကြီး ပြောသလိုပဲ မြုံ့ပြီး ဖြေးဖြေး စုပ်စားရတာ။ကလေးတွေ ကိုက်တတ်အောင်လုပ်ပေးတာ။

TZA said...

ပို့စ်လေးအတွက် ကျေးဇူးပါစင်စင်ရေ။