Thursday, December 12, 2013

2013 နတ်တလင်း (၁)

စိတ်ပြေလက်ပျောက် ဘလော့ကို ဖုန်ခါ ...။ ရေးစရာရှိပေမဲ့ မရေးချင်၊ သမီးက ကွန်ပြူတာရှေ့က ဖယ်ခိုင်းနေလို့ ရေးခွင့်ကမသာဖြစ်နေတုံး အိမ်ပြန်တုံးက စားစရာပုံတွေ တင်ထားမယ်လို့ ၊ 

ဒီတစ်ခေါက် အိမ်ပြန်တာ ၁ လ လောက်နေချင်ပေမဲ့ ၊ ကိုဝင်းကြည်ပြနေတဲ့အတွက် ဆရာဝန်က အဲလောက်ကြာကြာမနေစေချင်လို့ ၁၇ ရက်ပဲနေခဲ့ရတယ်။ တစ်လျှောက်လုံး နတ်တလင်းမှာချည်းပဲ ။ အေးအေးဆေးဆေး သွားလာ ၊ စားသောက် ခဲ့ရတယ်။ အစားရွေးလွန်းတဲ့ သမီးလေး မှုံမှုံ နတ်တလင်းပြန်ရောက်ရင် စားစရာတွေ မုန့်တွေပေါ ၊ ချော့ကျွေးမဲ့လူတွေပေါ ၊ အတူတူ စားပေးမဲ့လူတွေ အများကြီးနဲ့ တအားစားလိမ့်မယ်လို့ ထင်မိတာ ပြောင်းပြန်ဖြစ်သွားတယ်။ သူစားနေကျ Ready Made ကြက်သားလုံးလေးတွေ အအေးခံ ဖော့အိတ်နဲ့ သယ်သွားမိတာတော်သေးတယ်။ ပြန်ကာနီး ၄-၅ ရက်မှာ ဘာမှ ကျွေးမရတော့လို့  တော်တော်စိတ်ည်ရသေးတယ်။ အဖေနဲ့အမေက ဝဖြိုးပြီး ပြန်လာပေမဲ့ သမီးလေးက ပိန်ညောင်လေးဖြစ်သွားတယ်။ ကိုကို မမ တွေနဲ့ ကစားရတာတော့ သူတော်တော်ပျော်ပါတယ်။


မုန့်ပျားသလက်လို့ရေးပေမဲ့ မုန့်ပစ်စလက်လို့ပဲ အလွယ်ခေါ်ကြတယ် ။ မုန့်အိုးကင်းကပ်လို့လဲ ခေါ်တယ်.. ။ဒါက ထန်းလျက်ရည်ဆမ်း အုန်းသီးဖြူးထားတာ ၊ မုန့်ပစ်စလက်အနီလို့မှာလိုက်ရုံပဲ ၊ တစ်ခုကိုမှ မြန်မာငွေ ကျပ် ၅၀ ပဲ ။ ဝယ်သူများလို့ နည်းနည်းတော့ စောင့်ရမယ်၊။


မုန့်အိုးကင်းကပ် အဖြူ ၊ ပဲပြုတ်နဲ့ ကြက်သွန်မြိတ်ဖြူးတယ်.. တုတ်ထိပ်ကစွပ်ကျယ်စလေးမှာ ဆီဆွတ်ပြီး လိုက်ပုတ်ထားတယ် ။ ငယ်ငယ်က မကြိုက်ပေမဲ့ ခုတော့ အနီထက် အဖြူကို ပိုကြိုက်တယ် ။


ခြင်ကိုက်မှာစိုးလို့ ရွာစတိုင်လ် ဇာခြင်ထောင်ထဲ ဝင်ကစားနေတဲ့ ချစ်သမီးလေး ။ ခြေထောက်မှာ ခြင်မလာဘူးဆိုတဲ့ အပတ်လေး ပတ်ပေးထားတယ်..။ အောက်တိုဘာဆို အေးနေပြီမှန်းပြီး ကလေးဝတ်ကိုလက်ရှည်နဲ့ အထူတွေ သယ်သွားတာ ဟိုရောက်တော့ တအားပူတာနဲ့ စွပ်ကျယ်လေးတွေ ဝယ်ရတယ်..။ တစ်ထည်မှ ၆၀၀ ပဲ ။


တစ်လမ်းထဲနေတဲ့ ငယ်သူငယ်ချင်းဖွင့်ထားတဲ့ဆိုင်မှာစားတဲ့ ရွှေတောင်မုန့်ဟင်းခါး ၊ တစ်ခါမှ မစားဖူးလို့ စားကြည့်တာ ၊ ပဲရည်တွေ တအားပျစ်လို့ မကြိုက်ဘူး..၊ နောက်ကိုရွှေတောင်မုန့်ဟင်းခါး မစားဖို့ မှတ်ထားတယ်။



ပုံတွေများတော့ စားပွဲခင်းကြည့်ပြီး ဘယ်အိမ်ကလဲ ပြန်ဖော်ရတယ်..
ဒါက ယောက္ခမကျွေးတဲ့ ပိန်းဥနဲ့ ပဲသီးဟင်း


ယောက္ခမ၏ ဝက်သားဆီပြန်


ဒီတစ်ခေါက်ပြန်တာ တစ်ဦးတည်းသော တူတော်မောင် ဖိုးသာထူးရဲ့ ရှင်ပြုပွဲနဲ့ကြုံတယ် ။ ဒါကရှင်လောင်းလှည့်၊ ကိုရင်ဝတ်တဲ့နေ့မှာ အလှူပွဲလာပရိသတ်ကိုကျွေးဖို့ ပြင်ထားတဲ့ အချိုပွဲ


ဒါက နောက်နေ့ အလှူကြီးနေ့က အချိုပွဲလားမမှတ်မိတော့ဘူး


ဘုန်းကြီးပွဲအတွက် ပြင်ထားတာ

အလှူမှာ ဒီမုန့်ကျွေးတာတွေ့လိုက်ရတော့ သိပ်ပျော်သွားတာပဲ ၊ နှစ်ပေါင်းများစွာ ခွဲခဲ့ရပြီးမှ ပြန်တွေ့ရ တာကိုး...။ ကျွန်မ သိပ်ကြိုက်တဲ့ မုန့်ချိုသွင်း ၊ ဈေးထဲမှာ ရောင်းခဲတော့ အလွယ်တကူ ဝယ်စားလို့ မရဘူး။ ဒီမုန့်ကို ဘယ်သူက အလှူဝင်တာလဲတော့မသိဘူး ။ အလှူက ပိုတာတွေ အိမ်မှာ အိတ်ကြီးနဲ့ တစ်လုံးပဲ ။ အနားပတ်ဝန်းကျင်တွေ အလှူကူတဲ့လူတွေကို ဝေပြီးတာတောင် အများကြီး ကျန်နေသေးတာ ။ ကျွန်မ တဝကြီး စားလိုက်ရတာ ကျေနပ်လိုက်တာ ။



ထိုးမုန့် ၊ မန္တလေးက ဘူးနဲ့လာတာမဟုတ်ဘူး၊ ရွာမှာပဲ ထိုးတဲ့ ထိုးမုန့်


ရွှေကြည် ဆနွင်းမကင်း


ကိတ်


စပျစ်သီး ၊ ဒီအချိုပွဲကတော့ ဘုန်းကြီးပွဲအတွက်ပဲ ဖြစ်မယ်ထင်တယ်။

သမီးလေးကြိုက်တဲ့မုန့်


လက်ဖက်သုပ်

ဆားချိုသီးလား ဘာလားမသိဘူး

ချင်းသုပ်


မုန့်ဆီကြော်နဲ့ ထိုးမုန့် ၊ ပရိသတ်အတွက် အချိုပွဲပန်းကန်များမှာစိုးလို့ ပေါင်းထည့်ထားတယ် ထင်တယ်။

4 comments:

Anonymous said...

ဗိုက်တောင်ဆာသွားတယ် အမဆင်

Anonymous said...

မုန့်ပြားသလက်ကို သဘောကျတယ်ဗျာ။ တရွာတပုဒ်ဆန်းပဲ။ ကျွန်တော်တို့ဖက်မှာ ခေါက်မရဘူး။
ဝက်သားနီချက်အရောက်မှာ ဇာတ်ရှိန်အမြင့်ဆိုးပဲ။ ဝတာလဲမပြောနဲ့ အဲဒီလိုများချက်ထားရင် ကြိုက်မှကြိုက်ပဲ...
မုန့်ချိုသွင်းတော့ မစားဖူးသေး...
မုန့်ဆီကြော်ကိုအလွမ်းဆုံး..
အဟီး.. စားစရာရာများတွေ့ရင် အဲ့လိုတက်ကြွတာ။ ကွန်မန့်တောင်ရှည်နေပြီ။.. လစ်မှ.. လစ်မှ..
အန်အေ

JuneOne said...

ခေါက်မုန့်လို့ခေါ်တယ်..

Rita said...

အညာက မုန့်ပျားသလက်တွေ ခေါက်လို့မရဘူး။ ထူလို့။ ဖြူးမှာတော့ အဲဒါမျိုးကို ခေါက်မုန့်ပဲ ခေါ်တယ်။