Sunday, March 25, 2012

၁ နှစ်သမီးတိုးတက်မှု

သမီးလေး ၁ နှစ်မှာ ..........................
ခါတိုင်း ဆိုဖာခုံတို့၊ သမီး ခြံကလေးရဲ့ တိုင်တွေကို ကိုင်ပြီး မတ်တပ်ရပ် လမ်းလျှောက်ရာကနေ ၁ နှစ်ပြည့် ဖို့ ၅ ရက်အလိုမှာ ကြမ်းပြင်ကို လက် ၂ ဘက်နဲ့ အားပြုပြီး  စ မတ်တပ်စမ်းတယ် ။ နောက် ၂ ရက်နေတော့ ခြေလှမ်း ၁ လှမ်း စလှမ်းတယ်။

သမီးလေး စ မတ်တပ်စမ်းတော့ ကြမ်းပြင်မှာ လက်၂ ဘက်ထောက် ဖင်ကလေးထောင်ပြီး ကုန်းကုန်းကုန်းကုန်းနဲ့ အားယူရပ်ရတာ တအားရယ်စရာကောင်းတယ်။ ဟန်ချက်ညီအောင် ခြေ ၂ ဘက်ကို ကားပြီး ရပ်ရတာ.. တခါတလေ အကားလွန်ပြီး လျှောကနဲ ခြေကားကလေးနဲ့ ဖင်ထိုင်ကျရင်ကျသွားပြန်ရော။ ဧည့်ခန်းနံရံမှာ တီဗီ၊ တီဗီရှေ့မှာ သမီးရဲ့ရာဘာပြားတွေ ခင်းထားတယ်။ သမံတလင်းမှာ သမီးအေးမှာစိုးလို့ ရာဘာပြားလွတ်တဲ့နေရာမှာ မေမေ သင်ဖြူးခင်းထားတယ်။ သမီးက မတ်တပ်စမ်းရင် သင်ဖြူးပေါ်ထိ လေးဘက်ထောက်သွားပြီးမှ သွားသွားရပ်တယ်။ သမီး မတ်တပ်စစမ်းတဲ့အချိန်မှာ မေမေတို့နဲ့ တစ်အိမ်တည်း အခန်းငှားနေ တဲ့ ဦးဦးက လက်ခုပ်တီး ပြီး "ရပ်နိုင်ပေ့ ၊ ရပ်နိုင်ပေ့"တို့ "ကလေးလေးက တော်လိုက်တာကွာ အကြာကြီး ရပ်နိုင်နေပြီ" တို့ပြောပြီး အားပေးလေ့တယ်။

အဲဒီဦးဦး သူ့အခန်းထဲကထွက်လာတာ မြင်ရင် သမီးက ကစားလက်စ အားလုံးကို ပစ်ချပြီး သင်ဖျူးပေါ် အပြေးသွား မတ်တတ်ရပ်ရပ်ပြတာ....၊ သမီး မတ်တတ်ရပ်နေတုံး လူကြီးတွေ ဘာသိဘာသာနေမိရင်.. ဟင်း..ဟဲ နဲ့ လှမ်းခေါ်ပြီး သမီးကို လှည့်ကြည့်ရင် လက်ခုတ် တီးပြတယ်..  အနားရှိတဲ့လူအားလုံး လက်ခုတ်တီးပေးကြ.. ရပ်နိုင်ပေ့ အော်ပေးကြရင် သမီး မျက်နှာက ကျေနပ်ပြုံးကြီးနဲ့...။

သမီးကို မြန်မာသီချင်းဗီစီဒီခွေ ဖွင့်ပြရင် ရှေ့ဆုံးကလာတဲ့ နိုင်ငံရေးဦးတည်ချက် (၄)ရပ် ဆိုတဲ့ အသံကြီးကို သမီး သိပ်ကြောက်တယ်။ တစ်ယောက်တည်း ထိုင်ကြည့်နေရာကနေ လူကြီးရှိတဲ့ဆီ လေးဘက်ထောက်ပြေးလာပြီး အတင်းတွယ်တက် ၊ လည်ပင်းကို ဖက်ထားတာ။ မျက်နှာကလည်း ကျီးလန့်စာစားနဲ့ ကြောက်ကြောက်လန့်လန့် တီဗီဘက် လှည့်ကြည့်လိုက် ၊ ကျောခိုင်းလိုက် လုပ်တယ်။


သမီးကြည့်ရတဲ့ ကလေးသီချင်း ၄-၅ ပုဒ်ထဲက Old MacDonald သီချင်း သမီးသိပ်ကြိုက် တယ်။ မေမေ့ဖုန်း၊ အိုင်ပက်၊ တီဗီ နားရောက်ရင် ဂေါ..ဂေါ..ဂေါ် ..  လို့ပြောပြီး အဲဒီသီချင်း ဖွင့်ခိုင်းတယ် (ဖေဖေ့ဖုန်းထဲမှာ အဲဒီသီချင်း မရှိတာ သမီးသိတယ်)။ သမီးစကြည့်ရတဲ့ သီချင်းအစမှာ ဘဲတွေ ထွက်လာပြီး ဂတ် ဂတ်ဂတ် အော်ကြတာကို သမီးမှတ်ထားတာ။ သမီးရဲ့နားလည်မှုက Old MacDonald=ဂေါ..ဂေါ..ဂေါ် ပဲ။

သမီးရေ အာဘွား လို့ဆိုပြီး ပါးလေးထိုးပေးရင် သမီးက မွှေးမွှေးပေးတတ်တယ် (စိတ်မလိုရင်တော့ ပါးကို လျှာနဲ့ လျက်လွှတ်တယ် :D)။

အခန်းထဲက အိပ်ယာကို သမီးခြံအကာလေးနဲ့ ကာထားတော့ မေမေ တစ်ခုခု ထ လုပ်ချင်ရင် ၄-၅ မိနစ်လောက်တော့ သမီးကို ထားခဲ့လို့ ရတာပေါ့။ သမီးက တစ်ယောက်တည်း နေခဲ့ရတာ မကြိုက်တော့ အော်တယ်။ ငိုသံပါနဲ့ အော်နေလို့ မေမေက လုပ်လက်စ ထားခဲ့ပြီး လာချောင်းကြည့်ရင် သမီးက ပုံပြင်စာအုပ်လေး လှန်ကြည့်မပျက် ၊ဒါမှ မဟုတ် အရုပ်ကလေးနဲ့ အကစားမပျက် ခပ်တည်တည် အော်နေတာ... သိပ်လည်တဲ့ သမီး...။
မီးမီးက စာအုပ်ကို ပြောင်းပြန်ဖတ်တတ်တယ်။
သမီးလေး အမေ့ကိုသိပ်ကပ်လာတယ်။ တခြားသူလာလည်ရင် ခဏတော့ တူတူဆော့ပေမယ့် ၁၀ မိနစ်လောက်ရှိတာနဲ့ အမေ့ဆီ လေးဘက်ထောက်ပြေးချလာတာပဲ။

3 comments:

mae said...

လည်တာ အမေတူလို့ နေမှာ မမစင်
:P

သမီးလေးအကြောင်း ဖတ်ရတာ အသဲယားလိုက်တာ..

Anonymous said...

မြန်လိုက်တာ ပေါက်စကနေ အခုဆို.မတ်တပ်ရပ်နေပြီ..... ။
mm

Thandar Lwin said...

စင်စင် ရေ အိုးမက်ဒေါ်နယ် ကို ဖွင့်တော့ ဘဲတွေ ဂေါဂေါဂေါ် တာမတွေ့လို့ ခုလင့် ကိုဖွင့်တော့လဲ မတွေ့ဘူးရယ် ..မှူံလေး တယောက်ထဲ နေတတ် ဆော့တတ်တာ ကိုသိပ်သဘောကျမိတယ်.ဟေမာက အပြင်ဘဲထွက်ချင်နေတာ အော်လဲအရမ်းအော်တယ် ..အိမ်ချင်းနီးရင်ကောင်းမှာ ဘဲ ပေးကစားရ အောင်လေ ..ရွယ်တူချင်း ။ မှူံလေးက စာဖတ်ဝါသနာပါမဲ့ပုံလေး ချစ်စရာ...း)