Monday, September 10, 2012

၁၈ လ မှုံ

သမီးလေး မှုံမှုံ အသက် ၁ နှစ် ၅လ ပြည့်ခဲ့ပြီ။ သမီးအသက်ဘယ်လောက်လဲလို့ သူများမေးရင် အမေက ၁ နှစ်ခွဲလို့ ဖြေလို့ ရပြီပေါ့ သမီးရယ်....။

သမီးက သိပ်ရုပ်ပြောင်လာတယ်..။ တောက်တက် ၊ တောက်တက် လျှောက်သွားရုံမက ဟိုဖက်တက် ဒီဖက်တက် လုပ်နေပြီ။ ဘယ်သွားသွား တွေ့ရာနေရာကို အတင်းဖက်တွယ်တက်တယ်။ အမေနဲ့သမီး ဈေးဆင်းဝယ်ရင် ဈေးနားက ကြွေပြားကပ်ခုံရှည်ပေါ် သမီး အတင်း ဖက်တက်တယ်..။ ထိုင်ခုံပေါ်ရောက်ရင် နောက်မှီပေါ် ဆက်ဖက်တက်လို့ အမေက ဆွဲ ဆွဲချရတာ အမြဲပဲ...။ အိမ်အောက်မှာ လမ်းဆင်းလျှောက်ရင် လမ်းက လှေကား ၈ ထစ်လောက်ကို သံပိုက်လုံးလက်ရမ်းကိုင်ပြီး သမီး တက်လိုက် ဆင်းလိုက်လုပ်တယ်..။ အတက်မှာ ကိုယ့်ဘာသာတက်ပြီး အဆင်းမှာ အမေ့ကို လက်လှမ်းပေမယ့် အမေက သမီးကို မကူပဲ ကိုယ့်ဘာသာလက်ရမ်းကိုင် ဆင်းခိုင်းတယ်..။ တခါတလေ နောက်ပြန်၊ တခါတလေ ဘေးတိုက်နဲ့ သမီးလေး အောက်တော့ ရောက်အောင် ဆင်း ဆင်းလာတယ်...။

ခါတိုင်းဆို အပြင်ထွက်ရင် ဖြတ်သွားရတဲ့ ကပ်လျက်အခန်းက မလေးရှားအန်တီကြီးအသံကိုကြောက်လို့ အဲဒီအိမ်ရှေ့က ကျော်တဲ့ထိ သမီးကို ချီရတယ်..။ ဓာတ်လှေကားနားရောက်မှ သမီး ကိုယ့်ဘာသာ လျှောက်တယ်..။ အဖေနဲ့ အမေက တမင်မချီပဲ ရှေ့ကသွားနှင့်ပြီး သမီးကို လှမ်းခေါ်ရင် သမီးမလာဘူး.. အိမ်ရှေ့မှာပဲ ပေကပ်ရပ်ကျန်ခဲ့တယ်။ အခုတော့ အဲလိုမဟုတ်တော့ဘူး....။ သံပန်းတံခါး တစ်ခြမ်းဖွင့်ထားရင် အပြင်ထွက်သွားတတ်ပြီ။ အိမ်ပေါက်ဝကတည်းက ဘေးခန်းဘက်ကို  ခေါင်းတစ်ခြမ်းစောင်းအကဲခတ်ပြီး စောင်းငန်း စောင်းငန်းနဲ့ ထွက်သွားတာ ဘေးခန်းကို လုံးဝ ဖြတ်ကျော်ပြီးမှ သမီးခေါင်း ပြန်တည့်တယ်။ အဖေနဲ့ အမေမှာ သမီးကိုကြည့်ပြီး ရယ်ရတာ အူနာနေရောပဲ ...။

သမီး ၁၉ လ ပြည့်ကာနီးမှ ဒီစာကို ဆက်ဖြစ်တယ်.. ကြားထဲမှာ စိတ်ပန်း လူပန်းနဲ့ Facebook မှာ ပဲ အချိန်တွေ ကုန်နေလို့ ...။
သမီး ဝိတ်မတက်လာပေမယ့် အစာတော့ စားလာပြီ..။

ကြက်သားနဲ့ အာလူး ဆီနည်းနည်း၊ အရောင်တင်မပါပဲ အာလူးကျေကျေလေး ချက်ရင် သမီးစားတယ်၊
ကြက်သားပြုတ်ထဲ မုန်လာဥနီသေးသေး၊ ပဲပင်ပေါက်၊ယောင်တိုဖူး ရယ်ဒီမိတ်ထုပ် ဖောက်ထည့်ပြုတ်ထားတဲ့ အရည် သမီးသောက်တယ်။
မုန့်ဟင်းခါး သမီးကြိုက်တယ်။
အုန်းနို့မထည့်ပဲအမေချက်တဲ့ ကြက်သားခေါက်ဆွဲလည်း သမီးကြိုက်တယ်။ ခေါက်ဆွဲမျှင်လေးတွေ တစ်မျှင်ချင်း သမီးလက်နဲ့ ယူစားတတ်တယ်။
သမီးနေ့တိုင်း မငြီးစတမ်းစားတာက ပေါင်မုန့်နဲ့ အိုဗာတင်းအဖြူပါ။

သမီးအကြောင်းတွေ မတင်ဖြစ်တာကြာလို့ ဆက်ရေးလို့လဲ မထွက်လို့ ဒီလောက်မှာရပ်ပြီး တစ်ပုဒ်တင်လိုက်ပါတယ်..။
စိတ်ဆင်းရဲစရာအကြောင်းပေါ်လာရင် ဖြေသိမ့်စရာ အားဆေးလေး အမေ့သမီးလေးကို အမေက အမြဲကျေးဇူးတင်နေမှာပါ....။


7 comments:

mstint said...

တစ်နှစ်ငါးလဆိုတော့ တောက်တက်တောက်တက် သွားရင်း တီတီတာတာ ချစ်စရာအကောင်းဆုံး အရွယ်ပေါ့ စင်စင်ရေ။ တီတင့်ရဲ့ သားတွေတုန်းကတော့ ဖီးကြမ်းငှက်ပျောသီး မီးဖုတ် တစ်ရက် တစ်လုံးနှုံးကျွေးခဲ့တယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

NSA said...

ချစ်စရာလည်းကောင်း တခါတလေလည်း ဆိုးချင်လာပြီ တီတင့်ရေ ..
ဒီမှာ အလွယ်ရတဲ့ သီးမွှေးငှက်ပျောသီးကျွေးကြည့်တာ နည်းနည်းလေးတော့ စားတယ်. သူကလည်း တစ်ခါစားရင် နည်းနည်းလေးပဲ :-(

သက်ဝေ said...

ဖြေသိမ့်စရာ အားဆေးလေး အမေ့သမီးလေး တဲ့... ဟုတ်တယ်နော်... ဘဝမှာ တွယ်တာစရာ အကောင်းဆုံး... အတွယ်တာရဆုံး သံယောဇဉ်လေးတခု...း)

Thandar Lwin said...

မေမေစင် - မှုံလေး က ၁၈ လမပြည့်သေးဘူးနော် ။ မှုံလေး အစား စားလာတာ ၀မ်းသာတယ် ။ ပေါင်မုန့် နဲ့ အိုဗာတင်း ကြိုက်တယ် ဆိုတော့ ဘိုမလေး ပေါ့ ။ အပြန်အလှန် သိပ်ချစ်ကြမှန်း သိသာတဲ့ ဒီသားအမိအကြောင်းဖတ်ရတာ သိပ်ကြည်နူးဘို့ ကောင်းတယ်။

သစ်သစ် said...

ဒေါသတွေထွက်နေရင်ဖြစ်ဖြစ် စိတ်အလိုမကျရင်ဖြစ်ဖြစ် မှုံလေးမျက်နှာမြင်ရင် အလိုလိုပြုံးမိလာတယ် .. သူစိမ်းတစ်ယောက်ရဲ့ရင်ကိုတောင် ဆွဲကိုင်လှုပ်နိုင်မှာတော့ အမေဆိုတာပြောဖွယ်ရာမရှိတော့ဘူး :)

JuneOne said...

ရုပ်ပြောင်တဲ့ မှုံ လိုကလေးတစ်ယောက်လောက်လိုချင်တယ်။

Anonymous said...

Always love to read about her!
i want to read every month (like monthly report) :D


Naunt