Saturday, April 14, 2012

မုန့်လုံးရေပေါ်သင်္ကြန်

ဒီနေ့ သင်္ကြန်ပထမအကြတ်နေ့....။
မနက်ဖြန် တနင်္ဂနွေနေ့မှာ တိုပါးရိုးဘုန်းကြီးကျောင်းမှာ သင်္ကြန်ပွဲလုပ်မယ်၊ စတုဒီသာတွေေ ကျွးမယ်။ စားချင်ပေမယ့် သွားဖြစ်မှာ မဟုတ်ဘူး...။ သမီးလေး လည်း ချောင်းဆိုးနေတယ်။

သင်္ကြန်ဆိုတော့လည်း ပိတောက်ပန်းနံ့လေး ရချင်သလိုလို၊ မုန့်လုံးရေပေါ်လေးပဲ စားချင် သလိုလို..။ Facebook ပဲ ဝင်ကြည့်၊ ဓာတ်ပုံ လှတာတွေကြည့်၊ အမြင်မတော်တာတွေ့ ရင် ကျော်ကြည့်၊ အောက်က ကောမန့် လုံးဝ(လုံးဝ) မဖတ်မိစေနဲ့။ အလိုလိုမှ ကုသိုလ်ရေး အားနည်းနေတဲ့ကျွန်မအတွက် ဒါမှ အကုသိုလ် နည်းမယ်။ 

ကျောင်းမှာ အဆောင်တူတူနေခဲ့တဲ့ ညီမလေး ၂ ယောက်ချိန်းပြီး လာလည်ကြတယ်။ အုန်းသီး ဇွန်းခြစ်လေးနဲ့ ကျောက်ကျောကျိုတယ်။ ကြာဆံကြော်တယ်။ ငါးဖယ်ချဉ် သုတ်တယ်။ (အားလုံး သူတို့ ဘာသာလုပ်သွားကြတယ်၊ ကျွန်မက ကလေးအကြောင်းပြပြီး စားရုံပဲ စားတယ်၊ ကြာဆံကြော်နဲ့ ငါးဖယ်ချဉ်သုတ်ကို ပထမဆုံးတွဲစားဖူးတာပဲ...) ။ 

မိုးတွေသည်းလာလို့ တစ်ယောက်ကို ရုံးပိတ်ရက်မှာ တက်နေတဲ့ တရုတ်စာသင်တန်း သွားမတက်ဖို့ မဲဆွယ်တယ်။ နောက်တော့ အစီအစဉ်မရှိပဲ မုန့်လုံးရေပေါ် လုပ်စားဖြစ်သွား တယ်။  ဆန်မှုန့် ၅၀၀ဂရမ်၊ ကောက်ညှင်းမှုန့် ၅၀၀ ဂရမ် ၂ ထုပ်ဝယ်တယ်။ ကောက်ညှင်းမှုန့်ကို ပိုထည့်ရတယ်။ ရေနွေးနွေးနဲ့ နည်းနည်းစီလောင်းထည့်ပြီးဖျော်၊ မုန့်ကို နှဲရတယ် (သူတို့ လုပ်တာတွေကို ရေးပြနေတာ :P) ။

အထဲကထန်းလျက်တွေ အပြင်ကိုပေါက်ကျကုန်လို့ မလှပရှာတဲ့ မုန့်လုံးရေပေါ်၊ မလှပေမယ့် စားလို့ကောင်းတယ်။ အင်းမသူကြိုက်လို့ လုပ်တာ။

ဒီဘက်ခြမ်းက အဖြူလေးတွေကို မုန့်ကတ်ကြေးကိုက်လို့ ကျွန်မတို့ အရပ်မှာခေါ်တယ်။ မုန့်လုံးရေပေါ်လုပ်တဲ့ မုန့်သားကို ပြားပြားလေးလုပ်ပြီး ဆီနဲ့ကြော်၊ ကတ်ကြေးနဲ့ ညှပ်ပြီး ထန်းလျက်ရည်ဆမ်း၊ အုန်းသီးဖြူးစားတာ။ ရွာမှာ နွေကျောင်းပိတ်ရက် နေ့လည်ဘက်ဆို "မုန့်ကတ်ကြေးကိုက်၊ ပဲမုန့်၊ မုန့်ဦးနှောက်" လို့ အော်ရောင်း တဲ့ ခေါင်းရွက်သည်တွေကို စောင့်ပြီးဝယ်စားရတာ။ ကျွန်မစားချင်တယ်ဆိုလို့ လုပ်ကျွေးသွားတဲ့ ချစ် ညီမလေးဖွေးဖွေးကို သိပ်ကျေးဇူးတင်တယ်။

အုန်းသီးဇွန်းခြစ် နုနုလေးနဲ့ ကျိုထားတဲ့ ကျောက်ကျော၊ ကူမပေးနိုင်လို့ မလုပ်ပါနဲ့ဆိုတာကို စားစေချင်လို့ ဆိုပြီး အတင်း လုပ်သွားလေတယ်။

ကျွန်မအကြိုက်၊ မုန့်ကြာစေ့၊ ကျွန်မတို့ မြို့မှာတော့ မုန့်လုံးရေပေါ်ပဲ ခေါ်ကြတယ်။ သင်္ကြန်မှာလည်း ထန်းလျက်ခဲမြုတ်ထားတဲ့ မုန့်လုံးရေပေါ်ထက် ဒီမုန့်လုံးရေပေါ်ကိုပဲ လုပ်စားတတ်ကြတယ်။ ရှိတဲ့ ထန်းလျက်နဲ့လုပ်ရလို့ မည်းသည်းနေတဲ့ ထန်းလျက်ရည်၊ "အသားမည်းပေမယ့် အသည်းဖြူပါတယ်ခညာ" လို့ ပြောနေသလိုပါပဲ...။

ဒီနေ့လုပ်စားဖြစ်တဲ့မုန့် တွေ၊ သူများပေးလိုက်တဲ့ ကော်ဖီကျောက်ကျောက အိမ်မှာလုပ်တာမဟုတ်လို့ ထည့်ရိုက်မထားဘူး။

ချောင်းတွေဆိုးရလွန်းလို့ ပင်ပန်းနေတဲ့သမီးလေးလည်း ဒီနေ့ အန်တီ ၂ယောက်နဲ့ အတူတူ ကစားရတာ သိပ်ပျော်တယ်။ တစ်နေ့လုံးကို မနားတမ်းကစားတာ၊ နေ့လည်နာရီဝက်လောက် ပဲ အိပ်တယ်။ အန်တီလေး ၂ ယောက်ပြန်သွားလို့ MRT လောက်ပဲ ရောက်ဦးမယ်၊ သမီး ပင်ပန်းပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပြီ။ ကိုယ်နေမကောင်းလို့ နလံမထူတာ ၂ ပတ်ေ လာက်၊ ပြီးတော့ သမီးလေး သိပ်နေမကောင်းလို့ အိပ်ပျက်၊ ပြိုင်းနေတဲ့ ကျွန်မလည်း စိတ်ပြေ လက်ပျောက် ဖြစ်သွားတယ်။ သင်္ကြန်မုန့်စားချင်နေတဲ့ အာသာလည်း ပြေသွားတယ်။

ကလိုက်၊ ခုန်လိုက်၊ ကစားလိုက် သိပ်ပျော်နေတဲ့ သမီးလေး

ရွာမှာ သင်္ကြန်နဲ့ ကြုံရင် အမှတ်တမဲ့ကျော်သွားပြီး ခုနှစ်မှ သင်္ကြန်ကို လွမ်းသလိုလိုဖြစ်မိတော့ အွန်လိုင်းမှာစသိတဲ့ ဘုကျကျ ဘလော့ဂါမလေး..(အဟိ... သူလာဖတ်အုံးမှာ) ပြောလေ့ရှိတာကို သတိရပြီး မလုံမလဲ ဖြစ်မိတယ်။ "ဗမာတွေများ လွမ်းစရာမရှိ သွားလေသူ အင်္ဂလိပ်ကို ထ လွမ်းနေတာ" တဲ့ (ပြောလိုက်တာ ချစ်စရာလေး.. ဘုကျတယ်လို့ ကျွန်မ မှတ်ချက်ချတာ မလွန်ဘူးထင်တယ်...:D)  ။ သူပြောချင်တာကို ကျွန်မ သဘောပေါက် ၊နားလည်ပါသော်လည်း ဒီမှာ ပြန်ရှင်းပြမနေတော့ဘူး၊ မနှစ်က ရွာပြန်တုံးက ကျွန်မ အစ်မပြန်ပြောပြတဲ့ သူတို့အကြောင်းကို ပြန်သတိရပြီး တိုက်ဆိုင် လို့ ရီမိတယ်။

 တိုင်းမှူးလာလို့ တိုင်းကို ကိုယ့်လမ်းစရိတ်နဲ့ကိုယ်သွား အစည်းဝေးတက်ရ၊ တိုင်းမှူးကိုပေးတဲ့ ပန်းခြင်းနဲ့ လက်ဆောင်အတွက် ပိုက်ဆံ အချိုးကျ ခွဲပေးရ ၊ အထက်ကခိုင်းတာကို မဖြစ်ဖြစ်အောင် လုပ်ရ၊ အစိုးရ အသစ်တက်ပြီးတော့ ရုံးရန်ပုံငွေ အပြင်က လုံးဝ မကောက်ရ ဆိုလို့ တခါတလေ ပိုက်ဆံစိုက်လုပ်ရ ၊ တစ်ယောက်ယောက်က တစ်ခုခု မကျေနပ်တာနဲ့ ဖုန်းဆက်လို့ ဘီဘီစီ၊ ဗီအိုအေ ၊ အာရ်အက်ဖ်အေ လေဒီအိုမှာ ပါလာမှာ ကြောက်ရ၊ တခါတလေ စနေ၊ တနင်္ဂနွေရုံးကိုသွား အလုပ်လုပ်ရ..... အဲဒါတွေ များလာတော့ သူတို့ေ ပါက်ကွဲကြတယ်။ ဘယ်လူကြီးမှလည်း နာမည်တပ်ဆဲလို့ မဖြစ်တော့ ..ဟိုစားပွဲက တောက်ခေါက်သံ တိုးတိုးကြားလိုက်ရ၊ ဒီစားပွဲက  "နာရိုးမ အင်္ဂလိပ် " (ကန်တော့နော်.. ) လို့ ဆဲသံတိုးတိုးကြားလိုက်ရနဲ့ ဆိုလို့ပါ။
သြော်.. သွားလေသူ အင်္ဂလိပ်ခမျာ ဘု၊ ဘမသိ လွမ်းခံလိုက်ရ၊ ဆဲခံလိုက်ရ....လို့ တွေးပြီး တစ်ယောက်တည်း ရယ်မိသေးတယ်။ post ခေါင်းစဉ်နဲ့ မဆိုင်ပေမယ့် တွေးမိသွားတာတွေပါ ချရေးမိသွားတယ်..။

3 comments:

Rita said...

ဘဒူလဲ ပြော ဘဒူလဲ

Anonymous said...

ဂျီးလုံးလေးတွေ .... :P

mm

Anonymous said...

Write more, thats all I have to say. Literally,
it seems as though you relied on the video to make your
point. You clearly know what youre talking about, why throw away your intelligence
on just posting videos to your weblog when you could be giving us something informative to read?


my web site mold and mildew removal