Monday, June 18, 2012

သမီး ၁ နှစ် ၃ လ (၁၈-၆-၂၀၁၂)

သမီးလေး
သမီးလေး ၁၅ လသမီးထဲဝင်တော့ နှာစေး၊ ချောင်းဆိုးဖြစ်တာ မေမေ စိတ်ညစ်လိုက်ရတာ..။အခုတော့ သမီးလေး သက်သာသွားပြီ။
မီးရောင်လင်းလင်းချင်းချင်း၊ လူတွေအများကြီးကြားမှာ လမ်းလျှောက်ရရင် မီးမီး သိပ်ပျော်တယ်။

သမီးက အခု အစားတွေ စ စားနေပြီ၊ အများကြီးတော့ မဟုတ်ဘူးပေါ့။ သမီးဖို့မေမေနေ့တိုင်း လုပ်ဖြစ်တာက ကြက်သား ၂ တုံးလောက် ဆန်အကောင်းစား နည်းနည်းလေး၊ ကြက်သွန်ဖြူ တစ်တက်လောက် ဆား ကိုရောပြုတ်ထားတဲ့ ဆန်ပြုတ်ပေါ့၊ တခါတလေ အာလူး တစ်ခြမ်းလောက် ထည့်ပြုတ်တယ်။ စုစုပေါင်း ဆန်ပြုတ်တစ်ပန်းကန်စာလောက်ပဲ ရတယ်။ သမီးလေးစားတာက နည်းနည်းလေးဆိုတော့ မေမေ့မှာ ညတိုင်း သမီးစားမကုန်တဲ့ဆန်ပြုတ် ကိုစားရတယ်။ သမီးကို ဆန်ပြုတ်ကျွေးရင် အိုင်ပက်နဲ့ပေးဆော့ထားရတယ်။ သမီးက အဲဒါကို စိတ်ဝင်စားပြီး လာသမျှဇွန်းကို ပါးစပ် ဟ ပေးတယ်။  နောက်သမီးစားတာ ချိစ် ဘီစကစ်။  ဖေဖေ ၊မေမေတို့ ပန်းကန်ထဲကဟာကို မှ လက်နဲ့ နှိုက်စားချင်တာ။ တကယ်တော့ ဆော့ချင်တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အရင်လို အစားကို လုံးဝ အပြတ်မငြင်းဆန်တော့ပဲ နည်းနည်းချင်းစီ စားလာတော့ မေမေစိတ်ချမ်းသာရတယ်။

 သမီးကို နွားနို့တိုက်လို့မရဘူး၊ မေမေတို့ ကော်ဖီသောက်ရင် လာတောင်းလို့ ဇွန်းနဲ့တိုက်တော့ မငြင်းတမ်းသောက်တယ်။ ကော်ဖီ၊ ice lemon tea, coke အားလုံး သမီးကြိုက်တယ်။ မေမေ အများဆုံးသောက်တဲ့ကော်ဖီကို သမီးခဏခဏသောက်ဖြစ်နေတော့ မေမေက ကော်ဖီတိုက်ရင်း တချက် တချက် နွားနို့တစ်ဇွန်းထည့်တိုက်လိုက်ရင် သမီး မသောက်ဘူး၊ နောက်တစ်ခါကျ ခွံ့တဲ့ဇွန်းကို ကြည့်တယ် ။ နွားနို့ဆို မသောက်ဘူး၊ ကော်ဖီ၊ ရေနွေးကြမ်း၊ ရေ ဆိုရင်သောက်တယ်။ မေမေက ပရိယာယ် ကြွယ်ကြွယ် နဲ့  နွားနို့တစ်ဇွန်းကို အပေါ်က ကော်ဖီလေးနည်းနည်းတင်ပြီးမှ သမီးကို တိုက်ရတယ်။

အခု သမီးက တီဗီမှာ အရင် ၃ လလောက်ကလို Old Mac Donald ယူကျုကနေဖမ်းပြီး ဖွင့်ပြပေးထားရင် ထိုင်ကြည့်နေတတ်တဲ့ ကလေးလေး မဟုတ်တော့ဘူး။ သမီးကြည့်ချင်တာကို တောင်းဆိုတတ်ပြီ။ ကလေးသီချင်းခွေ ကြည့်ချင်ရင် ကာဗာလေးယူလာပြီး မေမေ့ပေးတယ်။ အဲဒီခွေ ဖွင့်ပြထားရင်း မကြည့်ချင်တော့ဘူးဆိုရင် တီင်္ဗီရီမုတ်ကို ယူလာပြီး ပြောင်းခိုင်းတယ်..။ သမီး ဘယ်လိုခိုင်းလဲဆို "အင်..အင်" နဲ့ပြောပြီး ခိုင်းတာပေါ့။ ရီမုတ်မှာ သမီးကြည့်တတ်တာတွေ မေမေ တစ်ခုပြီး တစ်ခု ဖွင့်ပြရတယ်။ သမီးမကြိုက်သေးရင် မနှစ်သက်တဲ့ အမူအယာပြတယ်။ သမီးကြည့်ချင်တဲ့ဟာဆိုရင်တော့ မျက်နှာက ချက်ချင်းပြုံးသွားတော့တာ...။ သမီးကြည့်တတ်တာတွေက သမီးရဲ့ ယူကျုချယ်နယ်၊ မမအေးချမ်း လက်ဆောင်ပေးတဲ့ ကလေးသီချင်းခွေ၊ Old mac Donald ယူကျု၊ မေမေကြည့်တဲ့ ဟေမာနေဝင်းကို သမီးသိပ်မကြိုက်လှဘူး၊ ဖေဖေကြည့်တဲ့ ဖြူဖြူကျော်သိန်းသမီးကြိုက်တယ်။ 

မစိတ်ကောက်ကလေး
သမီးလေးခိုင်းတာကို ချက်ချင်းလုပ်မပေးရင် စိတ်ကောက်တော့တာပဲ။ စိတ်ကောက်ရင် ဇောင့်ဇောင့်နဲ့ လမ်းလျှောက်သွားပြီး ဆိုဖာပေါ်မှာမျက်နှာမှောက်ချလိုက်တယ်။ ဒါမှမဟုတ် စာအုပ်စင် အောက်ဆုံးဆင့် ဘက်ကို မျက်နှာမူပြီး ရပ်နေတော့တာ...။ ပါးစပ်ကလည်း မကျေနပ်တာကို အော်နေသေးတာ။ အပြင်သွားရင်းစိတ်ကောက်ရင်တော့ မျက်နှာကို အစွမ်းကုန် ပုတ်သိုးထားပြီး ရောက်တဲ့နေရာ မှာ ခြေစုံရပ်နေတော့တာ။

သမီးက ဖုန်းနဲ့ဆော့ပါများတော့ ဖုန်းထဲက အိုင်ကွန်တွေကို အလွတ်ရနေပြီ...။ အပြင်သွားရင် တွန်းလှည်းထဲ မိန့်မိန့်ကြီးထိုင်ပြီး ဖုန်းထဲက ကလေးသီချင်းတွေဖွင့်ကြည့်လိုက်၊ ဘောလုံးဖောက်တဲ့ ဂိမ်းကလေးကို ဖွင့်ဆော့လိုက်လုပ်နေတာကို ကြည့်ပြီး နံဘေးက လူတွေက ကြည့်ကြည့်ပြီး သဘောကျနေတာ။ ကိုယ့်သမီးလေးကို သဘောတကျ ကြည့်တာမြင်တော့ မေမေကြိုက်ပေမယ့် သမီးလေးရဲ့ မျက်လုံးနုနုလေးတွေ စောစောစီးစီးပျက်စီးမှာစိုးတယ်။ အခုနောက်ပိုင်း ဖုန်း၊ အိုင်ပက်ကို သမီး မမြင်အောင်ဖွက်ထားတယ်။ မဖြစ်မနေ ငိုယိုပြီး တောင်းမှပဲ ပေးဆော့တော့တယ်။

သမီးလေး သိပ်ဆော့တယ်။ စိတ်ဆိုး၊ စိတ်ကောက်၊ ငိုတာတွေလည်း များလာတယ်။ မေမေ ပါးစပ်က ညည်းနေပေမယ့်  စိတ်မညစ်ပါဘူးကွယ်။ လိုချင်တာတွေ၊ လုပ်ချင်တာတွေ များလာမယ်..။ အလိုမပြည့်ရင် ငိုမယ်။ သမီးကို ဂရုစိုက်အောင် ငိုပြမယ်၊ ဆိုးပြမယ်..။ အမေ့သမီးလေး တဖြည်းဖြည်း လူကလေး တစ်ယောက် ပီပီသသ ဖြစ်ဖြစ်လာတာကို ကြည့်ပြီး သဘောကျနေတာ..။ အမေ သဘောကျပေမယ့် သမီးလေးသိပ်ဆိုးရင် သူများတွေ သမီးလေးကို မချစ်မှာစိုးလို့ တခါတရံတော့ အမေက သမီးကို ဆုံးမမှာပေါ့၊ ဆူမှာပေါ့ နော်..သမီးရယ်...။

သမီးလေး ၁၅ လပြည့်မွေးနေ့မှာရော ကျန်တဲ့နေ့တွေမှာပါ.. ကျန်းမာရွှင်လန်းပါစေ................။



8 comments:

JuneOne said...

HBD hmone hmone!!


စိတ်ကောက်ပုံ ကချစ်စရာ။အခုမှသတိရတယ် အိမ်က၂ယောက် စိတ်မကောက်တတ်ပါလား။edwin တို့ စန်တိုစာ သွားတဲ့ ပုံမှာ ၇ိုက်ထားတဲ့ တူဝမ်းကွဲလေ ကျောင်းက မျက်စိ စစ်ခိုင်းလို့ သွားစစ်လိုက်တာ ၁၇၅ ရှိတယ်.မျက်မှန်တပ်လိုက်ရတာ ရက်ပိုင်းပဲရှိသေးတယ်။ဒေါက်တာက ပြောတယ်တဲ့ ဖုံးတို့၊ကွန်ပြူတာတို့ ကို နာရီဝက် ကိုင်ပြီးရင် ကလေးတွေကို အပြင် စိမ်းစိမ်းစိုစို မြင်ကွင်းကို ပေးကြည့်ပါတဲ့။

Anonymous said...

မျက်စိမှုန်မှာနဲ့ ပတ်သတ်ရင် အလိုမလိုက်နဲ့ မင်ဆယ်ရေ....မှုန်ပြီဆို..ဘယ်တော့မှ ပြန်မကောင်း ။ ငါက ငယ်ငယ်လေးနဲ့ မျက်မှန်တပ်ရတော့ မျက်စိမှုန်တဲ့ဘ၀ကို...မုန်းလိုက်တာမှ...။လေဆာနဲ့ခွဲဖို့ကလဲ....သတ်တိက ကောင်းတယ်လေ..။သူများခွဲတာကြည့်တာတောင် မူးမေ့လဲချင်တယ်။
mm

Ko Boyz said...

ကလေးကို အိုင်ပက် တီဗွီ သိပ်မသုံးပါစေနဲ့...
အိုက်စ်လယ်မွန်တီး၊ ကုဒ် မတိုက်ပါနဲ့...။
ကာဗွန်နိတ်တစ် ဒရင့်ခ်တွေကို ကလေး ဗိုက်နုနုလေးက ခံနိုင်ရည် သိပ်ရှိမယ် မထင်ပါဘူး...။
တတ်နိုင်သမျှ သဘာဝ အစားအစာပဲ ကျွေးပါ...။
ကမ်မီကယ်နဲ့ လုပ်တာ မတိုက်မကျွေးပါနဲ့...။

Rita said...

ကိုဘတို့ အိပ်စပီးရီးရင့်က များပြီဆိုတော့ ကျွမ်းစ်စ်စ် နေပြီ။

အံ့သြဖို့ကောင်းတာနော် ခေတ်ကာလများ။ ကိုယ်တွေမှာ ကွန်ပျူတာကို သုံးတတ်ဖို့ 10 တန်းအောင်ပြီးမှ ကြိုးစားပမ်းစား သင်လိုက်ရတာ။ သူတို့က မွေးတည်းက အိုင်ဖုန်း အိုင်ပက်ဖက်ပြီး မွေးလာကြတာ။ 15 လက ဂိမ်းတောင် ဆော့သတဲ့။

Anonymous said...

အပေါ်က၄ယောက်ပြောသွားတာကို
သတြိပုပါမယ်ဆင်..။




ပုံ/
တချိန်က ချစ်သူ

NSA said...

ဟုတ်..သတိပြုပါ့မယ် တချိန်က ချစ်သူ..
တချိန်က ချစ်သူတွေများတော့ ဘယ်သူမှန်းမသိလိုက်ဘူး...:P

mae said...

အတွေ့အကြုံရင့်သော ကိုဘ ပြောတာ နားထောင်ပါ ဆင်ဆင်.. ကော်ဖီလဲ မတိုက်ရဘူးဆိုလားပဲ

အောက်ဆုံးက စာကြောင်းတွေ ဖတ်ပီး ငိုချင်သွားတယ်.. တို့လဲ တူလေးတွေကို အလိုလိုက်လိုက် ခြောက်လိုက်နဲ့ပဲ.. ခုတော့ ဝေးနေတော့ မတွေ့ရတော့ဘူး

Anonymous said...

သမီးကလေးကြီးလာလို့ ပြန်ဖတ်ဖြစ်ရင် သိပ်သဘောကျမှာပဲ.....အမ ရေးထားတာလေး ချစ်ဖို့ကောင်းလိုက်တာ.......



နောင့်