Tuesday, October 16, 2012

ဆုံးရှုံးခဲ့သူကလေး ( My Early Pregnancy Failure Experience ) - 2

ဆုံးရှုံးခဲ့သူကလေး ကို အမြန်ဆုံး ဆက်ပါမယ် ဆိုမှ ဒီရက်မှာ အလုပ်ရှုပ်၊ သမီး ကာကွယ်ဆေးထိုးတာ ကိုယ်ပူပြီး အမေကို တအားကပ်နေတော့ နောက်ကျသွားတယ်။ ရေးရင်းနဲ့ ပေရှည်နေသလို ခံစားရတယ်။ တကယ်က ခွဲခန်းထဲအကြောင်း ဖတ်ချင်ကြမှာ..။ ကျွန်မက ခွဲခန်းထဲရောက် မေ့ဆေးပေးခံရ ၊ အိပ်ပျော်သွား၊ ပြန်နိုးလာတော့ Recovery Room ကိုရောက်နေ ဆိုသလိုပဲ..။ ခွဲခန်းထဲက အကြောင်း ရေးစရာက မရှိ၊ ကုန်ကျစရိတ် ကလည်း ဆေးရုံဘောင်ချာ ရှာမတွေ့လို့ အကြမ်းဖျဉ်းသာ မှတ်မိနေ..။ ဘာပဲ ဖြစ်ဖြစ် စ ပြီးပြီဆိုတော့ အဆုံးသတ်ရမှာပ ။ 

နောက်တစ်ခုက ဒီလို စိတ်မကောင်းဖြစ်စရာ အကြောင်းတွေကို ကျွန်မ ဖတ်ချင်လေ့မရှိဘူး၊ ဗဟုသုတ အနေနဲ့လည်း မသိချင်ဘူး၊ အဓိကက ကိုယ်ဝန်ဆောင်တွေ ကိုယ့်ကိုယ်ကိုယ် စိတ်ပူမှာစိုးလို့ မဖတ်မိစေ ချင်ဘူး။ ကျွန်မတုံးက သမီးကိုယ်ဝန်နဲ့ ရွာမှာ ဝတ္ထုစာအုပ် ငှားဖတ်တာ.. ၅ လနဲ့ ကိုယ်ဝန်ပျက်ကျတဲ့ အကြောင်း ပါလို့ ဆက်မဖတ်ပဲ စာအုပ်ပြန်အပ်ပစ်လိုက်တာ...။ သူများတွေကိုလည်း ပြန်ပြီး ပြောမပြချင်ဘူး၊ ဘလော့ လာဖတ်တဲ့သူတွေကိုလည်း စိတ်မချမ်းသာစရာအကြောင်းတွေ ရေးမပြချင်ဘူး...။

ဒါပေမယ့် ပြန်တွေးကြည့်တော့ ကျွန်မ ဒီလိုဖြစ်တယ်ဆိုတာ စ သိရတော့ အတော်ခေါင်းပူပါတယ်။ ဘယ်လိုကုမယ် ဆိုတာ မသိရသေးတော့ တွေးပူနေတာ။ ဆေးရုံမှာ ကုပြီးရင် အိပ်ရာထဲ လဲနေမှာလား၊ ၁ နှစ်ခွဲ သမီးလေးကို ဘယ်လောက်ကြာကြာ မစောင့်ရှောက်နိုင်မှာလဲ ၊ ရွာက လူတစ်ယောက်လောက် လှမ်းခေါ်ရမှာလား...မျိုးစုံ တွေးရ၊ ပူရပါတယ် ။

FB မှာ သိရတဲ့  ဒါမျိုးအတွေ့အကြုံရှိတဲ့ ဘလော့ဂါ သူငယ်ချင်းတွေ ၊ ညီမတွေက ဘယ်လို ကုကြတယ်။ စိတ်ပူစရာမလိုဘူး၊ နာကျင်ခြင်းမရှိဘူး စသဖြင့် ပြောပြကြတော့ စိတ်ထိခိုက်ရတဲ့ကြားက အနည်းငယ် သက်သာရာ ရပါတယ်။ အသိ တော်တော်များများ ဖြစ်ဖူးတယ် ဆိုတာ သိရတော့လည်း တစ်မျိုး ဖြေသာတယ်။ သူများတွေ ဖြစ်ခဲ့တာကို စိတ်မကောင်း မဖြစ်လို့ မဟုတ်..၊ ဒီလိုအဖြစ်မျိုးကြုံရတာ ငါ့တစ်ယောက်တည်း မဟုတ်ဘူး ဆိုတဲ့အတွေးနဲ့ အားတင်း နိုင်လို့ပါ။၊

ဒီကိစ္စမျိုးကြုံရသူ တစ်ဦးတစ်လေက စိတ်ပူလို့ ဘယ်လို ကုသတယ်ဆိုတာ အင်တာနက်မှာ ရှာကြည့်ရင် အထောက်အကူ  တစ်ခုခု ဖြစ်စေဖို့သာ ရေးလိုက်တာပါ။


ကျွန်မအမည် ပီပီသသခေါ်ပြီး စကားပြောနေသံကြားတော့ ကျွန်မတို့  ၃ ယောက်ေ ခါင်းထောင်သွားတယ်။

ခဏနေတော့ ကျွန်မကုတင်ခြေရင်းကို နာ့စ်တစ်ယောက်လာရပ်ပြီး ပြုံးပြပါတယ်၊ စောစောက ကျွန်မဘေးကုတင်က လူနာကို ဝှီးချဲနဲ့လာခေါ် တွန်းထွက်သွားသူပါ။ အဲဒီတုံးကတည်းက လူနာကို အပြုံးကလေးနဲ့ စကားတပြောပြောတွန်းခေါ်သွားတာပါ။ (ကျွန်မမှာ ကုတင်ပေါ် လှဲလိုက်၊ ထ ထိုင်လိုက်နဲ့ ပျင်းပျင်းရှိတိုင်း မျက်စိရှေ့ မြင်သမျှကို လိုက်ငေးနေတာကိုး..)။

 မင်္ဂလာမနက်ခင်းပါ၊ နေသာရဲ့လား၊  လို့ အင်္ဂလိပ်လိုမေးပါတယ်။ နောက်တော့ ကွန်မ နာမည်ကိုခေါ်ပြီး ညီမလေးက မြန်မာနော် လို့ မေးပြီး မြန်မာလိုပဲ ပြောမယ်နော် လို့ ခွင့်တောင်းပါတယ်။ အသားဖြူဖြူ၊ မျက်နှာအမြဲပြုံးနေတဲ့ ရှမ်းလူမျိုး အစ်မသူနာပြုလေးရဲ့ နာမည်ကိုတော့ မမေးခဲ့မိပါဘူး..။ ကျွန်မကို ခွဲစိတ်ခန်းကို လိုက်ပို့ဖို့တာဝန်ယူထားတဲ့သူ လို့ သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။ ထုံးစံအတိုင်း မေးခွန်းတွေကိုမေး.. စာရွက်ထဲ ဖြည့် ။ နာလား၊ ကျင်လား မေးပါတယ်။ ကျွန်မက ဘယ်လိုမှ မနေပါဘူးလို့ ဖြေတော့ အော်ပရေးရှင်းပြီးတဲ့အခါ နာချင် နာလိမ့်မယ်၊ ဆေးရုံက ပေးလိုက်မယ့် အနာအကျင်ပျောက်ဆေးတွေ သောက်ဖို့ ပြောပါတယ်။

 နောက် ကျွန်မကို မေးခွန်းတွေ နောက်တစ်ခါ ထပ်မေးပြန် ပါတယ်။ (ကျွန်မ အမည်၊ အိုင်စီနံပါတ်၊ ဘာလို့ ဆေးရုံလာသလဲ၊ ဘာအော်ပရေးရှင်းလုပ်မှာလဲ၊ ကျွန်မ ထိုးထားတဲ့ လက်မှတ် မှန်သလား ) 'ဒါတွေပါပဲ၊ဒီတစ်ခါတော့ သူ စလွယ်သိုင်းလွယ်ထားတဲ့ iPad ထဲမှာ မှတ်နေတာပါ ( ကျွန်မတို့ ၃ ယောက် ဖျားသွားတယ် :D) ။ ခေတ်တွေ မီနေတော့ လူနာရဲ့ Data တွေကို အိုင်ပက် ထဲပဲ မှတ်ရတော့တယ် လို့ အဲဒီအစ်မက အသံ ဝဲဝဲလေးနဲ့ ပြောပါတယ်။ နောက် သူ ခဏခဏ မေးခွန်းတွေ မေးတာကိုလည်း စိတ်ရှည်ရှည်ဖြေပေးလို့ ကျေးဇူး တင်ပါတယ် တဲ့။ အော်ပရေးရှင်းလုပ်တဲ့နေရာမှာ အမှားအယွင်း ဘာမှ မဖြစ်အောင် အထပ်ထပ်မေးရတာဖြစ်ကြောင်း၊ ကျွန်မ အရင် သူလိုက်ပို့ရတဲ့ မလေးအန်တီကြီးဆိုရင် စိတ်တိုပြီး ဒါတွေပဲ ခဏခဏ ဘာလို့မေးနေတာလဲလို့ အော်တဲ့အကြောင်းတွေ ပြောရင်း၊ ကျွန်မကို ဝှီးချဲပေါ်တင် တွန်းပြီး အော်ပရေးရှင်းခန်းကို လိုက်ပို့ပေးပါတယ်။

 ကျွန်မရဲ့ လူနာစောင့် ၂ ယောက်ကိုတော့ တစ်ခုခု သွားစားချင် စားလို့ ရကြောင်း၊ ကျွန်မ နာရီဝက်လောက်ကြာမှာမို့ ကျွန်မ ပြန်ထွက်လာတာနဲ့ မောင်ကြီးကို ဖုန်းလှမ်းခေါ်ပြီး အကြောင်းကြားမှာဖြစ်ကြောင်း ပြောလို့ လူနာစောင့် ၂ ယောက် ဆေးရုံဝင်းထဲက စားသောက်ဆိုင်တန်းကို ထွက်သွားကြပါတယ်။

လူအကောင်းကြီးက ဝှီးချဲပေါ် သူများတင်တွန်းတာခံရတော့ တွန်းသွားတဲ့သူကို အားနာမိပေမယ့် လမ်းဆင်းလျှောက်ချင်လို့လည်း ခွင့်ပြုမှာမဟုတ်တော့ ဒီတိုင်းပဲ ပါသွားပါတယ်။ (သမီးလေးကို ရွာမှာ ဗိုက်ခွဲမွေးတုံးကတော့ ခွဲခန်းရှေ့ကို လမ်းလျှောက်သွားတာ သတိရလိုက်သေးတယ်)။ ခွဲခန်းထဲကို ကျွန်မတို့ ဝင်လာတော့ ခွဲစိတ်ခန်းဝတ်စုံနဲ့ လူ ၄-၅ ယောက်တစ်စု အနားရောက်လာ၊ တစ်ယောက်က မေးမြဲမေးခွန်းတွေကိုမေး၊ ကျွန်မကိုပို့ပေးတဲ့ အစ်မက နှုတ်ဆက်ပြီး ပြန်ထွက်သွားပါတယ်။ တစ်ယောက် ကျွန်မ ညာဘက် ခြေကျင်းဝတ်မှာ တစ်ခုခုလာပတ်ပေးပါတယ်။ ဖုဒ်ချိန်းတော့မဟုတ်၊ ကျွန်မကုန်းကြည့်တာတော့ စာရွက်လိုလိုအပြားလေး ၊ ကျွန်မ ဘယ်အခန်းမှာ ရှိနေတယ်ဆိုတာ အလွယ်တကူ သိရအောင် sensor တပ်ထားတဲ့ ခြေပတ်လေးလို့ တစ်ယောက်က ရှင်းပြပါတယ်။

ကျွန်မနားရောက်လာတဲ့ထဲက ဆရာဝန်မလေးတွေ ဆရာဝန်လေးတွေက ငယ်ငယ်လေးတွေရယ်..(ကိုယ့်အသက်နဲ့ စာရင်ပေါ့လေ) ။ နောက် တရုတ်ဆရာဝန်လေးတစ်ယောက် (နောက်မှ သိရတာက သူက ကျွန်မလုပ်ရမယ့်  အော်ပရေးရှင်းရဲ့  ခေါင်းဆောင် ၊ အထူးကု ဆရာဝန်ပါ။ ) က အနားလာထိုင်ပြီး  မေးနေကျ မေးခွန်းတွေ လာမေးပြန်ပါတယ်။ နောက် ခွဲစိပ်ကုတင်ပေါ်မှာ လှဲနေတဲ့ထိ မေးခွန်းတွေ တစ်ခေါက် ထပ်ဖြေရပါသေးတယ်။

 ခွဲခန်းထဲက ကုတင်ပေါ် တက်ပြီး လှဲပြီး မကြာခင်မှာပဲ လက်ကောက်ဝတ်ကနေ ဆေးထိုးလိုက်တာ ကျွန်မ အိပ်ပျော်သွားပါတော့တယ်။ ငယ်ငယ်က ကာတွန်းထဲ ဖတ်ဖူးသလို ၁၊ ၂၊ ၃၊ ၄ ရေပြီးလည်း အာတွေလေးပြီးအိပ်ပျော်သွားတာမဟုတ်ဘူး..။ ဘယ်လို အိပ်သွားမှန်းကို မသိတာ..၊ ပြန်နိုးတော့ ကျွန်မ Recovery Room ထဲရောက်နေတယ်။ သူနာပြု တစ်ယောက်က အနားမှာ ရပ်စောင့်နေပါတယ်။ ပြီးသွားပြီလား လို့ ကျွန်မမေးလိုက်တော့ ပြီးသွားပြီတဲ့... ၊ နင် မအိပ်ချင်ဘူးလားလို့ မေးတော့ မအိပ်ချင်ဘူး လို့ ဝေတေ ဝါးတာ ပြန်ဖြေတယ်။ ကျွန်မ ညာဘက် မျက်လုံးနားမှာ တိုင်းနေတဲ့ စက်က wave ၃ ခု ကို မြင်တော့ ငါ့ကို ဘာတွေ တိုင်းနေတာလဲလို့ မျက်လုံးကို အတင်း ပြူးပြဲ စာတွေကို လှမ်းဖတ်ပါတယ်။ ဒါပေမယ့် မျက်ခွံကို ဘယ်လိုမှ ပင့်မတင်နိုင်တော့ပဲ နောက်တစ်ကြိမ် ပြန်အိပ်ပျော်သွားပါတယ်။ ခဏလေးပဲ ထင်ပါရဲ့..။ ကျွန်မ အိပ်နေတဲ့ ကုတင်ကို တွန်းပြီး အခန်းထဲက ထွက်လာတော့ အပေါက်ဝမှာ မောင်ကြီးက လက်လှမ်းပြပါတယ်။ သူတို့ကို ဖုန်းဆက်ပြီး လှမ်းခေါ်ထားတာပါ။

ကျွန်မရဲ့ ကုတင်မှာ ပြန်နားနေရပါတယ်။ ၁၀ နာရီမှာ ကျွန်မ အခန်းထဲက ထွက်သွား၊ ၁၀ နာရီ ၂၀ မှာ ခွဲခန်းကုတင်ပေါ်ရောက်နေ၊ ဆေးရုံကုတင်ပေါ် ပြန်ရောက်တော့ ၁၁ နာရီ ထိုးကာနီးပါ။ အော်ပရေးရှင်း အပြီး လူနာကို အနည်းဆုံး ၃ နာရီ  စောင့်ကြည့်ပါတယ်။ ကျွန်မလို လူနာတွေက ဆေးရုံမှာ ဆီးသွားပြီးမှ အိမ်ပြန်လွှတ်တာပါ။ အဲဒါကို သိပြီးနောက် ကျွန်မ ရေတွေ စွပ်သောက်၊  ဗိုက်လည်း ဆာလာတော့ ဆေးရုံက လာပို့တဲ့ မိုင်လို ပူပူလေး မတ်ခွက်တစ်ခွက်အပြည့်၊ Cracker မုန့် တွေ ပေးသလောက် အကုန်စား၊ ရေတွေ ထပ်တောင်းသောက် ပါတယ်။ မြန်မြန်အိမ်ပြန်ချင်တာကိုး..။ မျက်နှာပူပူနဲ့ ပြောရရင် ခွဲခန်းက ထွက်ကတည်းက ကျွန်မကို cotton pad ပါတဲ့ တစ်ခါသုံး ဘောင်းဘီလေး ဝတ်ပေးလိုက်တာပါ။ သွေးက နည်းနည်းပါးပါး ဆက်ဆင်းနေမှာကိုး...။ ဆေးရုံက တော်တော်လေး စေ့စပ်ပါတယ်။

ကျွန်မကို ဆေးတွေ အများကြီးပေးလိုက်ပါတယ်။ သူတို့က မေ့ဆေးရှိန်ပြယ်ရင် နာချင်နာလာမယ် ဆိုပေမယ့် လုံးဝ မနာမကျင်လိုက်ပါဘူး..။ ဆေးခွင့် ၇ ရက်ရေးပေးလိုက်ပါတယ်။ အလေးအပင် မ မ ဖို့၊ တစ်ပတ်လောက် အိပ်ရာထဲမှာ လဲလျောင်းပြီး သက်တောင့်သက်သာ နေဖို့  မှာလိုက်ပါတယ်။

 ၂ ပတ်ကြာရင် ဆေးရုံကို နောက်တစ်ခေါက် သွားပြရပါတယ်။ အခုတော့ နောက်တစ်ခေါက်လည်း သွားပြပြီးပြီ။  အားလုံး အိုကေပါတယ်။ ကျန်းမာပါတယ်။ စိတ်ပူ၊ သတင်းမေးသူ အားလုံးကို လည်း ကျေးဇူးတင် ပါတယ်။


ဒါက မယ်သံရဲ့ အမှတ်ရစရာလေးများမှာ မျှဝေထားတဲ့ သားပျက်၊ သားလျှောခြင်း ဆိုင်ရာ ဗဟုသုတတွေပါ။
ဗဟုသုတ အဖြစ် ဖတ်သင့်ပါတယ်။


ဒါက ကုန်ကျစရိတ်ပါ ။ ဆေးရုံဘောင်ချာ ရှာမတွေ့ခင် အကြမ်းဖျဉ်း မှတ်မိသလာက်ပါ။ ကွာရင်လည်း ဆယ် ဂဏန်းလောက်ပဲ ကွာမှာပါ။



Visit
Total Charge (S$)
Gov. Subsidy (-)
Payable Amount
NUH OG first visit 85 83 82
Misoprostol(Cytotac)tabletsx2 4.30 - 4.30
Day Surgery @NUH 832.62 400.25 432.37
NUH last visit  forget forget 30 +
Total

553.67



 PR များ Medisave ကနေ ပေးချေလို့ ရပါတယ်။

သူကလေး ကျွန်မဗိုက်ထဲရှိနေစဉ်မှာ ပထမကိုယ်ဝန်လောက် မနုနယ်နိုင်ပေမယ့် ၊ ပထမကိုယ်ဝန်ရှိမှန်း သိခဲ့တုံးကလိုပဲ  ပျော်ရွှင်ခဲ့ ဂရုစိုက်ခဲ့ပါတယ်။ မောင်ကြီးက ကျွန်မထက်ပိုပျော်နေသလိုပဲ ။  ဒါပေမယ့် သူကလေး ၁ လအရွယ် OG သွားပြတဲ့ တစ်ခေါက်မှာပဲ အသက်ရှင်လျက် မြင်လိုက်ရပါတယ် ၊ အဲဒီအခေါက် အာထရာဆောင်း စကင် ရိုက်တော့ နှလုံးခုန်နေတာလေး မြင်ခဲ့ရပြီး နောက် ၂ ပတ်ကြာ နောက်တစ်ခေါက် သွားတဲ့ အခါ သူကလေးက ကျွန်မကို ခန္ဓာကိုယ် နာကျင်ခြင်း ဒုက္ခတွေ ဘာမှ ပေးမသွားပဲ တိတ်တဆိတ် ထွက်သွားခဲ့ပါပြီ။

ဘာကြောင့်ဖြစ်ရတယ်ဆိုတာ အဖြေမရှာချင်တော့ပါဘူး..၊ မိဘနဲ့ သားသမီးအဖြစ်ဆွေမျိုးတော်ဖို့ ကံမပါခဲ့လို့ ထွက်သွားနှင့်တယ်ပဲ မှတ်ယူထားလိုက်ပါတယ်။ သူကလေးအတွက်ရည်စူးပြီး ချမ်းမြေ့ရိပ်သာ ဆရာတော်ကို ဆွမ်းချိုင့် ချက်ပို့ လှူဒါန်းခဲ့တဲ့ ဒါနအစုစုကို အမျှပေးဝေပါတယ်။ 
သူကလေး ရောက်ရာ ဘဝမှာ အေးချမ်းပါစေ.....။ 

7 comments:

Thandar Lwin said...

သူကလေး ရောက်ရာဘ၀ မှာ အေးချမ်းပါစေ ။
တို့တုန်းက ကေကေ မှာ ...တယောက်ပြီးတယောက်ထုတ်ဘို့ ခေါ်တာ ..လူနာစောင့်လဲ အခန်းထဲမလာရဘူး ။

Rita said...

အေးချမ်းပါစေ

ဆုမြတ်မိုး said...

သူကလေး ရောက်ရာ ဘဝမှာ အေးချမ်းပါစေ

:)

JuneOne said...

ကလေးလေးအေးချမ်းပါစေ။
ဒီမှာတော့ ရေလည်မေးခွန်းမေးတာ...မမ...edwin မွေးတုန်းက ရိုးရိုးမွေးမရလို့ တွန်းလှဲစင်ပေါ်တင်ပြီး ခွဲခန်းထဲသွားတော့ ဘေးကနေ ဆရာဝန်တွေဟာ တောက်လျောက် အပြေးလိုက်ပြီး မေးခွန်းတွေ တရစပ် မေးတာပဲ။သွားဘယ်နှချောင်း နုတ်ပြီး ဘယ်နှချောင်းစိုက်ထားလဲ ....ဘယ်အမျိုးစားစိုက်ထားလဲဆိုတာပါသေးတယ်...

မေ မွေးတော့ မြန်မာပြည်မှာ ဘာမှ မမေးကြဘူး။

NSA said...

ဟုတ်တယ်... သွား စိုက်ထားလားလည်း မေးတယ်..။
ထည့်ရေးဖို့ မေ့သွားတာ..။

လရိပ်အိမ် said...

သနားပါတယ်။

ပျိုးယုဝသုန် said...

မရောက်တာကြာလို့ လာကြည့်ရင်း အတွေ့အကြုံ ဗဟုသုတ လေးတွေကိုဖတ်သွားတယ်နော်..