Monday, February 27, 2012

ဝသောသူကိုကြင်နာပါ...

ရုပ်ပုံ Google

ကိုယ်ဝန်မဆောင်ခင်က တစ်ခါမှ ဝမလာဖူးသောကျွန်မကို နင်ကလေးမွေးပြီးရင် ဝလာမယ်၊ ဟု တချို့ကပြော၍ ဗိုက်ပါပူလာမယ် ဟု ဆက်လက် ခြိမ်းခြောက်ကြသည်။
.
.
ကလေး အပြင်စာ စစားသည်နှင့် ကောင်းပေ့ညွန့်ပေ့ဆိုတာတွေ လုပ်ကျွေးသည်။ ကလေးကား အမေလို နားမလည်သောအခါ စိတ်ပါမှစားသည်။ ဇွန်းလာလျှင် ပါးစပ်ပိတ်ရင် ပိတ်ထား၍ နှုတ်ခမ်းပါးနား သုတ်ပေးသော လက်ကို လိုက်ဟပ်ရင်ဟပ်ပြန်သည်။ မကုန်သော အစာများ နောက်တစ်ခေါက် ပြန်မကျွေးပါနှင့်ဟု ဗူးပေါ်မှာ စာပါသည်။ လွှင့်ပစ် ရမှာ နှမျောစရာ.. သွားလေရော့သူ့အမေပါးစပ်ထဲ ..။

ကလေးကျွေးရန်ထုတ်လုပ်ထားသော သစ်သီးအနှစ်ပုလင်းသေးသေးလေးများ ဝယ်ကျွေးသည်။ တစ်ခုမကြိုက် တစ်ခုကျွေးရန် သစ်သီးစုံ၊ ပုလင်းစုံဝယ်လာသည်။ သကြားလုံးဝမပါ... အသီး အရသာ သက်သက်ဖြစ်သောကြောင့် အချဉ်ကဲသည်။ တစ်ဇွန်းခွံ့သော် ကလေးမျက်နှာ ရှုံ့၏။ နောက်တစ်ဇွန်း ခွံ့သော် ဇွန်းကို လျှာနှင့် တွန်းထုတ်သည်။ နောက်တစ်ခါ မျက်နှာနား ဇွန်းရောက်သည်နှင့် ကလေး ကုန်းအော်လေသည်။ ပုလင်းကားဖွင့်ပြီးသည်နှင့် ၄၈ နာရီ ထက်ကျော်၍ ရေခဲသေတ္တာထဲမထားသင့်ဟု ရေးထားသည်။ စိတ်မကောင်းဖြစ်သွားသော အမေ လုပ်သူမှာ ပုလင်းထဲမှ သစ်သီးနှစ်များကို ဇွန်းဖြင့်ကော်၍ ကော်၍ အားရပါးရ စားလေသည်။

ကလေးဝမ်းချုပ်မှာစိုး၍ အသီးဖျော်ရည်တိုက်ရန်ပြင်သည်။ ဘလန်ဒါသည် ပန်းသီးတစ်စိတ်ထဲ ကြိတ်မရချေ...ပန်းသီးဖျော်ရည်ကို ကလေးက လက်ဖက်စားဇွန်း၂ ဇွန်းခန့်သောက်၍ သူ့အမေ က ကလေးအကျန် တစ်ဖန်ခွက်ကို သောက်ရရှာသည်။စမ်းဝယ်လာသော ကလေးသောက် အသီးဖျော်ရည် ပုလင်းများမှာလည်း ဖွင့်ပြီး ၄၈ နာရီသာခံသောအမျိုးဖြစ်ရာ ကလေးအကျန် အပြည့်နီးပါးပုလင်းများမှာ သူ့အမေလည်ချောင်းတွင်း သက်ဆင်းရပြန်သည်။

အပြင်သွားလျှင် တွန်းလှည်းထဲမှ ရွယ်တူအခြားကလေးများ baby bite ဟူသည့် ကလေးစား မုန့်ချပ်ကလေးများ ကိုင်ရင်းသွားဖုံးနှင့် ခြစ်စားနေကြတာတွေ့လျှင် ငါ့သမီးလေး လည်း ကျွေးကြည့်ရလျှင်ကောင်းမည်ဟု စိတ်ကူးသည်။ ဝယ်လာသောဘေဘီဘိုက်ထဲမှ တစ်ချပ်ကိုကလေးလက်ထဲထည့်ပေးသည်။ ကလေးကားစားရသည့်အရာမှန်းမသိ၍ လှုပ်ရမ်း ရင်းဆော့နေသည်။ အမေဖြစ်သူသည် ဘေဘီဘိုက် နောက်တစ်ချပ်ကိုကိုင်၍ သမီး ဒီမှာ ကြည့်၊ ဟောဒီလို ကိုက်ရတယ်၊ စားရတယ်ဟု သရုပ်ပြရင်း မုန့်တစ်ချပ်ကုန်သွားလေသည်။ ကလေးကား အမေကို မျက်လုံးအပြူးသားဖြင့်ကြည့်ကာ သူ့လက်ထဲမှ မုန့်ကို အမေပါးစပ်ထဲ ထည့်ပေးလေသည်...။ နောက်တစ်ခေါက် ဆိုင်ရောက်သော် မိမိကြိုက်သောအရသာ ဘီစကစ်ကို ဝယ်ရန် ယောင်ပြီး စိတ်ကူးမိသေး၏။

သူများဘလော့တွေ လိုက်ဖတ်သမျှ၊ သူများကလေးမိဘတွေ ပြောသမျှ သူတို့ကလေးတွေ စားကြ သည်မှာ အားရစရာချည်းဖြစ်သည်။  သူများကို အားကျသောကြောင့် ကလေးကို လုပ်ကျွေးရန် slow cooker တခုတ်တရ သွားဝယ်သည်။ နို့ဆန်ပြုတ်၊ ငါးဆန်ပြုတ်၊ အသီးအရွက် ဆန်ပြုတ်၊ ဥနီဆန်ပြုတ်၊ ရောရာဆန်ပြုတ် ... ပြုတ်လိုက်ရသည့် ဆန်ပြုတ်ဘုရင် မယ်ဆင်ပင်။ ညဘက် ကလေးအိပ်သွား၍ ကျွေးမရတော့ဘူးသေချာလျှင် နှမျော၍ (ဘယ်လိုမှ အဖော်ညှိမရ၊ နည်းနည်းမှ တိုက်မရသော ယောက်ျားကို စိတ်တိုတိုနှင့်) မကုန်ကုန်အောင် ဇွတ်မှိတ်သောက်သည်။ 

ကြက်ဥပေါင်း၊ ကန်ဇွန်းဥပေါင်း၊ နို့ကြက်ဥပူတင်း .....တို့လည်း ဆန်ပြုတ်တို့ သွားရာလမ်း သို့ မြန်းကြသည်ပင်......

ယနေ့ ဂျင်းဘောင်းဘီဆိုင်ရောက်သည်။ မိမိနှင့် တန်သော ခါးဆိုဒ်ကို တစ်ထည်ပြီး တစ်ထည် ဝတ်ကြည့်.....ဝတ်ကြည့်....ဝတ်ကြည့်ရင်း...................... :(
ပိန်အောင်ကြိုးစားရမှာလား ၊ ရှိပြီးသား ဂျင်းဘောင်းဘီတွေ လွှင့်ပစ်ရတော့ မှာလား.... eeeeek...

ငယ်ငယ်က ဖတ်ဖူးသော ကိုကိုကြောင် ကာတွန်းစာအုပ်တစ်အုပ်၏ အမည်ကို ခေါင်းစဉ် ယူထား ပါသည်။ ကာတွန်းဆရာအမည် မေ့နေပြီ။

8 comments:

Anonymous said...

ကြားရတာစိတ်ချမ်းသာလိုက်တာ
ဘ၀တူလေးတွေရှိသေးတယ်
(ဆိုလိုတာကလေးအမေဘ၀တူမဟုတ် ၀ိတ်တက်သောဘ၀တူ)

တောတော

ကြယ်ပြာ said...

ဒီဆိုဒ်ကို ပထမဆုံးရောက်ဖြစ်တယ်။ ကိုယ်ကလဲ ၀တော့ ၀သောသူကြင်နာပါဆိုတာကို စိတ်ဝင်စားလို့လာဖတ်ကြည့်တာပါ။

Vista said...

စမုတ်တံဂိုဏ်းသူ တယောက်လျှော့သွားပြီပေါ့လေ ရွတ်ဖတ်

သက်ဝေ said...

ရေးထားတာ အသက်ပါတော့ ရယ်မိတယ်... အဟိ...

တကယ်ကြီး အဲလောက်တောင် ဝလာလို့လား ညီမ စင်စင်ရယ်... ယုံပါဘူး...း)))

Anonymous said...

မ၀ပါဘူးအေ..ဒီလောက်လေးများ...စပုတ်တံဝ.တူလေးလောက်ရှိမှာပါ။.ဒါများ ၀တယ်တဲ့..မုန်းတာ..။အစားရွေးတာတောင် မှုံမှုံလေးက ဖွံပါတယ်။ သူ့အမေလို ကြုံလှီ..ပိန်လှီလေး မဟုတ်ဘူး..ခစ်ခစ်။

mm

Thandar Lwin said...

စင်စင်က ၀သေးပါဘူးအေ..လှရုံလေးပါ ..တို့ ကတော့ ပုတ်ဖြစ်လာလို့ ..အိမ်ကလူက သူ့ညက်စိထဲ မဆန့်တော့ဘူးပြောပြောနေတာ ခနခန ရှိပြီ။

Anonymous said...

ရယ်ရတာ အူနာနေပြီ

ခွေဖြူ

Anonymous said...
This comment has been removed by a blog administrator.