Tuesday, May 22, 2012

သနပ်ခါး.. မြန်မာဘီယာ

သနပ်ခါးနဲ့ မြန်မာဘီယာ

 စလုံးက သနပ်ခါးမိတ်ကပ်

ကျွန်မ စင်ကာပူကိုရောက်ကာစက တီဗီကြော်ငြာတစ်ခုမှာ သနပ်ခါးတုံးကြီးသွေးပြပြီး သနပ်ခါး မိတ်ကပ် ကြော်ငြာတာ မြင်ဖူးတယ်...။ နောက် အိမ်ရှေ့လာချတဲ့ ကြော်ငြာစာရွက်တစ်ခုက သနပ်ခါးပါလို့ စကင်ဖတ်ပြီး သိမ်းထားတာ...။  သူ့ကြော်ငာထဲတော့ သနပ်ခါးကို ဒေါင်လိုက်ကြီးသွေးပြထားတယ်..။ ဘယ်လိုပဲ သွေးသွေး.. ကိုယ့်နိုင်ငံရဲ့ Trade Mark လို့ ဆိုရင် ရနိုင်မယ့် သနပ်ခါးကို သူများနိုင်ငံမှာ တခုတ်တရ ထုတ်လုပ် တီဗီက ကြော်ငြာတော့ ဝမ်းသာတာပေါ့။ 


အိမ်တံခါးမှာ လာညှပ်ထားတဲ့ ကြော်ငြာစာရွက်ကို စကင်ဖတ်ထားတာ
ယူကျုမှာ ပြန်ရှာကြည့်တော့ တွေ့တယ်...။ 



Bio-essence က ထုတ်လုပ်တဲ့ သနပ်ခါးမိတ်ကပ် Series
ဒါက မိတ်ကပ်နာမည်ကို Google လိုက်တာ ထွက်လာတဲ့ သနပ်ခါးမိတ်ကပ်က စီးရီးစ်လိုက်ပဲ..။ သနပ်ခါးက လွန်ခဲ့တဲ့ နှစ် ၂၀၀၀ လောက်ကတည်းက ပေါ်ခဲ့တာဆိုပဲ ။ သွားဖတ်ကြည့်လို့ ရပါတယ်။


စလုံးတို့ရဲ့ မြန်မာဘီယာ

ဒါကလည်း သနပ်ခါးနဲ့ ပတ်သက်ပြီးသိတာပဲ..။ မနက်က အိမ်နားက Prime Supermarket မှာ ဈေးသွားဝယ် တယ်။ ဝက်သားချိန်တာ၊ လှီးပေးတာစောင့်နေတုံး အဲဒီကောင်တာက ဝန်ထမ်းတရုတ်မလေးက ကျွန်မမျက်နှာကို လက်ညှိုးထိုးပြီး ဘာတွေလိမ်းထားတာလဲ လို့မေးပါတယ်..။ ခါတိုင်းလည်း သနပ်ခါး ပါးကွက်ကျားနဲ့ မြင်နေကျကို ဒီနေ့မှ ထူးထူးခြားခြားမေးနေပါလား မှတ်တယ်.. သူက အနားနံရံမှာ ကပ်ထားတဲ့ ပိုစတာ တစ်ခုကို လက်ညှိုးထိုးပြပြီး အတူတူပဲလားတဲ့....။ 

ဒီပိုစတာပါ...။ :)))

စလုံးတို့ရဲ့ မြန်မာဘီယာ ။ အနီးအနားမှာ မြန်မာတွေနေတာများလို့ တင်ရောင်းတာလည်း ဖြစ်နိုင်ပါတယ်။


သနပ်ခါးလို့ခေါ်ကြောင်း၊ လိမ်းထားရင် အသားအရေအေးမြပြီး လှပကြောင်း တိုတိုပဲ ဖြေလိုက်ပါတယ် (ပိုစတာထဲက မင်းသမီးအားကိုးနဲ့ အသားအရေလှတာကို ရဲရဲကြီး ထည့်ပြောလိုက်တာ...၊ ခါတိုင်းတော့ ကိုယ့်အသားအရေကြည့်ပြီး သံသယဖြစ်မစိုးလို့ အသား အေးတာလောက်ပဲ ဖြေတာပါ :P )။ အိမ်ထောင်ရှိပြီးသားလူတွေပဲ လိမ်းရတာလား ဆိုလို့ မဟုတ်ကြောင်း..ကလေးတွေက စ လိမ်းကြောင်း ပြော လိုက်သေးတယ်။

စောစောက တရုတ်မလေးက နောက်ဘက်ခန်းထဲက ထွက်လာတဲ့ ကောင်လေးတစ်ယောက်ကို ပိုစတာကို လက်ညှိုးထိုးပြီး တရုတ်လို ပြန်ပြောပြနေတယ်။ အရင်က သူတို့ တော်တော် နားလည်ရ ခက်နေကြပုံပဲ.။ ကျွန်မလည်း ဝက်သားထုပ် မြန်မြန်ရချင်လှပြီ..။ တော်ကြာနေ " မြန်မာဘီယာနဲ့ သနပ်ခါး ဘယ်လို ပတ်သက် တာလဲ"တို့ ၊ " မြန်မာပြည်မှာ မိန်းကလေးတွေ ပုံထဲကလို ကြိုးပျောက်အကျီ (သူက ထမီရင်လျားဆိုတာ သိမှာမဟုတ်၊ ကြိုးပျောက်၊ ပခုံးပြတ်အကျီပဲ ထင်မှာ) နဲ့ သနပ်ခါးလိမ်းပြီး ဘီယာေ သာက်ကြတာ ရှိတာလား" တို့ ...ဆက်မေးရင် ခက်ရချည့်....။ ကြော်ငြာထဲက ရုပ်ပုံနဲ့ ကြော်ငြာ ဘယ်လိုဆက်စပ်တယ်ဆိုတာ သူများမေးရင်ဖြေတတ်အောင် ကြော်ငြာရှင်ကိုပဲ မေးရမလိုဖြစ်နေပါပေါ့......။


 ကျွန်မ တဘက်သတ်ကြောက်နေသလို သူတို့ ဆက်မမေးကြပါဘူး..။ နောက်မှ အလစ်မှာ ဒါ့ပုံသွား ရိုက်တော့ ခုန တရုတ်မလေးနဲ့ တိုးတယ်..။ ဆိုင်ထဲ ဒါ့ပုံ ရိုက်လို့ ရမရမသိတော့ သွားဖြဲပြပြီး ငါ့ယောကျာ်း ကို မြန်မာဘီယာ ဒီဆိုင်မှာ ရတယ်ဆိုတာ ပြမလို့လို့ (သူမမေးခင်) မြန်မြန်ပြောပြီး လစ်လာတာ..။ သူက လှမ်းပြောလိုက်သေးတယ်။  မြန်မာဘီယာက ကောင်းတယ်တဲ့....။ အိမ်း......ကောင်းတယ်လို့ အားပေးတော့ လည်း ဝမ်းသာရတာပ....။


မြန်မာဆိုင်တွေမှာတော့ မြန်မာဘီယာ တင်ရောင်းမှန်း သိထားပါတယ်..။ ဒီလို supermarket မှာ တင်ရောင်းတာ ပထမဆုံး မြင်ဖူးတာမို့လို့ ...။


မြန်မာ့ပစ္စည်းကြော်ငြာတွေတွေ့လို့ မှတ်ထားတာပါ..။ တွန်ဘာရု က ပါတိတ်စက်ရုံဒိုင် မှာလည်း နန္ဒာလှိုင်တို့ ရာဇာနေဝင်းတို့ပုံတွေ တွေ့ခဲ့ပေမယ့် ဒါ့ပုံမရိုက်ခဲ့ရလို့...။

6 comments:

Anonymous said...

Could you tell me please how can i get to the Batik sales at tiong baru?
Thanks..

:P said...

Now I know ur size ... :P

:P said...

မမကွမ် ဘလော့နဲ့ ကိုယ့်ဘလော့မှားပြီး ကောမန့်ရေးမိတာ ခုမှ မြင်တယ်.. သေတော့မှာပဲ

:P said...

ပါတိတ်စက်ရုံလိပ်စာ
Blk 205, Henderson road, #01-01
Henderson industrial park,
Tel 6535 6488.
Alight red hill MRT, take 145 bus, get off after 5 stops.
ရောက်ဖူးပြီး နေရာသေချာမသိ.. ပြောပြပေးတဲ့ ကိုဂျူလိုင်ဒရင်း ကို ကျေးဇူးတင်ပါတယ်..။

JuneOne said...

မြန်မာဘီယာသောက်လိုက်ရင် အဲလို အသားအရေ စိုပြေပြီးလန်းဆန်းမှာဖြစ်ပါတယ်။သနပ်ခါးကတော့(မြန်မာဘီယာ ဆိုတော့) မြန်မာ ထရိတ်မှတ် အနေနဲ့ ကမ္ဘာကအလွယ်တကူ သိအောင် လိမ်းထားတာနေမှာ။edwin ငယ်ငယ်က မိတ်ပေါက်လို့ city hall ကနေ ကျောက်ပျဉ် သွားဝယ်တာ ၂၀ တောင်ပေးရတယ်။သနပ်ခါးတုံးကတော့ ဟိုလူပေး ဒီလူပေး။ဟိုတလောကတောင် မင်းဘူးကို ပြန်တဲ့ အကိုကြီး၁ယောက် ကလက်ဆောင်ပေးတာ အခုတို့လဲမလိမ်းတော့ မြန်မာပြည်ကိုတောင်ပြန်ပြီးလက်ဆောင်ပေးလိုက်တယ်။သမီးလေးကို ငယ်ငယ်ကလိမ်းပေးတယ်။အခုတော့ အလုပ်မအားတာနဲ့ တခုတ်တရ မလိမ်းပေးတော့ဘူး။

Anonymous said...

ဘာတွေလဲဗျာ။သနပ်ခါးသိက္ခာကျတယ်