Saturday, July 7, 2012

နော့တီးမှုံ ၁၅လ ကျော် ၁၆လ

အရင်အပတ်က သမီး ည ည ငိုနေလို့.ဘာဖြစ်မှန်းလည်း မသိ.. .. အိပ်ရေးပျက်တော့ အိပ်ချင်မူးထူးနဲ့ ကလေးကို အော်မိတယ်..။ အိပ်ချင်စိတ်ပျောက်သွားတဲ့အခါ ကိုယ့်ဘာသာ အပြစ်တင်မိပြန်ရော... ကလေးမှာလည်း ချမ်းချမ်းသာသာ အိပ်ချင်ရှာမှာပေါ့ .. ဝေဒနာတစ်ခုခုခံစားနေရတာကို မပြောတတ်သေးတော့ ငို ငိုနေရတာကို အမေလုပ်သူက ငေါက်လိုက်ပြန်တော့ သူ့မှာ ၂ခါနာရတာပေါ့..။ 

ငေါက်တယ်ဆိုလို့ သမီးက သူ့ကို ဆူလိုက်ရင် မျက်နှာလေးမဲ့ကျသွားပြီး ခေါင်းငုံ့သွားရော၊ ပြီး ခေါင်းငုံ့ရာကနေ မျက်လွှာပင့်ပြီး အမေလုပ်သူကို ပြန်ပြန်ခိုးကြည့်တော့ ဆူမိတဲ့သူမှာ သူ့ကို ပွေ့ဖက် နမ်းရှုပ်ပြီး ဆူမိတဲ့အပြစ်အတွက် ပြန်တောင်းပန်မိရော...။ တခါတလေတော့ ဆူခံရရင် ထ ငိုတယ်..။ တခါတလေ ဟင်း..ဟဲ နဲ့ ပြန်ငေါက်ပြီး ထွက်သွားရော...။ ကျွန်မကို သူလုပ်လို့  ငိုချင်ယောင်ဆောင်ရင် သူက ဝမ်းနည်းတကြီး ရှိုက်ကြီးတငင် အော်ငိုတယ်..။ ဘယ်လိုမှ ချော့မရအောင်ပဲ ....။ အခုတော့ ငိုချင်ယောင်ဆောင်စရာမလို နည်းနည်းရှုံ့မဲ့သွားတာနဲ့ ငိုတယ်..(သူကလည်း တီးသေး၊ သူကလည်း ငိုသေး)။ အဲဒါနဲ့ သူ ရိုက်တာ၊ ဆိတ်ဆွဲတာတွေကို မနာချင်ဟန်ဆောင်နေရတယ်..။ ဒီမနက်ပဲ ကျွန်မကို ဆိတ်ဆွဲတော့ နာလို့ အား ..ကျွတ်ကျွတ် လို့ အသံထွက်သွားတယ်.. သူက ကျွန်မပေါ် မှောက်လျက်အိပ်နေရာကနေ ကုန်းထ လာပြီး မျက်နှာကိုလာကြည့်တယ်။ ကျွန်မမျက်နှာ မဲ့မနေပဲ ပြန်ပြုံးပြလိုက်တော့မှ နေမြဲ၊ ဆိတ်မြဲ ပြန်လုပ်တော့တယ်။ 


သူက အရေးလည်း ပါချင်သေးတာ...။ ပုံမှန်တိုင်းဆို ကလေးသိပ်ရင်းကျွန်မအိပ်ပျော်၊ မောင်ကြီးက သတင်းတွေ ဖတ်နေကြည့်နေရင်း ကျန်ခဲ့။ တခါတလေ မောင်ကြီးစောစောထမယ်ဆို အိပ်ယာစောစောဝင်ရင် သမီးက ပျော်မြူးပြီး သူ့အဖေနဲ့ဆော့တော့တာပဲ။ ကျွန်မတို့ အကြောင်းအရာ တစ်ခုခုပြောနေရင် သူက သူ့နေရာမှာလှဲနေရာ/ ထိုင်နေရာကနေ မတ်တပ် ထ ရပ်ပြီး သူပါ ဝင်ပြောတော့တယ်..။ အသံပေါင်းစုံနဲ့ မရပ်မနားပဲ။ သူပြောတဲ့ထဲ လျှာလိပ်သံတွေလည်း ပါတယ်..။ မျက်နျာထားကလည်း တစ်ခုခု အရေးကြီးတာ ပြောနေသလိုပဲ။ အေး..အေး.. ဟုတ်တာပေါ့ သမီးရဲ့ လောက်ပဲ ထောက်ခံပြီး ပြောလက်စ ဆက်ပြောနေမိကြရင် သူက သူ့အဖေခေါင်းအုံးပေါ်တက်ထိုင်ပြီး ဆက်ပြောတော့တာ...။ သူ့ ကို မသိအမှတ်မပြုရင် သူ့အဖေခေါင်းကိုပုတ်တယ်၊ နားထဲ နှိုက်တယ်၊ ပါးကိုပွတ်တယ်။ ဆံပင်ဆွဲတယ်... သူ့မျက်နှာကိုကြည့်ပြီး ဟုတ်တာပေါ့၊ မှန်တာပေါ့ ဆိုလေမှ အေးအေးဆေးဆေး ဆက်ပြောနေတော့တာ။


ရုပ်တည်လေးနဲ့ မမလေးစွာတေး၊ ခုထိ အမေအမေနို့ငုံတုံး ပြုံးပြုံးကြီး မမလတ် ၊ ၁ လသမီး ညီမလေးနဲ့ ဓာတ်ပုံရိုက်ပေးမယ်ဆိုလို့ ကစားရာကနေ ခြေလက်ဆေး၊ လက်အရက်ပျံပွတ်ပြီး ညီမလေးဆီပြေးလာကြတာ..။
သမီးလေး နည်းနည်းကြီးလာတော့ ဆိုးချင်တယ်။ ကလေးကို ကျွန်မ အော်ငေါက်မာန်မဲ မလုပ်ချင်ဘူး၊ အေးဆေး ရှင်းပြလည်း နားလည်တဲ့အရွယ်က မဟုတ်သေးတော့ ဘယ်လို ဆုံးမရမလဲ မသိဘူး..။ ရွာက ၇ တန်းကျောင်းသူ ကျွန်မတူမလေးတစ်ယောက် ရုပ်ကလေးချောချော၊ ကျောင်းစာလည်း ကြိုးစားတယ်။ စိတ်ရင်းလည်းကောင်းတယ်၊ သူများကို ကူညီချင်တယ်၊ လှူချင်တန်းချင်တယ်.(ကျောင်းက ကထိန်၊ အလှူငွေ ဘာကြောင့်ကောက်ကောက် အိမ်ကိုမတောင်းပဲ သူစုထားတဲ့ မုန့်ဖိုးထဲက အမြဲလှူတယ်...၊ သူ့တစ်နေ့ရတဲ့မုန့်ဖိုးရဲ့ ၅ ဆ ၆ ဆ လောက်လှူတာ) ။ ဒါပေမယ့် သူ့အားနည်းချက်က အော်ဟစ်တတ်၊ ငေါက်တတ်တာပဲ၊ ကျွန်မအထင် သူ့အမေ ကျွန်မ အစ်မက အိမ်အလုပ်၊ ရုံးအလုပ်နဲ့ ကလေး ၂ ယောက်တာဝန်ကို တစ်ယောက်တည်းယူနေရတော့ (သူ့အမျိုးသားက တခြားမြို့မှာ တာဝန်ကျ) အိမ်အကူလည်း မရှိ၊ အလုပ်ပင်ပန်းသမျှ အကြီးမလေးကို အော်ဟစ် ငေါက်တတ်တယ်။ သူ့သမီးကို ဖြစ်ထွန်းစေချင်တဲ့ စေတနာလွန်ကဲတာလည်း ပါတယ်။ အဲလို ကြားဖန်များတော့ ကလေးက သူ့မောင်လေး၊ သူငယ်ချင်း စသဖြင့် သူနဲ့ ပတ်သက်ရာတွေကို ဆက်ဆံရာမှာ အော်ငေါက်ပြောနေတာလို့ ထင်တယ်။

 မှုံမှုံကို အဲလို မဖြစ်စေချင်ဘူး..။ နှုတ်မချိုတဲ့အကျင့် ကျွန်မ သင်ပေးသလို မဖြစ်ချင်ဘူး။  ဒါတောင် ထောင်းကနဲ ဒေါသထွက်သွားရင်တစ်ခွန်းလောက် ငေါက်မိသေးတာ ..၊ ချက်ချင်းသတိရမှ ချက်ချင်း ပြန်ပြုံးပြ သမီးကို မေမေက အော်ချင်လို့မဟုတ်ဘူး.. သမိးလက် ပူသွားမှာစိုးလို့.. ဘာညာ စသဖြင့် ပြန်ရှင်းပြရတာပ။ ကလေးက နည်းလည် မလည်တော့ မသိဘူး...:P။

ရွာပြန်ရင် လက်ဆောင်ပေးမယ်လို့ ဝယ်ထားတဲ့ နှုတ်ခမ်းနီဗူးအသစ်ကို ရအောင်ဖွင့်ပြီးဒီဗီဒီစက်နဲ့ စားပွဲပေါ်ကို သမထားတဲ့ သမီးရဲ့ လက်ရာ


သမီးအစားမစားတဲ့အကြောင်းက ကျွန်မဖွမှုနဲ့ Facebook ကတဆင့် ကမ္ဘာတလွှား မြန်မာများ သိကြဆိုသလိုပဲ။ ခုတလောတော့ နည်းနည်းစားတယ်။ သူ့အဖေ ဝယ်လာတဲ့ ကန်စွန်းဥဘီစကစ် ပါးလှပ်လှပ်လေးတွေ ခွံ့တော့ စားတယ်။ အိုဗာတင်း+ကော်ဖီမစ်မှုန့်နည်းနည်း+ သကြား(သို့) နို့ဆီ ရောဖျော်တာ တစ်ဇွန်း၊ မုန့်နည်းနည်း တစ်လုတ် အဲလို စားတယ်။ အိုဗာတင်းချည်းဆို မသောက်လို့ သူကြိုက်တဲ့  ကော်ဖီအနံ့လေးပါအောင်နည်းနည်းထည့်ရတယ်။  မနက် အိပ်ရာနိုး သန့်ရှင်းရေးလုပ်၊ သနပ်ခါးလိမ်းပြီး စကျွေးတာ ဘီစကစ်ပါးပါးလေး ၄- ၅ချပ်နဲ့ အိုဗာတင်း စတီးဇွန်း ၅ ဇွန်းလောက်ကို ၂ နာရီလောက်ကျွေးရတယ်။ သမီးကြည့်ရတာ အားမရှိသလိုပဲထင်လို့ ကြက်သားတုံးကို ဆားနယ်ကြက်သွန်ဖြူနဲ့ရောပြီး ကြွေပန်းကန်လုံးထဲထည့် အဖုံးအုပ်ထားပြီး ရေနွေးအိုးထဲ ထည့်ပေါင်း ရလာတဲ့ ကြက်ပေါင်းအရည်လေး လက်ဖက်စားဇွန်း ၃-၄ ဇွန်းစာကို အိုဗာတင်းတိုက်နေတုံး မသိသလို ရောတိုက်ရတယ်...။ သူသိတဲ့အချိန် မျိုချပြီးဆိုတော့ငြင်းမရတော့ဘူး..နောက်တစ်ဇွန်းကျရင်တော့ ဇွန်းထဲက အိုဗာတင်းကိုပြပြီး တိုက်ရတာပေါ့။
ကလေးအစားကျွေးရတာလည်း မာယာတစ်သိန်း အပလိန်းအနန္တနဲ့ပါ။

မိန်းမမာယာသဲကိုးဖြာဆိုတာ ယောက်ျားတွေကို ဖျားယောင်းတဲ့နေရာ မဟုတ်လောက်ဘူး၊ ကလေးတစ်ယောက်ကို ကျွေးမွေးပြုစုစောင့်ရှောက်ရတဲ့အခါ သုံးရတဲ့ အမေတွေရဲ့ မာယာကိုပြောတာဖြစ်မယ်လို့ ကျွန်မ တွေးမိတယ်။

ကလေးအပျိုပေါက်ကာစပိုင်ရှင် ကျွန်မအစ်မကြီးနဲ့ သူငယ်ချင်းတစ်ယောက်ဆို ကလေးကြိုက်တတ်တဲ့ အဆိုတော်၊ မင်းသားတွေအကြောင်း သီချင်းအကြောင်း ကလေးအလစ်မှာ လေ့လာထားရတာတဲ့။ သမီးက ကိုယ့်ကို သူငယ်ချင်းလို ပေါင်းအောင်၊ သူနဲ့ စကားပြောလို့ရအောင်၊ အစစတိုင်ပင်အောင် သူ့အကြိုက်ကို ကိုယ့်အကြိုက်ဖြစ်အောင် ကြိုတင်လေ့လာထားရတာ။ မလွယ်ဘူးနော်...။ 


ရေးရင်းအပေါ်ဆုံးပိုဒ်ပြန်ဆွဲမှ....၊ အမှန်မှာ အဲဒါမှတ်ထားဖို့ရေးရင်း ဘယ်ရောက်မှန်းမသိတာ.. (စာရေးတတ်တဲ့ပညာပေါ့လေ.... ရောက်ရာပေါက်ရာစာရေးနည်း ဆိုပါတော့)
တစ်မနက် အစောကြီး သမီး ထငိုပြန်ရော၊ ဘယ်လိုမှ ချော့မရပြန်... စိတ်တိုတိုနဲ့ ပေအိပ်နေရင်း မျက်လုံးအသာမှေးကြည့်လိုက်တော့ သူက ငိုရင်းစိတ်တိုပြီး နဖူးနဲ့မွေ့ယာနဲ့ ကုန်းဆောင့်နေသေးတာ..။ ခေါင်းပြန်မော့လာတော့ ဘယ်ဘက်နှာခေါင်းမှာ သွေးစီးကြောင်းလေး လိုတွေ့လို့ အလန့်တကြား ထ မီးဖွင့်ကြည့်တော့ သမီး နှာခေါင်းတစ်ဘက် သွေးယိုနေတာ။ အရမ်းငိုနေတော့ ချွေးတွေလည်း ပြန်လို့...။ သမီးအဖေလည်း အလန့်တကြား ရေချိုးခန်းထဲက ရေတစ်ခွက်ခပ်ပြီး ထွက်လာတယ်..။ ဒါပေမယ့် Wet Tissue နဲ့ သုတ်ရုံပဲ သွေးက ဆက်တိုက်မကျတော့ပါဘူး..။ အဲတော့မှ မအိပ်ခင်က မိုးအေးနေလို့ အဲကွန်းကို ၂၉ မှာ ထားမိကြောင်းသတိရတယ်။ သမီး အော်ငိုလွန်းလို့ အရမ်းမောနေပြီထင်တာနဲ့ နောက်ဆုံးလက်နက် အိုင်ပက်ထုတ်ပေးလိုက်မှ သမီး အငိုတိတ်သွားတယ်..။ ဗိုက်ထဲကလည်း တဂွီဂွီမြည်သံကြားတော့ အိပ်ရာထဲပဲ ဘီစကစ်နဲ့ ရေနဲ့ ခွံ့ကျွေးပြီး ၁ နာရီလောက်ကြာမှ ပြန်အိပ်သွားရှာတယ်။ 

မီးရောင်တွေ လင်းထိန်နေတဲ့ ရှော့ပင်းမောလ် ကိုရောက်ရင် သမီးမျက်နှာ ပြုံးပျော်နေတာပဲ။ မှန်မြင်ရင် သဘောကျပြီး အကျယ်ကြီး အော်အော်ရယ်လို့  ဘေးလူတွေကပါ သမီးကြည့်ပြီး ရယ်ကြရတယ်။


ကျွန်မနဲ့မောင်ကြီး နှာခေါင်းသွေးယိုအတွက် တော်တော် စိတ်ဆင်းရဲသွားတယ်..။ ကျွန်မတို့ ငယ်ငယ်က နွေရာသီမှာ ပူလွန်းလို့ နှာခေါင်းသွေးလျှံတတ်တယ်။ ရေရှုလိုက်ရင် ပျောက်သွားတာပါပဲ၊ အကစားတောင်မပျက်ဘူး၊  အခုက အဲကွန်းခန်းထဲမှာ... အပူချိန် တင်ထားပေမယ့် သိပ်မပူလှပါဘူး..။ ဘာကြောင့်သွေးလျှံရသလဲ.. ခေါင်းထဲမှာ တစ်ခုခုဆောင့်မိတဲ့ဒဏ်ရာလား၊ ဒါမှ မဟုတ် ကျွန်မတို့ကိုမျိုးရိုးလိုက်တဲ့ သွေးအားနည်းနဲ့ပတ်သက်တဲ့ရောဂါလား (ကိုရီးယားကားထဲမှာလည်း  နှာခေါင်းသွေးလျှံရင် သွေးကင်ဆာ ဖြစ်ဖြစ်နေတတ်တာ ကြည့်နေရတာရယ်၊ ကျွန်မရော ၊ မောင်ကြီးရော ကြောင့်ရယ်) တွေးပြီး သိပ်စိတ်ညစ်မိတယ်။ မောင်ကြီးက ဆရာဝန်အသိုင်းအဝိုင်းနဲ့ ကလေးအတွေ့အကြုံရှိသူတွေကို မက်ဆေ့ပို့၊ အီးမေးလ်ပို့ ပြီးမေးပါဦးလို့ ဆိုပေမယ့် ကွန်ပြူတာကို မဖွင့်ဖြစ်ပဲ သမီးကိုချည်း တစ်နေ့လုံး အရိပ်တကြည့်ကြည့်လုပ်နေမိတယ်။  သမီးက လန်းလန်းဆန်းဆန်းနဲ့ အဲဒီနေ့မှ မုန့်တွေ ပိုစားနေလို့ စိတ်ချမ်းသာ ရသေးတယ်။ နောက် မောင်ကြီးကိုပဲ Google ကြည့်ခိုင်း၊ သူတွေ့တဲ့ link လေး ဖတ်ပြတော့ နည်းနည်းပိုစိတ်ချမ်းသာသွားတယ်။ အဲကွန်းနဲ့ (သို့မဟုတ်) ဟီတာနဲ့ နေတဲ့ ကလေးတွေ မှာလည်း နှာခေါင်းသွေးလျှံတာဖြစ်တတ်တယ်လို့ ရေးထားလို့ပါ။  ဒါကြောင့်လည်း ဆိုတဲ့  အကြောင်းတစ်ခုခုတွေ့တော့ ဝမ်းသာသွားတာ.. မဖြစ်အောင်ဘယ်လိုလုပ်ရမယ်ဆိုတာ မရှာရသေးဘူး..:( ။

သမီးလေးကို အသေးလေးတွေလည်း လိုက်ပူနေရတာ စိတ်ပင်ပန်းရတယ်။ ဒါပေမယ့် ကျွန်မကြောက်တာက အရေးမကြီးဘူးထင်လို့ ပေါ့ဆမိရင်း အရေးကြီးတာဖြစ်နေပြီး ယူကျုံးမရဖြစ်ရမှာကိုပဲ။ အဲဒါကြောင့်လည်း နေရာတကာလိုက်ပါနေမိတာ..။

သမီး ၁ နှစ် ၄ လ ထဲအဝင်... အကြောင်းလေးတွေ အမှတ်တရရေးထားတာပါ။




9 comments:

JuneOne said...

အဲဒီ ကန်းဇွန်းဥ ဘီစကစ် အခု ယူးတီးမှာ NTUC က ဒစ်စကောင့်ချနေလို့ မနေ့က ၀ယ်လာပြီး edwin တို့ကို ကျွေးတာ ကြိုက်တယ်။အာလူးလဲရှိတယ်။အဲကွန်းကို ဆားဗစ်လုပ်လားမမ။အိမ်မှ ၆လ တစ်ကြိမ်လုပ်တယ်။မလုပ်လို့ နဲနဲကြာရင် ဖုန်တွေ များလာပြီး ကလေးတွေ ရင်ကျပ်လို့။ဆားဗစ် လဲ လုပ်ရော ထွက်လာလိုက်တဲ့ ဖုန်တွေ အဲကွန်း ဖစ်တာမှာ။ကလေး၁ယောက်မွေးရတာမလွယ်ဘူးမမရေ။ကြီးလာလေ ကွန်းထရိုးလုပ်ရတာခက်လေပဲ။

Anonymous said...

သနပ်ခါး ပါးကွက်ကျားလေးနဲ့ .. =)

Sein Lyan Tun said...

မှုံလေးက သိပ်ချစ်ဖို့ကောင်းတာ.

အိမ်မှာ မှုံလေးပုံကြည့်ပြီးနေ့တိုင်းပြော..

သိပ်စိတ်မပူပါနဲ့ အမေစင်စင်ရယ်.. နောက်တော့လဲ ဖြစ်လာမှာပဲလေ..

P.Ti said...

ကလေးတစ်ယောက်ရှိတာလည်း တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်နော်။ ယူဖို့ကတော့ အခုအချိန်အထိ စဉ်းစားနေတုန်း ဟိ...

မှုံမှုံ့ကို အပြင်မှာ မတွေ့ဖူးသေးဘူး။ နောက်တစ်ခါ စောစောလာပါ ဆင်ဆင်။

Sonata Cantata said...

သားကြီးက အမကို ဒုံးတိတိပြန်ပြောရင်...စိတ်ထဲက အော်ငါ့ဆီက ကူးတာပါလားလို့ တွေးမိပါတယ်

Anonymous said...

အော်ငေါက်တတ်မှာဆိုးတယ်ဆို..ငါအိမ်လာလည်လို့မရဘူးထင်တယ်..စိတ်တိုလာမှဟောက်တာပါ..ဒီတိုင်းမဟောက်ဘူးလေနော်.. နင်စာဖတ်ရတာ မောလိုက်တာဟာ.ကလေးအမေဖြစ်ရတာမလွယ်ပါလား။
mm

Anonymous said...

မှုံလေး အကြောင်းဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်။
သဘောကျတယ်။
များများရေးပါဗျို့


နောင့်

kay said...

မှုံဆင်ဆင်လေး အကြောင်း ခုမှ သေချာ ဖတ်ရတယ်။း)

နွေးနေခြည် said...

ဒီလိုအကြောင်းအရာမျိုးလေးတွေ ဖတ်ရတာ သိပ်သဘောကျတာပဲ။ ကလေးတယောက် ပြုစုပျိုးထောင်ရတာလဲ မလွယ်ပါလားနော်။