Wednesday, October 24, 2012

ကာကွယ်ဆေး (၄)

ကာကွယ်ဆေးထိုးရန် ဆေးရုံမှ ပြန်ချိန်းလိုက်သောရက်တွင်သွားပါသည်။ နောက်ဆုံး ထိုးရမည့် အခေါက်မို့ ဆရာဝန်နှင့် ဝင်တွေ့ရသည်။ ဆရာဝန်ကို သမီးလက်နှင့် ဗိုက်မှာ ပေါ်လာသော အဖုနီနီလေးများ ကို ပြလိုက်ရာ ဝက်သက်ဟု သံသယ ရှိ၍ လိမ်းဆေးပေးကာ ကာကွယ်ဆေးပေးမထိုးပဲ နောက် ၃ ပတ်ကြာမှ တစ်ခေါက်ပြန်လာရန် ချိန်းလိုက်ပါသည်။ 

နောက် ၃ ပတ်တွင် သမီး၏ အဖုလေးများ ပျောက်သွားပါပြီ (ဝက်သက်မဟုတ်ပါ၊ အင်းဆက် အကိုက်ခံရတာဖြစ်ပါသည်။ သမီးနေလေ့ရှိသည့် ဧည့်ခန်းက ရာဘာပြားပေါ်မှာ  ပုရွက်ဆိတ်သေးသေးလေး များ ရှိနေသည်ကို တွေ့ရပါသည်။)။

နောက်တစ်ခေါက်ဆေးခန်းအသွားမှာ သမီး ၃ ပတ်အတွင်း ၀.၃ ကီလို ဝိတ်တက်လာကြောင်းသိရ၍ အလွန်ဝမ်းသာပါသည်။ သမီးသည် ဆေးထိုးရမည့် အခန်းသို့ဆရာဝန်မပြခင်တစ်ခေါက် ၊ ပြပြီးဆေးထိုး ရန် နောက်တစ်ခေါက် ၂ ခေါက်ဝင်ရရာ၊ ၂ ခေါက်လုံး စကားတွေ ဗျစ်လစ်ဆန်အောင်ပြော၊ စတီးရောင်ပြောင်လက်နေသည့် စင်မှာမြင်ရသော သူ့ပုံသူကြည့်ကာ တဟေးဟေးရယ်လိုက် ၊ ပြောင်ပြလိုက် လုပ်၊ လျှောက်ပြေး၊ ဟိုဟာ ဆွဲချ ၊ ဒီဟာပြေးကိုင် လုပ်နေသည်မှာ ဒုတိယအခေါက် သူနာပြု ဆရာမက မှာစရာ၊ ပြောစရာ၊ ရှင်းပြနေချိန်ထိပင်။ ဆရာမ ထိုင်ရာမှ ထ လိုက်သည်နှင့် ထ ငိုလိုက်သည် မှာ ချော့မရ၊ ပြုမရ၊ ခါတိုင်းလို အဖေ့ပေါ်မှာ ဆေးထိုးမခံ၍ အမေက ချီထားရသည်။ ဆရာမက သမီး အလွန်လည်သည်တဲ့။ သူ့ အနေအထား ပြောင်းလိုက်တာနဲ့ သမီးက သူ့ကိုတစ်ခုခု လုပ်တော့မယ်မှန်းသိပြီး အပ်တွေ၊ ဆေးပုလင်းတွေ ဘာမှ မမြင်ရပဲ ထ ငိုတာတဲ့။ 

သမီးသည် ပေါင်မှာတစ်ချက်၊ လက်မောင်းမှာ တစ်ချက် ဆေးထိုးခံရပါသည်။ MMR 2nd Dose နှင့်  DPT/DT 1st Booster ထိုးရန်ဖြစ်သည်။ ဆရာမက DPT/DT 1st Booster အစား နောက် ၂ မျိုး ထပ်ပေါင်းထားသော
 5 in 1 ထိုးရင်လည်း ရသည်ဆို၍  ထိုးခဲ့ပါသည်။  5 in 1 သည် ပုံမှန် ထိုးရမည့် ဇယားထဲကဆေးမဟုတ်သည့်အတွက် အဖေ့ Medisave မှ ပေးချေမရပါ။ သပ်သပ်ပေးရပါသည်။

( 5 in 1 သည် ၂လ၊ ၄လ၊ ၆ လနှင့် ၁၈ လ တို့တွင် ၄ ကြိမ်ထိုးရမည့်ဆေးဖြစ်ပါသည်၊ သမီးသည်ရှေ့ပိုင်းတွင်မထိုးခဲ့ဖူးသော်လည်း ၁၈ လတွင် နောက်ဆုံးအကြိမ် ဝင်ထိုးလည်း အတူတူပဲ ရောဂါကာကွယ်နိုင်သည်ဟု ဆရာမက ရှင်းပြပါသည်။) 

ဆရာဝန်ဝင်မတွေ့ခင် သမီးရဲ့ တိုးတက်မှုကို Yes or No မေးခွန်းများ ဖြည့်ရာ၊ ပါပါး၊ မာမား ခေါ်တတ်ပြီလား မေးခွန်းကို အမေက No အကွက်တွင် ခြစ်ခဲ့ပါသည်။ (သမီးသည် သူ့ထက် ကြီးသူ မိန်းကလေးမြင်မြင် ယောက်ျားလေးမြင်မြင်  ကော်ကော် ဟု ခေါ်တတ်သည်။ ထမင်းကို မံမံ ဟု ခေါ်တတ်သည်။ စကားအလွန်များသော်လည်း အဓိပ္ပါယ်ပါသောစကား ဒီ ၂ ခွန်းသာ ပြောတတ်သေး သည်) ။ အဲဒါကို ပြောပြသော်လည်း ဖေဖေ၊ မေမေကို (မိခင်ဘာသာစကားဖြစ်ဖြစ်၊ ဘယ်ဘာသာစကား နဲ့ဖြစ်ဖြစ်) နဲ့ ခေါ်တတ်သင့်ချိန် မခေါ်တတ်သေးသောကြောင့် KK Hospital တွင် အထူးကု နှင့် ပြသဆွးနွေးရန် ရက်ချိန်းလုပ်ပေးလိုက်ပါသည်။

ဖြစ်ပုံကလည်း သူနာပြုအခန်းတွင် ယင်မနားစိန် ဖြစ်နေသော သမီးသည် ဆရာဝန်အခန်းထဲတွင် မျက်နှာအိုအိုနှင့် တိတ်ဆိတ်ငြိမ်သက်လို့နေသည်။ ဆရာဝန်ပြချိန် အနှောက်အယှက်မဖြစ်ရန် ဖုန်းပေးထား မိသည်က ဆိုးသွားသည်။ ဖုန်းကို အသံကျယ်ကြီးမြှင့်၍ ကလေးသီချင်းတွေ ဖွင့်ကြည့်နေသည်။ စကားပြောရတာ အနှောက်အယှက်ဖြစ်၍ အသံတိုးလိုက်လျှင် သူက ငိုပြီးတစ်ခါ ပြန်ကျယ်ဖြင့် လုံးလည်လိုက်နေသည်။  စိတ်မကြည်တော့ပဲ ဆရာဝန် နားကျပ်ထောက်သည်ကို တအီအီငိုသည်။
Appointment  ချိန်းပေးမည့် အခန်းသို့မသွားခင် သမီးဆေးဝင်ထိုးပြီး ခဏ စောင့်ကြည့်နေစဉ် ဆရာဝန်က ရေးပေးလိုက်သောလွှဲစာကို ဖတ်ကြည့်ရာ ကလေးက စမ်းသပ်ခံနေစဉ်အတွင်း ငိုသည်မှ တပါး သူ့ အိုင်ဖုန်းကိုသာ တစ်ချိန်လုံး ကစားနေသည်ဟု ရေးထားတာပါ၍ ပြုံးရသေးသည်။ သမီးနှင့်ဖုန်းကား ပြောစမှတ်ဖြစ်ချေပြီ။ (တကယ်တော့ ဖုန်းကို တော်ရုံနှင့်ပေးမကိုင်တာ ကြာပေပြီ။ ဆေးထိုး၍ ငိုလျှင် ရင် ချော့မရပြုမရမှာစိုး၍ ပေးကိုင်လိုက်ကာမှ ပိုဆိုးသွားခြင်းပင်)။


ကာကွယ်ဆေး (၄) ကျသင့်ငွေ

1- consultation fees             - 35.05 S$
2- MMR 1 dose                 - 25.00 S$
3- DTPA-IPV+HIB 1 dose - 81.71 S$
4- Paracetamol (အိမ်မှာကုန်နေ၍) - 2.62 S$
---------------------------------------------------
Total -  157. 84 S$

(MSV transaction fees  3.14 + GST 10.32 ထည့်ပေါင်းထားပါသည်။)


 ကျွန်မ သဘောကတော့ စကားပြောနောက်ကျသော ကလေးများမြင်ဖူးသည်မို့ မစိုးရိမ်သော်လည်း ဆရာဝန်က ပြသင့်သည်ဆို သွားပြရုံသာဖြစ်ပါသည်။ ရက်ချိန်း ၂၀၁၃ ဇန်နဝါရီလ မတိုင်မီ သမီးလေး ဖေဖေ၊ မေမေ ခေါ်တတ်ရန် သင်ရပါဦးမည်။

ဒီအကြိမ်သည် သမီးလေး ကာကွယ်ဆေးထိုးတာ ပြီးသွားပြီဖြစ်ပါသည်။ သမီး ၃ နှစ်ပြည့်ပြီးမှ ကာကွယ်ဆေး အားလုံး ထိုးနှံပြီးစီးကြောင်း လက်မှတ်သွားယူရမည်ဖြစ်ပါသည်။ 

7 comments:

Rita said...

အစ်ကိုဝမ်းကွဲဆို ၂ နှစ်ကျော်မှ ပြောတယ်။

မိန်းကလေးတွေကတော့ စကားပြောတာ စောတယ်လို့ ကြားဖူးတာပဲ။ ဖေဖေ မေမေ အရင်မခေါ်ဘဲ တခြားဟာ စပြောတာတော့ တူတယ်။ =D

JuneOne said...

ဟယ်မမ poly တွေက တစ်ခါထဲ ပေးတယ်..vaccination certificate လို့ခေါ်တယ်။ကျောင်းအပ်ရင် လိုကိုလိုတဲ့ အရေးကြီးဆုံး စာရွက်ပဲ။အဲဒါမပါ ကျောင်းအပ်လက်မခံဘူး။ဥပမာ- ၃နှစ်မပြည့်ခင် playgroup ဘာညာ ထားချင်ရင် သပ်သပ်သွားတောင်းနေရမယ်။

Anonymous said...

Oh , really?
It is also a poly clinic .
Outrum Park poly clinic which is in SGH .

NSA

JuneOne said...

မေ ကော၊edwin ကော နောက်ဆုံးအခေါက်ထိုးပြီး တစ်ခါထဲ ထုတ်ပေးပြီး တုံးထုပေးလိုက်တယ်မမ...သွားမတောင်းဖြစ်သေးရင်လဲ စာအုပ်နောက်ကျော photo ဆွဲပေးလိုက်ပေါ့...ဟီး

့်Home Sweet Home said...

သမီးတုန်းကတော့ playgroup ထားတုန်းကမတောင်းဘူး။ PAP ကျောင်းအပ်တော့ MMR ကာကွယ်ဆေးထိုးထားတဲ့ လက်မှတ်တောင်းတယ်။ မဂျွန်ဝမ်းတို့ နဲ့ က yew tee ရပ်ကွက်တူပေမယ့် PAP ကျောင်းမတူလို့ နဲ့ တူတယ် တောင်းတာချင်းမတူဘူး.........း)

NSA said...

စနိုးတောင်အတော်ကြီးပြီပဲ.. Home Sweet Home Blog မှာ သမီးကြိုက်တဲ့အစာဆိုပြီးရွှေဖရုံသီးပေါင်းတာ နောက်ဆုံးဖတ်လိုက်ရတာပဲ .....။ နောက် လိုက်ရှာတော့ ဘလော့ကို မတွေ့တော့ဘူး.. စနိုးအကြောင်းတွေ ဖတ်ချင်ပါသေးတယ်။

JuneOne said...

တို့က 786 PAP...yewtee မှာ အဲ့တစ်ခုထဲရှိတာမလား..edwin play group ထားတုန်းက တောင်းတယ်..