Wednesday, March 7, 2012

အကျီလေးနဲ့ အတွေးတွေ...

သမီးရဲ့အကျီင်္ နဲ့ ဖေဖေ့အင်္ကျီ
ရွာမှာနေတုံး (မောင်ကြီး)အမေက အင်္ကျီတစ်ထည်ထုတ်လာပြတယ်။ ပုံမှာ အပေါ်က အကျီလေး..၊ သံချေးတွေ ကိုက်နေပြီ.. အဖြူရောင် အရိပ်ပန်းရယ်၊ နက်ပြာအိရှန်စရယ်ကို စပ်ချုပ်ထားတဲ့ အူဝဲအကျီလေး..။
မောင်ကြီး မွေးကာစကနေ ၃ လလောက်ထိ ဝတ်ခဲ့တဲ့ အကျီတဲ့။ အောက်က သမီးလေး မွေးစကနေ ၃ လ လောက်ထိ ဝတ်ခဲ့တဲ့ အင်္ကျီ..။

 အမှတ်တရ ဓာတ်ပုံရိုက်ထားလိုက်တယ်။ရိုက်ပြီး
" ဒီအကျီက သမီးသိမ်းထားဖို့ပေးတာလား အမေ" လို့မေးတော့
"အမေပဲ သိမ်းထားလိုက်မယ်..ပေး..ပေး "ဆိုပြီး ပြန်ယူသွား သိမ်းထားလေရဲ့။

အမေနဲ့တူတူနေတဲ့ မောင်ကြီး အစ်ကိုကို "ကိုသွေး မွေးကာစ အကျီင်္ရော တောင်းကြည့်ပါအုံး" လို့ စ ခဲ့သေးတယ်။ ကိုသွေးက "အေးဟာ...သားချင်းတူတူ ငါ့အကျီင်္ကျ သိမ်းအထားမခံရပါဘူး" ဆိုတော့ အမေက ပြုံးပြုံးကြီး...။

မောင်ကြီးက အငယ်ဆုံးသား၊ ကျွန်မက အငယ်ဆုံးသမီး။ အမေတွေက သားသမီးအားလုံး တူတူပါပဲ ဘယ်လောက်ပြောပြော သူ့အမေက မောင်ကြီးကို အချစ်ဆုံး၊ ကျွန်မမေမေက ကျွန်မကို အချစ်ဆုံးဆိုတာ သိပ်သိသာသည်။

မောင်ကြီးနဲ့ အမေ တစ်ယောက်ကို တစ်ယောက်သိပ်ချစ်ကြတာကို သမီးရည်းစားဘဝနဲ့ ညားကာစက (စိတ်ထဲက) တခါတခါ ဝန်တိုဖူးပေမယ့် ခုတော့ မတိုပြန်ဘူး ။ ကိုယ့်မှာ ကလေး ရလို့ ကိုယ်ချင်း စာတာလည်း မဟုတ်ဘူး ။ အစောကတည်းက ကိုယ်ချင်းစာစိတ် ထားခဲ့တာ ပါပဲ။ (ကလေးနဲ့ ရှုပ်နေလို့ ဘာမှ မစဉ်းစားနိုင်တော့တာလည်း ဖြစ်မယ်)။၊ အရင်ထဲက ဝန်မတို သင့်ဘူး သိပေမယ့် တိုချင်တိုနေတာမျိုး..၊ ဘာမှ ကိုယ့်စိတ်ကိုယ် မဆုံးမပေမယ့်လည်း တိုချင်မှ တိုတာ မျိုး (လူ့စိတ်ပြောင်းလဲ သွားတတ်တာ များ)။

အမေနဲ့ကျွန်မ မချစ်ကြလို့လည်းမဟုတ်၊ သူကလည်းသမီးရင်းလောက်၊ ကိုယ်ကလည်း ကိုယ့် အမေရင်းလောက် မချစ်တာပဲရှိတာ..။ ချစ်တော့ ချစ်တာပါပဲ...။ အမေက ချစ်တာ ပိုမလားမသိ။ အိမ်မှာ ဘာပဲ ချက်ချက်၊ ဘာပဲ လုပ်စားစား ကျွန်မဆီကို လူကြုံနဲ့၊ ဆိုက်ကားနဲ့၊ ဘာမှ မကြုံရင် လူကိုယ်တိုင် လာပို့ရှာသည်။

မောင်ကြီးတို့က သားအမိပဲ ချစ်မှာပေါ့ ဆိုပေမယ့် တော်တော်ချစ်ကြတာပါပဲ...။ အမေ ခလုတ်တိုက် ရင်ဖြစ်ဖြစ်၊ တစ်ခုခု လွတ်ကျရင်ဖြစ်ဖြစ် ယောင်တာက "ငါ့သားလေး" တဲ့...။

မောင်ကြီးနဲ့ကျွန်မတို့ရဲ့ အမေတွေက ကျွန်မတို့ကို လူမြင်သူမြင် ချစ်တတ်ကြတယ်။ မောင်ကြီးက သူ့အမေကို စိတ်ချမ်းသာအောင်နေခဲ့သလောက်၊ ကျွန်မက မေမေ့ကို စိတ်ချမ်းသာစေခဲ့တာ နည်းတယ်။ ရေးရင်းတေးထားတယ်..ဒီတစ်ခေါက်ရွာပြန်ရင် မေမေဘာပြောပြော သူစိတ်ချမ်းသာအောင် နားထောင်ပေးမယ်၊ စကား လိုက်ထောက်ပေးမယ်လို့...။

မောင်ကြီး သူ့အမေကိုယ်ဝန် ၈ လမှာမွေး၊
(အမှန်ပြင်= ကိုယ်ဝန် ၆ လနဲ့ ရက် ၂၀ မှာ မွေးတာတဲ့)
သမီးက ကျွန်မကိုယ်ဝန် ၉လနဲ့ ၃ ပတ်မှာမွေး။

မောင်ကြီးမွေးတော့ အနှီးအဖြစ်ပတ်တဲ့ မာလကျင်ပိတ်နှီးထူထူ ၂ ထည်နဲ့ပေါင်းမှ ၄ ပေါင်နီးပါး၊ ကိုယ်အလေးချိန် သက်သက်က ၃ ပေါင်ခွဲ မပြည့်လောက်ဘူးတဲ့။ မြန်မာသီချင်း ဗီဒီယိုတွေထဲမှာ ဒါရိုက်တာ သုံးပေါင်လို့ စာတမ်းထိုးတာမြင်ရင် "မောင်ကြီး ..သူ့မိန်းမမသိအောင် အနုပညာအလ်ုပတွေ ကျိတ်လုပ်နေတယ်" လို့ ကျွန်မ အမြဲ စ တယ်။

လက်ချောင်းလေးတွေက နတ်သမီးတံဆိပ် ယမ်းမီးခြစ်ထိပ်က ယမ်းလောက်လေးတွေတဲ့။ ကလေးကို တင်ပြင်ခွေပေါ် တင်ထားတာ အောက်ထဲရောက်ပြီး  မမြင်ရလို့ ကလေးလာကြည့်တဲ့လူတွေက ဘယ်မှာလဲ ကလေးလို့ မေးရတယ်တဲ့..။

သမီးမွေးတော့ ၈ ပေါင်၊ ၆ အောင်စ ။

မောင်ကြီးအတွက် ဈေးက အူဝဲအကျီတွေ တစ်ခုမှ မတော်လို့ သပ်သပ် လက်ချုပ်ချုပ် ဝတ်ရတယ်တဲ့...။
သမီးက ၆ လသားဝတ်ရမယ့်အကျီကို ၂ လခွဲမှာတော်တယ်။ စပို့ရှပ်လို အောက်ကားအကျီမဟုတ်တဲ့ အဝတ်မျိုးဆို ဗိုက်ကျပ်နေလို့ ဝတ်မရ၊ လက်ဆောင်ရတဲ့ အဝတ်တွေ သူ့ထက် ရက် ၂၀ ငယ်တဲ့ မောင်ကြီးတူမဝမ်းကွဲရဲ့ သမီးလေးကိုပဲ ပေးလိုက်ရတာ များတယ်။

မောင်ကြီးငယ်ငယ်က ခေါ်တဲ့ နာမည်ပြောင်တွေအားလုံး လူသေးသေးလေး ကိုခေါ်တဲ့ နာမည် ချည်းပဲ။ ကိုယ်ဝန်နဲ့ရွာပြန်နေတုံးက ဆိုက်ကားငှားစီးတာ ဆိုက်ကားဆရာက ၆ တန်း တုံးက မောင်ကြီးသူငယ်ချင်းတဲ့။ လူသေးသေးလေးနဲ့ ဆော့လွန်းလို့ သူ့ကို ၆ တန်း တုံးက ခေါ်တဲ့ နာမည်ပြောင်ပြောပြလို့ ရယ်လိုက်ရတာ...( သူ ၆ တန်းတုံးက ကျွန်မက ၅ တန်းဆိုတော့ ကျောင်းနာမည်ပြောင် မသိလိုက်ဘူး..)။ သူ့နာမည်တွေတော့ ဘလော့ပေါ် တင်လို့ မသင့်တော်ပေဘူး..။ နောက်တစ်ချက်က သူက မြန်မာလို ရိုက်တတ်နေပြီဆိုတော့ ကျွန်မကို လက်စားပြန်ချေလိုက်ရင် ဂွကျကုန်မယ်။

သမီးလေးကိုလည်း ဝဝဖြိုးဖြိုးလေးဖြစ်စေချင်ပေမယ့် ကျာင်းမှာ ဖက်တီးတို့၊ ဝတုတ်တို့၊  နာမည်ပြောင် အခေါ်မခံရစေချင် ဘူး...။ ခုလည်း သမီးလေး သိပ်မဝတော့ဘူး..။ အငယ်က ဓာတ်ပုံတွေ ယှဉ်ကြည့်ရင် သိသာတယ်။

ဓာတ်ပုံတွေ ပြန်ရှာကြည့်ရင်း ဒီပုံလေးတွေ့တော့ ပို့စ် ၁ ပုဒ်ဖြစ်သွားတယ်။

အမေ=မောင်ကြီးအမေ
မေမေ=ကျွန်မအမေ

10 comments:

Anonymous said...

ကျွန်တော်တို့ ၂ ယောက်ကလဲ အငယ်ဆုံးတွေချည့်ပဲ။ အဟင်းဟင်း..
N/A

Anonymous said...

အငယ်ဆုံးတွေ သိပ်ကြည့်လို့ရတာမဟုတ်ဘူး။
ဟင်းး


(စကားမစပ် အိမ်က ကလေးမွေးတုန်းက
၂၆၅၀ ဂရမ်ပဲရှိတယ်...
သာမန်ကလေးဆိုရင် ဂရမ်၃၀၀၀အထက်(ထင်တယ်))


ပုံ။
အကြီးဆုံးထုံ
ထုံအကြီးစား

Vista said...

အငယ်ဆုံးတွေ ကြည့်မရဘူးဆိုတဲ့ ထုံအကြီးစားမမြင်အောင် ခြေဖျားထောက်ပြန်သွားတယ်။

KLNG said...

ယောက်ခမကိုကိုယ့်အမေလောက်မချစ်ပေမဲ့
ချစ်တော့ချစ်တယ် တူသားးးးးးးးးးး

သက်ဝေ said...

တူတူပဲ...
အမေနဲ့ အမနဲ့လည်း ချစ်ကြတယ်... ဒါမယ့် သူကလည်း သူ့သမီးအရင်းတွေလောက် ကိုယ့်ကို ချစ်နိုင်မှာ မဟုတ်၊ ကိုယ်ကလည်း ကိုယ့် အမေရင်းလောက်တော့ မချစ်နိုင်...း)

ThuHninSee said...
This comment has been removed by the author.
ThuHninSee said...

မှုံက မ၀ပါဘူး ဖွံ့တာ ပါ။ ဒီလောက် ချစ်စရာကောင်းတာ။

:P said...

နာ့ ကို မွေးတာ ၆ လ နဲ့ ရက် ၂၀ လို့ အမေ ပြောဖူးတယ်..

NSA said...

အမှန်ပြင်လိုက်ပါပြီ မောင်ကြီး..။

JuneOne said...

တို့ ၂ ယောက်က အကြီဆုံးတွေ။း)
မိဘတွေဟာ အကြီး နဲ့ အငယ် ကို ပိုချစ်ကျပေမယ့် တို့ ၂ဖက်စလုံးမှာတော့ အလတ်တွေကို ချစ်ဆုံးဗျ။