Tuesday, April 9, 2013

မှုံနံ့သာ ၂ နှစ်ကျော်မှာ ...


သမီးလေး မတ်လ ၁၈ ရက်နေ့က ၂ နှစ်ပြည့်သွားပါပြီ။ မေမေသည် သမီးလေး၏ တိုးတက်မှုများကို လစဉ် မရေးမှတ်ဖြစ်တော့တာလည်း ကြာပါပြီ။ ဘယ်နှစ်လသမီးမှာ ဘာလုပ်တတ်တာ ဆိုတာမျိုးမဟုတ်တော့ပဲ ခြုံငုံ၍သာ ရေးရတော့မည် ဖြစ်ပါသည်။ 

 ၁ ။ ၂ နှစ်သမီးအထိ မရိုးနိုင်ပဲ ရေးရဦးမည်မှာ သမီးလေး မျောက်ရှုံးအောင် အလွန် ၁၀၀ ဆော့သည်။

- သတင်းစာ ၊ စာရွက်ပိုင်းများကို ကိုင်ပေးရမည်။ သူက ဖြဲမည်ဖြစ်သည်။ စာရွက် တစ်ရွက်ဖြဲပြီးလျှင် သူနှင့် အတူတူ လိုက်ရယ်ပေးရပါမည်။ အဲဒါကလည်း ယူကျုကားတိုလေးတွေ ကြည့်ရင်း စက္ကူဖြဲလျှင် ထ ရီသည့် ကလေးလေးတစ်ယောက် ဗီဒီယိုကို ကြည့်မိရာမှ အစပြုခြင်းပေ။

-  A, B, C, D သစ်သားတုံးကလေးများကို တစ်ခုပြီး တစ်ခု ယူပေးရမည်။ သူက သစ်သား ဘုတ်ပြားတွင် မှန်ကန်အောင်ထည့်သည်။ တစ်ခုထည့်လျှင် ဘာစာလုံးလဲ ဆိုတာ ရှေ့က တိုင်ပေးရမည်။ သူက လိုက်ဆိုမည်ဖြစ်သည်။ A , B, C ,P , Z , M တို့ကို သေချာ အသံမှန် လိုက်ဆိုကာ ( M ကို final sound ပါအောင်လိုက်ဆိုပြီး ပါးစပ်အကြာကြီးပိတ်ထားဦးမည်။ ) ကျန် စာလုံးများကို အသံမထွက်တတ်သေး၍ သူ ရောချမည် ဖြစ်ပါသည်။

- လူကြီးပါးစပ်ထဲကို သူ့လက်ချောင်းသေးသေးလေး လာထည့်ကာ Charlie bit me Youtube Video ကားတိုလေးထဲက Harry အော်သလို အစ အဆုံး၊ အသံ အနိမ့်အမြင့်နှင့် ပြောမည်ဖြစ်ပါသည် (စကားပြောသည့်နေရာတွင်တော့ သူ အဆင်ပြေသလို ပြောတတ်သည့် အသံကို ကြားညှပ် သုံးသွားပါသည် )။ အာမေဋိတ်သံ အော်သံတွေ အားလုံး နေရာမလွဲ အလွတ်ရနေသည်။

- တခါတလေ ဘောလုံးတောင်းကြီး မ ချလာပြီး ဘောလုံးပင်လယ်ဖြစ်အောင်လုပ်ချင်လုပ်မည် ။ သူ တခြားတစ်ခုခုမှာစိတ်ဝင်စားနေတုံး မေမေက သူ့ဖြန့်ကျဲထားတာတွေကို အလစ်မှာကောက်သိမ်းလျှင် ရောက်ရာနေရာကနေ ပြေးလာပြီး မူရင်းပုံစံအတိုင်း ပြန်ဖြန့်ကျဲမည်ဖြစ်သည်။

-  တီဗီက ၊ ဖုန်းက သီချင်းအတိုင်း  လိုက် က ချင် က နေမည်။ ကလေးသီချင်းတွေအတိုင်း အကုန်ုလိုက်က သည် ၊ သီချင်းဖွင့်ပေးလျှင် အစ အဆုံး လုပ်တတ်သည်မှာ The Wheels on The Bus ဖြစ်ပါသည် ။ တခါတလေလည်း သမီးလေး၏ ကိုယ်ပိုင် အက (လက်ခုတ်တီး ရင်း ခြေထောက်ကိုလည်း စုံခုန် ၊ပါးစပ်ကလည်း ဟေး..ဟေး.. အော် ၊ ၃ မျိုး တပြိုင်နက်ကို တချိန်တည်းမှာ လုပ်သောအက) ဖြင့် ဖျော်ဖြေချင် ဖျော်ဖြေတတ်ပါသည်။

- ရွာက မူလတန်းကျောင်းမှာလို လက်မြှောက်၊ လက်ချ၊ လက်ပိုက် အပြင် ခါးထောက်ကိုတော့ သမီးလေး ပိုင်ပိုင် နိုင်နိုင်လုပ်တတ်နေပါပြီ။


လက်မြှောက် (ရွာက အဘွားချုပ်ပေးလိုက်တဲ့ အဖြူအစိမ်း ၊ လုံချည်က ကြိုးက နောက်မှာ အမြီးဖြစ်နေ :P)

 လက်ပိုက်  
စတိုင် ၊ မလိုင် အပြည့်နဲ့

- အလွန်တရာတက်ကြွနေလျှင် လဲလျောင်းနေသော လူကြီးအပေါ် တက် မတ်တပ်ရပ်ပြီး တစ်ကိုယ်လုံး ရှေ့ကို ပစ်ချလိုက်သော ကစားနည်းကို ကစားပါသည်။ ဘေးနံရံ၊ အိပ်ရာဘေး ဘီရိုစောင်းတို့နှင့် တိုက်မိမှာစိုး၍ အိပ်ရာ အလည်တည့်တည့်မှာ လဲလျောင်းပေးရသည်။ လူကြီးဘေးမှာ ရပ်ပြီး သူ့တစ်ကိုယ်လုံး ခြေပစ်လက်ပစ်ကျော်ချတာမျိုး လုပ်ချင်လုပ်သည်။ တစ်ခါက ကျွန်မ မှောက်လျက်အိပ်နေတုံး ကျောပေါ် အထုပ်တစ်ခု ပစ်ချလိုက်သလိုဖြစ်၍ ကြည့်ရာ သမီးကလေး ဖြစ်နေသည်။ မွေ့ယာပေါ်မှာပေမဲ့ သူ့အရှိန်နှင့်ဆိုတော့ နာမှာပဲ ..။ မွေ့ယာပေါ် ခေါင်းနှင့် ကျချင်ကျသည်။ ခေါင်းတွေ ဇက်တွေ လွဲသွားမှာစိုး၍ မဆော့ပါနှင့် ဆိုလည်းမရ...။ တခါတလေ မျက်နှာအပ်လျက်ကျသွားပြီး တော်တော်နှင့် ပြန်မထ၍ သွားကြည့်ရာ နှာခေါင်းနီရဲနေသော ပြုံးဖြဲဖြဲမျက်နှာကို မြင်ရလေသည်။ လူကောင်သေးသလောက် ကြမ်းကြမ်းတမ်းတမ်းဆော့ပြီး နာလည်းမငို အပေအတေ သမီးလေးပင်...။
ကျွန်မဧည့်ခန်းကြမ်းတိုက်လျှင် သူရောက်ရာနေရာက ပြေးလာပြီး ကုန်းကွကွ ကျွန်မကျောပေါ် မရအရ ဖက်တွယ်တက် ကြမ်းပေါ်ခုန်ချတော့သည်။

ည စောစောသိပ်မရ။ ဘယ်လိုမှ စောစောသိပ်မရသည့် ညပေါင်းများလာသော် အဖေနှင့် အမေမှာ တစ်ဦး အရိပ်အခြည် တစ်ဦး ကြည့်နေသည်။ သမီးက အဖေနားကို ကပ်သွား ဆော့ကစားသည်နှင့် အမေလုပ်သူမှာ အိပ်ရာထောင့်ကပ် အိပ်တော့သည်။ အဖေလည်းအဲလိုပဲ .... ဦးသူ ၊ လျှင်သူ အိပ်ရေး ဝ မည် ဖြစ်သည်။ ကလေးမျက်စိကျသည့်သူ ထိုည အဖို့ တော်တော်နှင့် မအိပ်ရတော့...။

တခါတလေ ဘယ်လိုမှ မစောင့်နိုင်တော့သော လူကြီးတွေ အိပ်ပျော်သွားသည့်တိုင် သူက အိပ်ရာထဲမှာ ကျွမ်းထိုးလို့ကောင်းတုံး ၊ စာလုံးဆက်လို့ကောင်းတုံး ၊ လူကြီးတွေလက်ကို ဆွဲပြီး ကျီးဖြူကျီးမည်း တစ်ကောင်တည်း လုပ်နေတုံး... (ဘယ်လိုလုပ်သိလဲဆို အိပ်ချင်မူးတူး မေမေက သမီးရဲ့ ခိုးခိုးခစ်ခစ် သံတွေကြောင့် နိုးလာ ၊ မအေနိုးနေမှန်းသိရင် ပိုမြူးထူးမှာမို့ အိပ်ပျော်ချင်ယောင် ဆက်ဆောင်၊ အသာ မျက်လုံးမှေးမှေး ထားပြီး ကြည့်နေတာဖြစ်သည် ) ၊ အိပ်ပျော်နေသော သူ့အဖေကျောပေါ်တက် ၊ ခုန်ချ ၊ ကျွမ်းထိုးချ တွေ လုပ် ၊ တခါတလေလည်း အဖေ့ဘေးမှာ အသာလှဲရင်း ပါးစပ်က " ခေါ..ခေါ" ဟု ဟောက်ပြ ..မျက်နှာကတော့ အမြဲ ပြုံးဖြဲဖြဲ ..။ တခါတရံ မေမေခြုံထားသောစောင်ကို ခြေရင်းကနေ ဖြည်းဖြည်းချင်းဆွဲချ ၊ တစ်ခါဆွဲချလိုက် ၊ မအေ နိုးသွားလား ခဏ စောင့်ကြည့်လိုက် ၊ ဆက်ဆွဲလိုက်နှင့် စောင် တစ်ထည်လုံးလုံးသူ့လက်ဝယ်ပိုင်ပိုင်ရလျှင်တော့ သဘောတွေ ကျလို့ မဆုံးပြီ။ အဖော်ကမရှိ၊ သူ့ဘာသာသူ ကြံဖန် ဆော့ရရှာသည့် သမီးကလေးမှာ သနားစရာလည်း ကောင်း ၊ ရယ်စရာလည်းကောင်းလှသည်။

သမီး ၂ နှစ်ပြည့်မွေးနေ့မှာ မမမီးမီးပေးတဲ့ မွေးနေ့လက်ဆောင်

မမဖွေးဖွေးပေးတဲ့ မွေးနေ့လက်ဆောင်

 ၂။ သမီးလေး ၂ နှစ်သမီးထိ မေမေ ဆက်ပြောနေရသည်မှာ သမီးလေး အစားကျွေးရ အလွန်ခက်သည်။

အိမ်မှာ အတူတူနေသည့် (သူ့ကျောင်းပိတ်ထားစဉ် အိမ်မှာ ရှိနေတုံးက သားအမိ ၂ ယောက်၏ စားရေး ၊ ငြင်းရေး ပြဿနာကို မိုးလင်း မိုးချုပ် မြင်နေရသော) မောင်ကျောင်းသားကတော့ "အစ်မကသာ ကျွေးရခက် တယ်ပြောနေတာ ၊ သူ့မလဲ တစ်နေ့လုံး စားနေရတာပဲ  "ဟူ၏။

ကလေးစားချင်အောင် ထွေလီကာလီတွေ လုပ်တတ် ကျွေးတတ်သော ဖေဖေ့အမေ ၊ သမီးလေး ဘွားဘွား ခဏ အလည်လာမည် ဆိုတုံးက ဖေဖေနှင့် မေမေမှာ ကျိတ် ဝမ်းသာနေရတာ..။ တကယ်တော့ ဘွားဘွားလည်း လက်မြှောက်ရသည့် သမီးပါပဲ ။

ကလေးဆိုတာ သူများစားတာ မြင်လျှင် လိုက်စားတတ်သည်ဆို၍ အဖော်အပေါင်းနှင့် အစားကျွေးကြည့်လည်း ထူးမခြားနား။ ဘွားဘွားလာလျင် အစားစားလေမလား ဆိုသည့် မျှော်လင့်ချက် စုံးစုံးမြုတ်ပြီးသည့်နောက် "ရွာကို အလည် ခဏ ပြန်လျှင် မောင်နှမ ဝမ်းကွဲတွေနှင့် အတူတူ စားလေမလား" ဆိုသည့် မေမေ့ မျှော်လင့်ချက်ကို အသာ အယာ ခေါက်သိမ်းထားလိုက်ပါသည်။အလျင်ထက် စာလျှင်တော့ (အစားစားသည့်သမီးလေးရော ၊ ဝင်အောင် ကြံဖန်ကျွေးရသော မေမေပါ ) အများကြီး တော်လာပါသည် ။ ကလေး အစာစားနည်းခြင်း အတွက် ( ငြီးငြူရတာ မောသွားတာလားမသိ) မေမေ သိပ်မခံစားမိတော့ပဲ အရေထူသွားပါသည်။

သမီး ငယ်ငယ်က မတ်တပ်စမ်းတာ ၊ လမ်းလျှောက်တာ အနည်းငယ်နောက်ကျတာကို" ခြေညောင်း သက်သာတာပေါ့ သမီးရယ်၊ နောက် တသက်လုံး လျှောက်ရ ၊ ရပ်ရတော့မှာ" ဟု တစ်မျိုး
သမီး ၂ နှစ်ထိ စကား ကောင်းကောင်းမပြောသေးတာကို "အာညောင်းသက်သာတာပ အေ...၊ ညည်း မသေမချင်း ပြောပါလေ့ .. စကား " ဟု တဖုံ ..  ကလေးကို အားပေးနေတတ်သော ၊ပေါ်လီယာနာစာအုပ် အရည်ကျိုသောက်ထားသည့် မေမေ့ကို ဖေဖေကတော့  ပြုံး လို့သာ နေသည်။

တကယ်တော့ သမီးလည်း အာညောင်းသက်သာတာမဟုတ်ပေ ၊ သမီးလေးသည် သောကြာနေ့ဖွား နာမည်ပျက်မခံ ၊ စကားတွေကတော့ တရစပ် ပြောနေတာပါပဲ ၊ တခါတလေ လက်ညှိုးတွေ ထိုးလိုက်၊ ပြောလိုက် လုပ်တတ်သေးသည်။

၃- စိတ်ကောက်တတ်တယ် ဆိုတာ

သမီးလေး ဖေဖေ၊ မေမေ၊ ဘွားဘွားတို့ကို စိတ်ကောက်တတ်တယ်ဆိုတာ ပုံမှန်..။
တခြားသူနဲ့ ရှိနေတုံး စိတ်ကောက်တယ်ဆိုတာမှာ မေမေ သတိထားမိ ၊ မကြိုက်လဲ မကြိုက်မိတာက....

သမီးဟာ ဖေဖေနှင့် မေမေ့ ငယ်ငယ်ကနေ အခုချိန်ထိ စိတ် နဲ့ တူလှသည်။ ကိုယ်လိုချင်တာကို လိုချင်တယ်မပြော ၊ တစ်ခုခုကို ကိုယ်ကြိုက်ပေမဲ့လည်း ဖွင့်မပြောပဲ စိတ်ထဲမှာ အုံ့ပုန်းသာ လုပ်နေတတ်တာ ။  တစ်ယောက်ယောက်က ကိုယ့်အပေါ် ပြောဆို ဆက်ဆံတာ မကြိုက်ရင်လည်း စိတ်ထဲမှာ အောင့်မျက်သွားလျှင်တောင် ပါးစပ်က ဘာမှ ပြန်မချေပတတ် ၊ မလုပ်တတ်တာ ။ ချက်ချင်း ခွင့်လွှတ်လိုက်လောက်အောင် ပါရမီမပါသူဖြစ်ပါလျှက် ဘာမှ ပြန်မချေပပဲ သည်းညည်းခံလိုက်တာသာဖြစ်နေတာ ကိုယ့်ဘာသာ သိတာမို့ ကုသိုလ်တွေ ဘာတွေလဲ ရနေမှာမဟုတ် ။ စိတ်ထဲ တနုံ့နုံ့ ခံစားနေတာမို့ အ ကုသိုလ် ကြာရှည်မှာသာ အဖတ်တင်မည့် အပေါက်။
 ကျောင်းမှာ ၊ အလုပ်ခွင်မှာ ကိုယ့်ကို တင်စီးနေတာ ၊ ကျောနေတာမျိုး သိပါလျှက် သိနေတယ် ပြောရမှာ အားနာ ၊ ကျိတ်မှိတ်နေ ၊ သည်းညည်းခံတတ်သူ ၊ အားနာတတ်သူ ၊ သဘောကောင်းသူရယ်လို့ အမည်တွင် (အမှန်မှာတော့ ဘယ်မှာ သဘောကောင်းပါ့မလဲ .. သည်းသာခံလိုက်ရ .. စိတ်ထဲမှာက တနုံ့နုံ့ ဆိုတာမျိုး ) ။ အဲဒီမေမေ့ စိတ်ဓာတ်မျိုး သမီးလေးမှာ ပါလာမှ မေမေက စိုးလှသည်။

သမီး အိပ်နေတုံး ၊ သမီးရဲ့ ကစားစရာကို အိမ်လာလည်သည့် ကလေးကြီးက ယူကစားနေ ၊ သမီးလေး နိုးလာတော့ သူ့ကစားစရာ ပြန်လိုချင်သော်လည်း မတောင်း၊ ငိုလည်း မငို ၊ တခြားတစ်ခုခုကိုသာ စိတ်လက်မပါ ယူကစားနေပြီး သူများလက်ထဲက သူ့ပစ္စည်းကိုသာ မသိမသာ လှည့်လှည့် ကြည့်နေ ၊ မျက်နှာက မကောင်း ၊ မုန့်ခွံ့တော့ ကောင်းကောင်းမစား၊ ကျွေးနေသည့် အမေကို ဂျီကျချင် ။ ဟိုကလေးကြီးကလည်း ကားပေါ်က ဆင်းမပေးလိုတာမို့ အမေကပဲ သမီးလေးကို စိတ်ပြောင်းသွားအောင် အောက်ခေါ်သွား ၊ မေမေနှင့် ကစားလုပ်ရတာ..။

သမီးထက် နည်းနည်း ပိုလည်သည့် ကလေးကြီး တစ်ယောက်နဲ့ အရုပ်လဲလှယ် ကစားနေရင်း ကလေးကြီးကလဲထားတဲ့ သမီးအရုပ်ကိုလည်း ယူ၊ သမီးကိုင်ထားတဲ့ သူ့အရုပ်ကိုလည်း ညာတာပါတေး ယူထားတာကို သမီး ရိပ်မိသွားတဲ့အခါ ၊ ငိုလည်း မငို ၊ ပြန်လည်းမတောင်းတတ်ပဲ နဖူးနှင့် ကြမ်းပြင်တိုက်ပြီး စိတ်လုပ်နေတတ်တော့ သမီး စိတ်ကောက်တတ် တယ်လို့ ဖြစ်ရလေတာ... ။

အဲဒါမျိုး ၃-၄ ကြိမ် မက ကြုံလာရသောအခါ ...

၂ နှစ်ရွယ်သမီးငယ်လေးကို မေမေက ကိုယ်ပစ္စည်းကိုယ် ပြန်လိုချင်တာ တောင်းရဲစေချင် (ရန်စွာစေလိုတာမဟုတ် ၊ လိုချင်တာကို ပြောရဲစေချင်တာ)၊  ပါးစပ်က မတောင်းတတ်လဲ လက်ညှိုးထိုးပြတာ ဖြစ်ဖြစ် ၊ကိုယ်မကြိုက်တာကို ငိုယိုခြင်းဖြင့် ဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ထုတ်ပြ တာမျိုး ဖြစ်စေချင်တာ ပင်။ သမီးကို မေမေသင်တာက သူများပစ္စည်း မကိုင်ရဘူးသာ ဖြစ်ပါသည်။  မေမေ့လို သဘောကောင်းသူကြီး အမည်ခံပြီး စိတ်ထဲရှိသမျှ မျိုသိပ်ထားတတ်သူ မျိုး ဖြစ်လာမှာ စိုးလှသည်။

ကလေးချင်းကစားစရာ လုတာ ၊ ရန်ဖြစ်တာမျိုး  မဆန်းသော်လည်း ၂ နှစ်သမီးလေးကို ကစားဖော်နှင့် ကစားရင်း လိုချင်တာ မဖော်ပြပဲ ကျိတ်ခံစားနေတာထက်စာရင် ရန်ဖြစ်တာ ၊ ငိုတာယိုတာမျိုး လုပ်တာကမှ ကောင်းလိမ့်ဦးမည် ဟု မေမေက တွေးနေမိပါသည်။







15 comments:

Thandar Lwin said...

မှုံလေး က ABCD အတုံးလေးတွေဆက်တတ်နေပြီ ။ကလဲ ကတတ်နြေ့ပီ တော်လိုက်တာ ။

အမေ့သားအိမ်လာတုန်း မှူံ့ကို တို့တွေနြ့ ကစားကွင်းဆင်းတုန်းကလဲ သူမလိုက်ချင်တော့ မျက်နှာမကောင်း ဘူး ။ သမီးလေး ကို အဲလို ဇြစ်စေချင်ရင် မယ်ဆင် ကိုယ်တိုင်အယင်ပြောင်းပါ ။

သစ်သစ် said...

မှုံနံသာလေးအကြောင်း ဖတ်ရတာအမြဲ ပြုံးမိတယ်
စင်စင်ရဲ့မိခင်စိတ်ကိုလည်း အားကျမိတယ်
အမြဲသတိနေတော့မှာ သေချာတယ်

Lorem Ipsum said...

အဲအကျင့်က ခံရခက်တယ်ဆင်ဆင်ရယ်... သမီးလေးကိုသင်ပေးပါဦး ... သဘောကောင်းတယ်ဆိုတာ နာမည်ကောင်းသလောက်ခံရတော်တော်ခက်တယ်.. ။း(

sosegado said...

အဖေတူ သမီးလေးပါပဲ၊ ချမ်းသာဦးမည်

Anonymous said...

အမရေ ညီမသူငယ်ချင်းတယောက်ဆိုမကြိုက်ရင်မကြိုက်တဲ့အကြောင်းပြန်မပြောဘဲပြုံးပြုံးကြီးလုပ်နေတာ ပြီးမှ
စိတ်ထဲမှာဒေါသတွေတနုံ့နုံ့နဲ့ ကိတ်စအကြီးအသေးပေါ်မူတည်ပြီးအစားအသောက်
ပျက် အအိပ်ပျက်တွေပါဖြစ်တာ
သမီးလေးကိုခုထဲကအဲလိုမဖြစ်အောင် trainလို့ရမဲ့နည်းလေးများရှိရင်train ပေးပါလားအမရယ် (ဆရာလုပ်တာမဟုတ်ပါဘူးနော်)

မှုန်လေးကိုချစ်လို့ဒီဘလော့ကိုအမြဲလာလည်သူတဦး

:P said...

အဲလို ကလေးစိတ်ကို လေ့ကျင့်ပေးလို့ ရတဲ့နည်းလေးများသိရင် ပြောကြပါနော်..။ စာတွေ ဖတ်ကြည့်ရှာကြည့်လည်း လုပ်မှာပါ

မှုံမှုံ့အမေ

JuneOne said...

သူများဆီကလာသင်..သများက မကျေနပ်ရင် ဘယ်တော့မှ မျိုမထားဘူး...ချက်ချင်းကို ထုတ်ပြောပလိုက်တာ...မေတို့မောင်နှမ ၂ယောက်လဲ အချင်းချင်းသာလုတာ...အပြင်လူနဲ့ဆို...ပြန်တောင်းဖို့နေနေသာ ...

Anonymous said...

Hi

If your baby has eating problem, why dun u try Vitamin D supplement?

ကိုငါးကြော် said...

သည်လှေနဲ့ သည် ဘုန်းကြီး အကိုက်ပဲ... Final sound မဟုတ်ဘူး..Consonant sound ခေါ်သအေ့...ကုလားသီချင်း အာယာမ ဒစ်စကို ဒန်းစားဆိုတာ I'm a disco dancer ကို အသံထွက်တာပဲကွယ့်.. စိတ်မဆိုးဘူးဆိုလို့ ဆရာလာလုပ်တာ..

လရိပ်အိမ် said...

မှုံအကြောင်းလေးတွေဖတ်သွားတယ်။ ညညမအိပ်ဘူးဆိုတော့ ညမင်းသမီးလေးပေါ့။ နေ့လည် သိပ်မအိပ်ပါစေနဲ့။ အားနာတတ်တာကတော့ လရိပ်လဲ ဒီတိုင်းပါဘဲ။ အမှန်တော့ အဲဒီစိတ်က နဲနဲမှမကောင်းဘူး။ မှုံလေး ပွင့်လင်းလာပါစေ။

Anonymous said...

Take a time. she's too young now.
You can train it next 2 years.

Anonymous said...

လင့်တခု သယ်လာပါတယ်။
http://www.zerotothree.org/child-development/challenging-behavior/qa/when-my-2-year-old-gets-angry.html
N/A

ThuHninSee said...

.သူတော်ကောင်းမ နင့်.ငါ့ကို စိတ်ဆိုးလျက်သားနဲ့ ပြုံးနေတယ် မဟုတ်လား သိတယ်..ငါကတော နင့်လိုမဟုတ်..ပြောချင်ရာပြောတယ်..ဒါဘဲ..

Anonymous said...

စကားများများမပြောလို့ဆိုပြီး မေမေကြီး မှုံမှုံ့ကို ကွိုင်ကွိုင်မလုပ်ဖို့ မီးမီးမှုံနံ့သာကိုယ်စား ဖြေရှင်းချက်...:)

ဥာဏ်ကောင်းသော ကလေးတော်တော်များများ စကားပြောနောက်ကျပါသည်။ Genius ကြီး အိုင်းစတိုင်းဆိုလျှင် သုံးနှစ်ကျော်သည်အထိ စကားမပြောသေး၍ သူ့အမေခမျာ သူ့သား အ,နေသလားဟုပင် စိတ်ပူခဲ့ရရှာပါသည်။ အိုင်စတိုင်း ဥာဏ်မကောင်းမကောင်း ဆင်ခြင်ပါရန်။
မှုံမှုံ မျောက်ရှုံးအောင် ဆော့ခြင်း၊ စကားပြောနောက်ကျခြင်းများသည် ယောက်ျားကလေးများနှင့် သွားတူနေပါသည်။ ယောက်ျားလေး ၀င်စားလေသလား ဖျာလိပ်နတ် မေးကြည့်ပါရန်။ :)

Anonymous said...

အိုမားသိပ်တော့မပူနဲ့ ငါလဲငယ်ငယ်က အေးစက်စက်လူသိပ်ကြောက်တာပဲ..
အခုလိုလူမိုက်ကြီးဖြစ်သွားလိမ့်မယ်လို့များ
ကိုယ့်ကိုကိုတစ်ခါမှမတွေးမိပါဘူးအေ