Saturday, April 27, 2013

ပုဇွန်ခြောက် ဘာလချောင်ကြော်


ဘလော့မှာ ဘာမှ မတင်ရတာကြာလို့ အမေ(ယောက္ခမ) အလည်လာတုံး ကြော်ကျွေးတဲ့ ဘာလချောင်ကြော်နည်းကို မေးပြီး စာရေးတင်လိုက်ပါတယ်။ ကိုယ့်ဘာသာကြော်ရင်လဲ ဒီထဲ နည်းလာကြည့်လိုက်ရုံပဲ ..။ ဘလော့ပို့စ် အသစ် တစ်ပုဒ်လဲ ရေးပြီးသားရတယ်။ 



ဘာလချောင်ကြော် 

မန်ကျည်းသီး ဘာလချောင်ကြော် 






ပုဇွန်ခြောက် ဘာလချောင်ကြော်ဖို့ 

၁- ပုဇွန်ခြောက် ၅ ကျပ်သားကိုရေဆေးပြီး ခဏရေစိမ် ညက်ညက်ထောင်းထားပါ။

၂- မန်ကျည်းသီးမှည့် ကွမ်းသီးလုံးခန့်ကို အနှစ်တွန်းထား

၃- ထန်းလျက် ၄ ခဲခန့် ထုပြီး ရေစိမ် ပျစ်ပျစ်ဖျော်ထား 

၎- ကြက်သွန်ဖြူ ၅ တက်ကို ထောင်းပြီး ဆီသပ် ၊ ပုဇွန်ခြောက်ထောင်းပြီးသားကို ထည့်ကြော် ၊ ငံပြာရည်ပါထည့် ဆီသပ်၊ အချိုမှုန့်သုံးလျှင် အနည်းငယ်ထည့်။ 

ပုဇွန်ခြောက်ကြော် ကျွတ်လာလျှင် မန်ကျည်းသီးမှည့်ရည်နှင့် ထန်းလျက်ရည်ထည့် နှံ့အောင်မွှေ ၊ မီးအေးအေးနှင့် ဆက်ကြော် ၊ အစပ်စားလျှင် ငရုတ်သီးအကြမ်းမှုန့်ထည့် ၊ ၂ မိနစ်ခန့်ထား၍ အိုးကို မီးဖိုမှ ချပါ။ 

အေးသွားလျှင် ကြက်သွန်နီကြော်ဖြူးပါ။ 


ကျွန်မတို့က မန်ကျည်းသီးမှည့် ဘာလချောင်ကြော်ကို ပိုကြိုက်တယ်၊ ပျော့ပျော့လေးလဲ ဖြစ်သွားတယ်၊ အချဉ်ပါတော့ စားလို့လဲ ခံတွင်းလိုက်တယ်..။

အင်း..အချဉ်မပါလဲ ဘာစားစား ခံတွင်းလိုက်နေတာ ကျွန်မပါပဲ .. ခု ၂ လ လောက်အတွင့်း အံ့သြစရာကောင်းလောက်အောင် ဝ လာလိုက်တာများ . .... တော်လေးဝ ထက်သာတဲ့ တော်တော်လေးဝ မိန်းမသား ဖြစ်နေပါပြီ။ ဝိတ်ချရဖို့ လေ့ကျင့်ခန်းလုပ်ရမှာပျင်း၊ အစားရှောင်ရမှာ စိတ်မခိုင်လေတော့  ဝချိန်တန်ပြီထင်ပါတယ် လို့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ရတယ်။ 

10 comments:

Anonymous said...

ဝချိန်တန်သူကြီး

ဘာလချောင်ကြော်ကို ဒီလိုကြိုးစားပန်းစားရေးတဲ့ အတွက်ကျေးဇူး ဟင်းဟင်း

KLNG

JuneOne said...

သများလဲ စားစရာပို့တင်တုန်း မမ စားစရာပို့တွေ့တာပဲ

Aunty Tint said...

ပုဇွန်ခြောက် ဘာလချောင်ကို နှစ်ပေါက်စာ စားလို့ရအောင် ကြော်ထားပုံရတယ် :P
စင်စင်ရဲ့ တော်တော်လေးဝ မိန်းမသား မှန်မမှန် စလုံးရောက်မှပဲ လာကြည့်တော့မယ် :D
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Lorem Ipsum said...

ဆင်ဆင်ရဲ့

အနှစ်တွန်းထား ဆိုတာဘာလဲဟင်
နားမလည်ဘူးတော့...း(

:P said...

မန်ကျည်းသီးမှည့်ကို ရေနည်းနည်းနဲ့ စိမ်ပြီး အနှစ်တွေချည်းယူထား၊ အဖတ်တွေ လွှင့်ပစ်လိုက်တာကို ပြောတာ ဆုမြတ် :P

Lorem Ipsum said...

အိန်းးးးး ကောင်းရော..ဟီး တချို့မြန်မာစကားတွေကိုသိပ်နားမလည်ဘူး ။ ရခိုင်လိုမွှတ်နေလားဆိုတော့လည်းမဟုတ်ပြန်ဘူး ။
ဟီးး။ ကျေးဇူးပါနော် ဆင်ဆင်။ ဗာလချောင်ကလေ ထန်းလျက်ထည့်တာ အရမ်းကောင်းတယ်လို့ကြားဖူးတယ်..။ ကျွေးမလား..ဟီးးလာစားမယ်

:P said...

ကျွေးမယ်..ဆုမြတ်... လာစားပါ

kay said...

ဝ ချိန် တန် လေ ပြီ ကော...

Anonymous said...

ငါးသလောက် မုန့် ဟင်းခါး အစွမ်းပြနေပြီ ဝါး ....

Unknown said...

ပျောက်တယ် ပျောက်တယ် ပျောက်တယ်..ရောက်ရာအရပ်က မှုံလေး update အမြန်လာတင်ပါဗျို့

လွမ်းလျက်
ဆုမြတ်