Friday, January 18, 2013

ဟိုအကြောင်း ဒီအကြောင်း၊ သမီးအကြောင်း ၂၀၁၃

 ခေါင်းစဉ်ဘာရေးရမယ် စဉ်းစားမရလို့ label ကိုပဲ ကောက်ကက်ရေးပစ်လိုက်တယ်.. :P

၂၀၁၃ ကိုရောက်တာ လတစ်ဝက်ကျော်သွားပြီ..။ ၂၀၁၂ ခရစ်စမတ်ကတည်းက စာတစ်ပုဒ်မှ မရေးရသေး။ NSA မှ စာကောင်းပေမွန်များကို ဖတ်ရှုရန် သန်းတွေကို ချီချီလာသော ဘလော့ဖတ်လာ မိတ်သဟာများကို အားနာလှပြီ (ပေါရဲလိုက်တာ )။ 

တစ်ပုဒ်ရေးလက်စကို အဆုံးမသတ်ရသေး..။ ဒီနေ့တော့ ဘာပဲဖြစ်ဖြစ်၊ ဖြစ်ချင်ရာဖြစ်၊ ထွက်ချင်တဲ့စာထွက် ဘလော့မှာ စာတစ်ပုဒ် တင်ကို တင်မည်၊ တင်ဖြစ်အောင်တင်မည်။ ၂၀၁၃ အတွက် ပထမဆုံးပို့စ် ဖြစ်စေသတည်း...။ 

လောလောလတ်လတ် အမှတ်တရများ 
- အိမ်ပြောင်းသွားသည်။ နှစ်သစ်ကူးနှင့်တိုက်ဆိုင်နေ၍ ၁-၁-၂၀၁၃ တွင် ဘုန်းကြီးအိမ်ပင့်၊ ဆွမ်းကပ်၊ သင်္ကန်းကပ်ဖြစ်သည်။ ပြောင်းပြီးသည့်နောက်နေ့ ပစ္စည်းအခြေတကျမဖြစ်သေး၍ ဘယ်သူ့မှ မဖိတ်ဖြစ်ပေ။

ဘုန်းဘုန်းက ရေစက်ချမည်ဆို၍ ရေဖန်ခွက်သွားယူ ပြန်လာထိုင်ချိန် သမီးချောလေး မှုံမှုံက ဘာမပြော၊ ညာမပြော ရေခွက်ကို လက် ၂ ဘက်နှင့် မ ယူကာ တဂွပ်ဂွပ် မော့သောက်လိုက်သည်။ ၃ ကျိုက်တိတိ၊ ဦးဇင်းက မမြင်ချင်ယောင်ဆောင်နေသည်။ သူ့အမေသည် ၊ ၁ နှစ် ၉ လ အရွယ် သူ့သမီးလေး ရေအပြည့်ဖန်ခွက်ကို မ နိုင်မည်မထင်ခဲ့၊ မမျှော်လင့်သောကြောင့် ပါးစပ်အဟောင်းသားနှင့် ကြည့်နေသည်။ တားဆီးချိန်မရ ၊


မသောင်းကျန်းမီ ကျုံ့ကျုံ့လေးထိုင်ပြီး ယဉ်ကျေးလိမ္မာနေလိုက်ပုံ

ဦးဇင်းက ပရိတ်ရွတ်နေချိန်ဝယ် ၃- ၄ ယောက်သော တရားနာပရိသတ်ကြား... ..ဟိုမှ ဒီ လူးလာခေါက်တုံ့  လျှောက်ပြေးကာ သူ့ဘာသာစကား " သဂေါ..သဂေါ..သဂေါ   " နှင့် လျှာလိပ် သံများ ပေါင်းကာ အော်နေသေးသည်။

- ကလေးကို Hand Phone ပေးဆော့ထားတုံး " ဟဲလို..ဟဲလို  " ဟု ယောက်ျားသံနှင့်ထူးသံကြားမှ ဖုန်းကို ကပျာကယာ ယူကြည့်ရာ 999 ( စလုံး ရဲ ) နံပါတ်ကို နှိပ်ခေါ်ထားပြီး စပီကာဖွင့်လိုက်ခြင်းဖြစ်သည်။ မျက်လုံးပြူးသွား၊ ကလေးဆီက ဖုန်းကိုလုပြီး ချက်ချင်း လိုင်းဖြတ်လိုက်ရသည်။ တော်ပေသေး၏။ ဘလော့ဂါ ပွင့်မြူးဇင်၏ သားကလေး မိုးသံစဉ် ငယ်ငယ်က ၉၉၉ ကိုခေါ်လိုက်၍ ကလေး ဆော့မိတာပါ ဟု ပြန်တောင်းပန်သော် နောက်တစ်ခါ မှားနှိပ်ရင် ဒဏ်ငွေ တစ်ထောင် ဆိုလား၊ ငါးထောင် ဆိုလား ပေးရမည်ဟု ပြန်ပြောသည်ဆို၏။ နောက်တစ်ခေါက် မခေါ်ရန် ဖုန်းကို ချက်ချင်း သိမ်းလိုက်ရသည်။ သမီးလေးသည် ခါတိုင်း နောက်ဆုံးခေါ်ပြီးသူကို ပြန်ခေါ်တာမျိုး ၊ ဖုန်း contact list မှ တစ်ယောက်ယောက်ကို ခေါ်လိုက်တာမျိုးကြုံဖူးပါသည်။ ရဲစခန်းနံပါတ် ၉၉၉ ကို လည်း မှတ်မထားမိပဲ မည်သို့ခေါ်ဆိုလိုက်သည် မသိပါ။


အဖေပြန်လာသည်နှင့်အဖေ့ခေါင်းပေါ်က ဦးထုပ်ကို ဆွဲချွတ် ရုပ်တည်နဲ့ သူ့ခေါင်းမှာဆောင်း..


- အလွန်လိုချင်နေသော မင်းဒင်ရဲ့ သက်ခိုင် စာအုပ်(စက္ကူနှင့် ချုပ်ထားသော စာအုပ်) ကို ဘလော့ဂါ မယ်သံ၊ ဘလော့ဂါ ကဗျာဆရာ ကိုတင်မင်းထက်တို့ ကျေးဇူးနှင့် ၂ အုပ်တိတိ ဝယ်လိုက်နိုင်သည် (တစ်အုပ်က လက်ဆောင်ပေးရန်)။ အီးဘွတ် ဒေါင်းပြီး သိမ်းထားသော်လည်း အဆုံးထိ မဖတ်ဖြစ်သေး၊ စာအုပ် ကိုင်ဖတ်မှသာ နည်းနည်းချင်း ဆုံးခန်းတိုင်ပေမည်။ စာအုပ်ကို သိမ်းထားချင်တာကြောင့် လည်းဖြစ်သည်။

- ၂၀၀၈ မှစ..  ကိုယ်ပိုင် ဘလော့မရှိသော်လည်း ဘလော့တကာလိုက်ဖတ်၊ ကောမန့်ရေးရင်း online တွင် ခင်မင်ခဲ့သူ အချို့နှင့် အပြင်တွင် တွေ့ဆုံဖူးသွားသည် (ကိုယ့်လောက်နီးနီး ယဉ်ကျေး ပျူငှာ ဖော်ရွေ ချိုသာ ရည်မွန်သူများဖြစ်ကြပါသည်.. :P )။


သမီးအကြောင်းများ 

-  သမီးသည် မီမီ (မေမေ) ၊ ပေပေ(ဖေဖေ) ၊ မံမံ ၊ အော့အော့၊ နာနာ၊ ကော်ကော် (ကော်ဖီ) ၊ ကိုကို၊ မမ တို့ကို ကောင်းကောင်းပြောတတ်ပါပြီ။ ဝါကျတိုများ ရှေ့က တိုင်ပေးလျှင် နောက်က လိုက်ဆိုဖော်ရသည်။ ကြံကြံဖန်ဖန်တွေ ဆော့သည်။

- Oppa Gangnan Style အက ကို Youtube မှာ ခဏခဏ ကြည့် ကရာမှ အစပြုကာ လက်ခုပ်တီးပေးလျှင် က သည်။ ဘယ်နေရာရောက်ရောက် က သည်။ တီဗီမှာ ကလေးသီချင်းတွေလာလည်း လိုက် က သည်။ စိုင်းစိုင်းခမ်းလှိုင်သီချင်းနှင့်လည်း က သည်။ ဘာလာလာ ကမယ် ဆိုတာချည်းဖြစ်သည်။ 


နွားနွားကို ရေသဘင်မျက်မှန်တပ်ပေး..


- စိတ်ကူးပေါက်လျှင် ပေါက်သလို အဖေကိုဖြစ်ဖြစ် အမေကိုဖြစ်ဖြစ် ပြေးလာဖက်ထားသည်။ ပခုံးမှာခေါင်းလေးလာမှီထားသည်။ လည်ပင်းကိုဖက်ကာ ပါးချင်းအပ်ထားတတ်သည်။ ဆိုးချင်လျှင် ထ ဆိုး၊ စိတ်ကောက်တတ်သော်လည်း ဒီအဖေနှင့် အမေသာ နီးနီးနားနားမှာ ခင်တွယ်စရာရှိရှာသော သမီးလေးကို အသနားပိုရပါသည်။




- သမီး ၁ နှစ်ခွဲလောက်က အိမ်သာကျင့်ရန် လူကြီးဘိုထိုင်ပေါ်မှာ ထပ်တင်ရသော ကလေးထိုင် အိမ်သာ သေးသေးဝယ်ပြီး ကျင့်သည်။ မရပေ.. အိမ်သာပေါ်တင်ပေးဖို့ မ လိုက်သည်နှင့် မထိုင်ရအောင် ဒူးကို အစွမ်းကုန် ဆန့်ထားသည်။ အော်ငိုသည်။ ၄ - ၅ ခါ ကျင့် မအောင်မြင်ပေ။ လူကြီးအိမ်သာ မြင့်နေ၍ ကလေးကြောက်တာဖြစ်မယ် ဟု ယူဆကာ အောက်က ခွက်ကလေးပါ ပါသော အိမ်သာသေးသေးလေး ဝယ်လာကျင့်သည်။. သမီးကလေးကား အိမ်သာကို စတိတ်စင်အဖြစ်သာ အသုံးပြုချေသည် တမုံ့ ...။ ဒီစာရေးချိန် ၁ နှစ် ၁၀ လ အထိ အိမ်သာ ကျင့်မရ ၊ ဒိုင်ပါကိုသာ သုံးနေရဆဲ ဖြစ်သည်။


ဗီဒီယိုထဲက မင်းသမီးလေး သိပ်လှလို့ ရှေ့ဆုံးတန်းမှာ အိမ်သာခုံ ခုပြီး ရပ်ကြည့်ပစ်လိုက်တယ်.. :D
အိမ်သာခွက်ကို ထုတ်ပြီး ရီမုတ်ကွန်ထရိုးတင်ထားလိုက်တယ်လေ... ။
 


မီးမီးရဲ့ ပထမဆုံး ခြေညှပ်ဖိနပ် (နည်းနည်းတော့ သေးတယ်.. )။



7 comments:

Thandar Lwin said...

ချစ်ဖို့ကောင်းတယ် ဒီအမေ ရော ဒီသမီးလေးရော ..:D
ဒါနဲ့ စာရွက်နဲ့ ချုပ်တဲ့ စာအုပ်ဆိုတာ ဘာလဲ ။ ဘာနဲ့ ချုပ်တဲ့ စာအုပ်ရှိသေးလို့လဲ ။

sosegado said...

တစ်ယောက်ထပ်မွေးဦး အဖေါ်ရအောင်

JuneOne said...

ဟိုတလောက အသိအမ တစ်ယောက်အိမ်သွားတာ...အဲ့က ကလေးလေးတွေက အိုင်ပတ်ပေါ် လျက်ဆားတင် လျက်ကြတယ်တဲ့...မှုံမှုံ လုပ်ကြည့်နော်...တီတီ နည်းပေးသွားတယ်..

ပွင့်မြုးဇင် said...

ဒဏ်ငွေက ၅၀၀၀ပါ မမစင်စင်ရေ.. အဲ့စာတောင် ခုထိသိမ်းထားတယ်.. သားသားစာဖတ်တတ်ရင် ပြမလို့..း)

လရိပ်အိမ် said...

ရယ်လိုက်ရတာ မှုံလေးရေ။

Rita said...

ချစ်မှုံ

Anonymous said...

ဖုန်းတွေမှာ အင်မာဂျင်စီ ဘတ်တွန် ဆိုတာရှိတယ်ဟုတ်
အဲဒါကိုအကြာကြီးနှိတ်ထားရင် ရဲကိုအော်တိုခေါ်တယ်ဟုတ်