Saturday, February 16, 2013

မောင်ကြီးအကြောင်း သောင်းပြောင်း (၂)

မောင်ကြီးသည် ကျွန်မကို နမော်နမဲ့၊ မရှပ်တေး ၊ ပြာလောင်ခတ် တစ်ယောက်အဖြစ် အမြဲ ယူဆထားပုံ ရသည်၊ (သူ ယူဆတာကို ကျွန်မကလည်း မငြင်းပါ) ။

ကျွန်မစင်ကာပူရောက်ကာစက အခြား အသိမိသားစု တစ်စုနှင့်အတူ JTC အိမ်ခန်း တစ်ခန်းကို ငှားနေကြသည်။ ၁ နှစ်လောက်ကြာတော့ ကျွန်မတို့နာမည်နှင့် သပ်သပ်တစ်ခန်းငှားနေရန် အိမ်ခန်းရှာနေစဉ် JTC website မှာ ရထားမှတ်တိုင်နှင့် နီးနီးနားနားမှာ အိမ်ခန်းတစ်ခန်းလွတ်တာတွေ့၍ ချက်ချင်းသွားငှားကြသည်( နောက်ကျလျှင် တခြားသူ ဦးမည်စိုး၍) ။ JTC ရုံးကအပြန်  Jurong East MRT ရောက်တော့ ကျွန်မက အစိမ်းလိုင်းကဆင်း Clememti အိမ်ကို ပြန်၍ မောင်ကြီးက အနီလိုင်းစီးကာ အလုပ်ဆက်သွားရမှာ ဖြစ်သည် ။ Jurong East MRT မှာ ရထား ၂ လိုင်း ဆုံတာမို့ ကျွန်မ ရထားမှားစီးပြီး တခြားပါသွားမှာ သူတော်တော်စိုးရိမ်နေသည်။ ရုံးထဲက ထွက်ကတည်းက ဘူတာထိ လမ်းလျှောက်လာစဉ် Jurong East MRT ဟာ ရထား ၂ လိုင်းရှိပေမယ့် မရှုပ်ကြောင်း၊ သို့သော် မှားနိုင်ကြောင်း၊ ကိုယ်သွားမည့် ဘူတာကို မြေပုံမှာကြည့်ပြီး သေချာဖို့လိုကြောင်း ၊ အနီလိုင်းကိုသွားလျှင် ဘူတာအစမို့ မရှုပ်သော်လည်း အစိမ်းလိုင်းသွားလျှင် ကြားဘူတာဖြစ်နေ၍ ဟိုဘက် ဒီဘက် မှားမစီးစေရန် အလွန်သတိထားဖို့ တစ်လမ်းလုံး သြဝါဒ ခြွေလာသည် (အဲဒိအချိန် ကျွန်မ စင်ကာပူရောက်တာ  ၁ နှစ် တင်းတင်းရှိပါပြီ၊ ကိစ္စရှိလျှင် ကိုယ့်ဘာသာကိုယ် ဟိုဟိုဒီဒီလည်း သွားနေပါပြီ ) ။ ကျွန်မစီးရမည့် ရထားလာမည့်ဘက်ထိ လိုက်ပို့ပြီးသော် သူ့ခရီးဆက်ရမည့်ဘက်သူ ထွက်သွားပါသည်။ ရထားလာတော့ ကျွန်မ ရထားပေါ် တက်လိုက်သည်၊ ရုံးဆင်းကာစမို့ ရထားကျပ်စ ပြုနေပါပြီ ။

 ရထားထွက်တော့ နောက်တစ်မှတ်တိုင် ကျွန်မဆင်းရမည့် မှတ်တိုင် Clementi ဟု ကျေညာပြီးနောက် သူ စိတ်မပူစေရန် ကျွန်မ ဖုန်းထုတ် ဆက်ပါသည်။ ဖုန်းခေါ်လိုက်တော့ သူ့ Ringtone မျိုးကြီး သီချင်းသံ ကြားလိုက်ရ၍ ကျွန်မ ကြောင်သွားသည်။ သူ ဖုန်းမကိုင်ပါ။ ထပ်ခေါ်တော့ မျိုးကြီး ထပ်အော်ပါသည်။ ရထား ဒီဘက်ဝင်ပေါက်နှင့် ဟိုဘက်ဝင်ပေါက်မှာ အသီးသီးရပ်နေကြသော ကျွန်မနှင့် ရထားမှားစီးလာသော သူလည်း တစ်ယောက် တစ်ယောက်မြင်သွားကြပါပြီ။ သူ့မျက်နှာ အီလည်လည်ဖြစ်နေ၍ ကျွန်မကား ရထားပေါ် လုကျပ်ကျပ်ထဲ အဖော်မရှိပဲ တစ်ယောက်တည်း ဝါးလုံးကွဲမရယ်မိအောင် အတင်းထိန်းချုပ်ရတာ မျက်မှောင်တွေ ဘာတွေ ကုတ်ထားရတဲ့ အထိပဲ ။ ရထား Clementi မှာရပ်တော့ သူ ပြေးဆင်း ကျွန်မကို လက်ပြကာ ဟိုဘက်ရထားကိုနောက်ကြောင်းပြန်စီးကာ အလုပ်ကို သုတ်ခြေတင်သွားပါသည်။ သြော်.. ချစ်ရပါသော ကျွန်မရဲ့ မောင်ကြီး...... ။ ကျွန်မတစ်ခုခု နမော်နမဲ့လုပ်မိလို့ သူ စ မယ် ကြံရင် ဒီအကြောင်းလေး နောက်ကြောင်းပြန်ပြောပြီး ရယ်ရတာ အရသာရှိလှသည်။ 


 ကျွန်မကား နေရာတကာ အားနာတတ်သူ၊ မပြောရဲသူ (အိမ်မှာနှင့် အလွန်ရင်းနှီးသူများကြားတွင်သာ ဝုန်းဒိုင်းကြဲနေသူ)၊ နေပုံ ထိုင်ပုံကလည်း အလကားနေရင်း လူတကာကို လိုက် အောက်ကျို့မည့်ဒီဇိုင်း ကုတ်ကုတ် ကုတ်ကုတ်နှင့် ဖြစ်လေရာ သူက မကြာခဏ သင်ရသည်။

တစ်ခါက ဂျူရောင်းပွိုင့်မှာ ကျွန်မအကျီဝယ်မလို့ ဝတ်ကြည့်ရာ ဆိုဒ်မတော်သဖြင့် နောက်တစ်ထည် ယူပေးဖို့ အရောင်းဝန်ထမ်းကို "နောက်တစ်ထည်ယူပေးလို့ ရမလား" ဟု အလွန်တရာ အားတုံ့အားနာဖြင့် ပြောမိ၍ ဆိုင်ကအထွက်မှာ သူက တဖွဖွ ပြောလာသည်။ " ကိုယ်က ပိုက်ဆံပေး ဝယ်တဲ့လူ ၊ သူက ရောင်းတဲ့လူ၊ ဘာမှ အားနာနေစရာမလိုဘူး၊ ဘာမှလည်း လွန်လွန်ကဲကဲ ခိုင်းနေတာမဟုတ်ဘူး၊ မေးကို ဟောဒီလို ပင့်ထားစမ်းပါ ( သူ့မေးကို ဆတ်ကနဲ ပင့်ပြပြီး သရုပ်ပြသည်) ၊ ဘယ်သူ့မှာ တောက်ဂရုမစိုက်ဘူး ဆိုတဲ့ စတိုင်လ်နဲ့ ရင်ကော့ပြီး လမ်းလျှောက်စမ်းပါ ( ဒါကိုတော့ သရုပ်မပြချေ) ၊ စသည်ဖြင့်.. (အမှန်တကယ်ကို သူပြောခဲ့သော စကားများပါပေ..။ ကိုယ်က ဟုတ်နေ၍ ကျွန်မ ရယ်ကျဲကျဲသာ လုပ်နေရသည်။

တစ်ပတ်လောက်ကြာတော့ သူနှင့်ကျွန်မ Peninsula Plaza ရောက်တုံး စွယ်တော်ရိပ် အငြိမ့်ခွေ၊ ပေါ်လီကျောင်းတွေမှာ ကသော မြန်မာအငြိမ့်ခွေများ ဝယ်ချင်၍ လိုက်ရှာသည်။ ဗီစီဒီတွေ၊ စီဒီတွေချည်းပဲ ( ရောင်းသလား၊ ငှားသလားမသိ ) အများကြီး ခင်းကျင်းထားသော ဆိုင်တစ်ဆိုင်တွ့၍ အားရ ဝမ်းသာ ဝင်ရှာ၊ မတွေ့တော့ ဆိုင်ရှင်ကို မေးမိပါသည်။ ကောင်တာနောက်မှာ ဆိုင်ထိုင်နေသော အမျိုးသမီးကြီးသည် ကျွန်မနှင့် မောင်ကြီးကို အထင်သေးသောအကြည့်ဖြင့် မကြည့်ချင်ကြည့်ချင် တစ်ချက်ကြည့်ကာ၊ မဖြေချင့် ဖြေချင် "မရှိဘူး" ဟု တစ်ခွန်းတိတိဖြေ၍ လုပ်လက်စ (ဘာလုပ်နေတယ်တောင် မမှတ်မိတော့)ကို ဆက်လုပ်နေသည်။ ဆိုင်ထဲမှာ လူရှုပ်နေလို့လည်း မဟုတ်၊ ဈေးဝယ်လာသူ ကျွန်မတို့ ၂ ဦးသာ။

 ပင်နီဆူလာပလာဇာက မြန်မာဆိုင်ပိုင်ရှင်အချို့ (သို့မဟုတ်) အများစုသည် ဈေးဝယ်လာသူများကို အထက်စီးက ဆက်ဆံတတ်ကြောင်း ကြားဖူးသော်လည်း အနှီဆိုင်ရှင် အမျိုးသမီးကြီးလောက်တော့ ဆိုးရွားလိမ့်မည်မထင်။ ( ဆိုင်အမည်၊ ဘယ်အထပ်မှာလဲ ဆိုတာ တကူးတက  မှတ်မထားမိ၍ မေ့နေပါပြီ)။

သူနှင့်ကျွန်မ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်သည်၊ ကျွန်မ မျက်နှာ တင်းကနဲဖြစ်၍ သွားမယ်လို့ သူ့ကို အချက်ပြသော် သူသည် "သွားလိုက်ပါအုံးမယ် အန်တီ" ဟု ယဉ်ကျေးပျူငှာ နှုတ်ဆက်သည်။ အပြင်ရောက်တော့ သူက ဒေါသသံဖြင့် "လူတွေကိုများ ဘာမှတ်နေတယ် မသိဘူး၊ ဖြေချင်သလို မဖြေချင်သလိုနဲ့ ၊ သူ့ဆိုင်လာအားပေးတာကို သူ့လုပ်စာစားနေရတာကျနေတာပဲ .. စစ်တီးဟောက ဆိုင်တွေ ဒါမျိုးချည်းပဲ ၊ အဝတ်အစားကြည့်ပြီး လူတွေကို ဆက်ဆံတာ ... " စ သဖြင့် မြည်တွန်တောက်တီး (တနည်း) အတင်းပြောလေရာ ဘာလို့များ ဒီလောက် ဆက်ဆံရေးကျဲတဲ့ ဆိုင်ရှင် မိန်းမကြီးကို နှုတ်ဆက်နေသေးလဲ ဟု သူ့ကို အပြစ်တင်ဖို့ ပါးစပ် ဟ လိုက်သည့် ကျွန်မ ဘာပြောရမည်မသိတော့ပေ.... သြော်...သို့လျှင်  အသိခက်လှပါသည့် မောင်ကြီးပါပေ။ 

ဇန်နဝါရီ ၂၂ ရက်နေ့က မောင်ကြီးမွေးနေ့မှာ မရေးဖြစ်လိုက်တဲ့ ပို့စ် .... ^.^



12 comments:

Anonymous said...

Hehe
Visto

Thandar Lwin said...

သူက မောင်ကြီး မောင်ကြီး နဲ့ ရေးတော့ောမင်ကြီးကိုတွေ့ရင် မောင်ကြီးလို့ဘဲခေါ်ချင်နေတယ် ..ဘိုလုပ်မလဲ

တမာတောမြေ said...

ခေါ်လိုက်ပေါ့..ဘာကျုလဲ.... ကိုယ့်မောင် အကြီးကို မောင်ကြီး ခေါ်သလိုပေါ့..တို့များတောင် (ကို)မောင်ကြီးပဲခေါ်တယ်... အချို့ကတော့ မှုံကလေး အဖေ..မှုံကြီးတဲ့... ချစ်စရာကြီး....မွ...မွ...:D

JuneOne said...

ဟုတ်ပ မောင်ကြီးရယ်.....အိမ်ကလူများ ဒီကို စရောက်ရောက်ချင်း ICA ကို STUDENT PASS တင်တာ တစ်ယောက်ထဲ လွတ်လိုက်တာပဲ..စိတ်ပူပေါင်

Ma Tint said...

Happy belated birthday မောင်ကြီးရေ :P
အားမငယ်စင်စင် တီတင့်လောက်တော့ ဆိုးမယ်မထင်ဘူး အမြဲတန်း အလွဲတွေများ နာမည်တွေမှား အလုပ်မရှိ ခလုတ်ထိ ဆေးတွေထည့်ရ အကြိမ်ကြိမ်ဆိုတာ တီတင့်ပေါ့ :D
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ဟုတ်ပ...မမစင် ပိုစ့်တွေ ဖတ်ပီး နောင့် က မမစင့် မောင်ကြီး ကို မောင်ကြီးလို့ပဲ စိတ်ထဲ ခေါ်နေမိရင်း...နောက် ရက်တွေကြာလာတော့ ... မောင်ကြီးကနေ မှုံကြီး လို့ ကိုယ့်ဘာသာ မှတ်နေတော့တာ...ဂျုရောင်းအိ မှာ တစ်ခါ တွေ့တော့..ဟယ် ဟိုမှာ မှုံကြီး ဆိုတော့ ... ဘေးက တစ်ယောက်က ဘယ်သူတုန်းတဲ့...မှုံလေး အဖေ မှုံကြီးလေ လို့ ခပ်တည်တည် နဲ့ ကိုယ့်ဘာသာ ရှင်းပြလိုက်သေးတာ။ :D

သက်ဝေ said...

တို့လည်း တွေ့ပြီး စကားစပြောတာနဲ့ ခပ်တည်တည်ပဲ မောင်ကြီးလို့ တန်းခေါ်ပလိုက်တာပဲ... :D :D :D

Rita said...

တော်သေးတယ် မမစင် ခုနောက်ပိုင်း မောင်ကြီး ပြောင်းရေးဖြစ်တာ။ အစက ကျွန်မချစ်သူလို့ ရေးသေးတယ် မဟုတ်လား။ hee hee =D

MgMyo said...

ဒီလောက် အထင်သေးတတ်တာ ကိုင်ထားတဲ့ ပစ္စည်းကို ပစ်ချခဲ့ရမှာ အစ်မကလည်း စွာမလိုနဲ့ ညံ့ထှား)


ကျနော်လည်းတူတူပဲ အိမ်မှာသာ ကြက်ဖ အပြင်ရောက်ရင် ကြက်မကြိး ဖြစ်သွားကော ။

EvergreenPhyo said...

ဖြစ်ရမယ်... တီစင်။
ဟမ်..ကိုမျိုး..အပြင်ထွက်တော့ ဘာဖြစ်သွားတယ်.. :P။

rose of sharon said...

မှာတမ်းချွေတဲ့မောင်ကြီးကိုယ်တိုင် ရထားမှားစီးတာရီလိုက်ရတာ...

phyu ei said...

အမရယ် ရီလိုက်ရတာ မောလို့ xD