Thursday, December 12, 2013

2013 နတ်တလင်း (၂)

ထမင်းစားလက်မှတ်တစ်ခုရခဲ့တယ်။ :D



သြဇာသီးတုံးချိန်မို့လို့ အားရအောင်မစားခဲ့ရပါဘူး။


ငါးဖမ်းမ အသေးလေးတွေကို ငရုတ်သီးခြမ်းခွဲ ၊ ကြက်သွန်ဖြူနီတွေနဲ့ ပြန်ကြော်ထားတာ ။ ကုလားပဲဟင်းနဲ့ သိပ်စားကောင်းတာပဲ ။ ငါးဖမ်းမအကြီးတွေ မကြိုက်ဘူး..။ သေးသေးလေး ကြိုက်တာ။ ဒီက စီးတီးဟောမှာရောင်းတဲ့ ငါးဖမ်းမက လက်ဝါးလောက်ကြီးတွေ ကြီးပြီး တအားငန်လို့ မစားနိုဘူး။ ရွာက ငါးဖမ်းမ သေးသေးလေးတွေ အပြန် သယ်လာခဲ့သေးတယ်။


မုန့်စလင်းတောင့် လား ဘိန်းမုန့်လား သေချာစဉ်းစားရသေးတယ်။ ဆီးသီးသည်မဗျိုင်း ဖြစ်သွားပြီ ထင်ပါရဲ့



1500 တန် GSM Sim Card အစ်မအငယ် မဲပေါက်လို့ ဖေဖေ့ကိုပေးကိုင်ထားတာ ။ ဟန်းဆက်က ဂဏန်းကြီးကြီးပေါ်တာကို တမင်ရွေးဝယ်ထားတာတဲ့။  ဖေဖေက အသက် ၈၂ ပြည့်ပြီးပြီ။ ဖုန်းကို ပေးထားပေမဲ့ အပြင်သွားရင် အိမ်မှာထားခဲ့တတ်တယ်။ သူ့ဖုန်းခေါ်လဲ တစ်ခါမှ မထူးဘူး ။ အေးရော။



ထမင်းချဉ်သုပ် ၊ မန်ကျည်းသီးမှည့်အနှစ် ၊ ဆီချက်၊ ပုစွန်ခြောက်မှုန့်တွေနဲ့ သုပ်တယ်။


ခေါက်ဆွဲသုပ် ၊ ဘာမှ မထူးခြားပေမဲ့ ဓာတ်ပုံရိုက်ပြီးသားပါလာလို့ တင်လိုက်တာ ။


နတ်တလင်း ထမင်းသုပ် ။ ဒီမှာ ခဏခဏ စားချင်တဲ့ အသုပ် ၊

အမဲသားကြော် ၊ အမဲလုံးကြော်တွေ စားရင် ပိုက်ဆံ ထပ်ပေးရမယ်။ ဟင်းခါး၊ ကြက်သွန်ဖြူ၊ ပဲတီချဉ်က အလကားပေါ့။ မောင်ကြီးတစ်ယောက် ထမင်းချဉ်သုပ်ကို ပဲတီချဉ်များများနဲ့ စားလိုက်တာ တစ်ညလုံး ဝမ်းတွေလျှောပြီး နောက်နေ့ မျော့နေရော။



 ရန်ကုန်/ပြည် ရထားစီးဖူးသူ ဆိုရင် နတ်တလင်းထမင်းသုပ်ကို ကြားဖူးမယ်ထင်တယ်။ နတ်တလင်းဘူတာမှာ ဆိုင်ခန်းလေးနဲ့ရောင်းတယ်။ မဘီဟာဆိုင် လို့ မြို့ကလူတွေခေါ်ကြတယ်။ အသားဖြူဖြူ ချောချောနဲ့ ၇၈၆ အန်တီပါ။ သမီးလှလှလေး ၃ ယောက်၊ သားချောချောလေး ၂ ယောက်ရှိတယ်။ အားလုံး ကလေးတွေ မြေးတွေ ရကုန်ကြပြီထင်ပါရဲ့ ၊ မြန်မာနဲ့ရတဲ့ သမီးလေးက ၂ ယောက်ထင်တယ်။  ရန်ကုန်က ထွက်လာရင် နတ်တလင်းမရောက်ခင် တော်တော်ဝေးဝေးကတည်းက ခရီးသည်တွေကို နတ်တလင်းထမင်းသုပ် ဝယ်ကြဦးမလားဆိုတာ လိုက်မေးတယ်။ စာရွက်နဲ့ မှတ်ထားပြီး နတ်တလင်းဘူတာမှာ ရထားရပ်တော့ ဆင်းယူပေး၊ မှာတဲ့လူတွေကို လိုက်ပေး၊ ပိုက်ဆံယူ လုပ်တာ ၊ ရထားလာချိန်နီးပြီဆိုရင် ထမင်းသုပ်ဆိုင်မှာ အထုပ်တွေ အများကြီးကြိုထုပ်ထားရတယ် ။ သူ့ထမင်းသုပ် ပါဆယ် တစ်ထုပ်ဆိုရင်လဲ ဆီချက်တွေရွှဲ ၊ အဆာပလာတွေ များလွန်းလို့ အိမ်က ထမင်းဖြူနဲ့ရောနယ်ပြီး လူ ၂ ယောက် ကောင်းကောင်းစားလို့ရတယ်။ ခုပုံထဲမှာတော့ ဆိုင်မှာ ထိုင်စားတာမို့ တစ်ယောက်စာ အနေတော်ပဲ ။သူတို့ဆိုင် ဘယ်လောက်ရောင်းကောင်းလဲ ဆိုရင် နတ်တလင်းမှာ တစ်နှစ်တစ်ခါကျင်းပတဲ့ တန်ဆောင်တိုင်ပွဲတော်မှာရောင်းဖို့ ဆီချက်ချက်တာ ပေပါနဲ့ ချက်ထည့်ထားရတယ်။

နတ်တလင်းမှာ ကုလားအိမ်တွေ ဖျက်ဆီးကြတဲ့အခါ အန်တီမဘီဟာရဲ့ ဘူတာဆိုင်ခန်းလေးလဲ ပါသွားတယ်ဆိုလို့ စိတ်မကောင်းဖြစ်ရသေးတယ်။ ဒါပေမဲ့ အရင်ဆိုင်ဟောင်းနဲ့ မနီးမဝေး ရန်ကုန်ပြည် ကားလမ်းပေါ်က ခြံနဲ့တိုက်ကို သိန်း တစ်ထောင်နီးပါးနဲ့ ဝယ်ပြီး ဆိုင်အသစ်ဖွင့်ထားတာမို့လဲ ဝမ်းသာရတယ်။ အဲဒီဆိုင်အသစ်ကို သွားစားခဲ့တာ ။ ဆိုင်ကောင်တာမှာ ရောင်းနေဆဲ မဘီဟာကိုလဲ မြင်ခဲ့တယ် ။ ထမင်းသုပ်စီးပွားရေးကို ငါ ဘာလို့ မလုပ်ခဲ့မိသလဲ တောင် နောင်တ ရသလိုလို :D ။




အဲဒီကောင်ဆိုင်က ပေါ့နှပ် လက်ဖက်ရည် ။ တော်တော်ကောင်းတယ်။ သူက ခွက်သေးသေးလေးကို တစ်ခွက် ၂၅၀ ၊ တိုင်ကီမှာရင် ဒီမတ်ခွက်နဲ့  ၃၀၀ ၊ ကျွန်မရော မောင်ကြီးရော သွားတိုင်း တိုင်ကီ တစ်ယောက်တစ်ခွက် မှာသောက်ကြတယ်။









တိုဟူးသုပ် ပါဆယ်
မနက် အိပ်ရာနိုးတိုင်း၊ ဒါမှ မဟုတ် ညကတည်းက မမလေးက မနက်ထမင်းကြမ်း ဘာစားမလဲလို့ ကျွန်မနဲ့မောင်ကြီးကိုမေးတယ်။ မောင်ကြီးက ဘာဖြစ်ဖြစ်ရပါတယ် လို့ ပြန်ဖြေပြီး ကျွန်မကတော့ တိုဟူးသုပ် နဲ့ ထမင်း လို့ အမြဲတမ်းပြန်ဖြေတယ်။ မမလေးသွားဝယ်နေကျ အိမ်နဲ့အနီးဆုံးဆိုင်က အသုပ်ထုပ်ပါ ။ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော် ကျွန်မတို့ ငယ်ငယ် မူလတန်းကျောင်းသူဘဝက နတ်ပွဲတွေ လိုက်ကတဲ့ ဦးသိန်းရွှေဆိုတဲ့ ဦးလေးကြီးတစ်ယောက်က သူ့ခြံကျယ်ကြီးရှေ့မှာ တဲအကြီးကြီးထိုးပြီး အသုပ်စုံရောင်းတယ်။ အိမ်က နတ်သိန်းရွှေဆိုင်မှာ အသုပ်သွားဝယ်ချေ လို့ခိုင်းရင် စက်ဘီးလေးနဲ့ သွားဝယ်ရတယ်။ ဝယ်သူတွေ အများကြီးမို့ တော်တော်စောင့်ရတယ် ။ ၁၉၈၀ ကျော်ကျော်ကာလတွေက တိုဟူးသုပ် ပါဆယ် တစ်ထုပ်ကို ငါးမူးလား၊  ၁ ကျပ်လား မမှတ်မိတော့ဘူး။ နတ်သိန်းရွှေရဲ့ သမီးတွေရောင်းတာ ။ သူတို့က အင်ဖက်ထဲ တိုဟူးထည့်၊ မျက်စေ့နားကပ်ကြည့် နည်းနည်း ပြန်နှုတ် ၊ ခေါက်ဆွဲထည့် ၊ ကပ်ကြည့် နည်းနည်း ပြန်နှုတ် အဲလိုမျိုးထည့်ပေးတတ်တာကို ကျွန်မနဲ့မောင်ကြီး တခါတလေ ရွာအကြောင်း ပြန်ပြောရင်း ပြောမိ ရယ်ကြရတယ်။   စကားဆက်စပ်ရရင် ဒီပုံထဲက အသုပ်ထုပ်ရောင်းတဲ့ လင်မယားထဲက ဦးသိန်းရွှေရဲ့ သားပါ။ မိဘ လက်ငုတ်ကို ဆက်ခံတာပေါ့ (သူ နတ်ပွဲတော့ လိုက် က ပုံမရဘူး) ။
အဲဒီ တစ်ထုပ်ကို ကျပ်ငွေ ၁၀၀ တဲ့ ။ မုန့်ဟင်းရည် ယူဦးမလားမေးပြီး ယူမယ်ဆိုရင် မုန့်ဟင်းခါးဟင်းရည် တစ်ထုပ် အလကားထည့်ပေးလိုက်သေးတာ ။ ဆိုင်ကို လိုက်ပြီး တစ်ထုပ်ကို ၂၀၀ ၊ ၃၀၀ ၊ ၅၀၀ စ သဖြင့် ယူကြတယ်။ ၅၀၀ ဆိုရင် အထုပ်ကြီးအကြီးကြီးပေါ့ ၊ ပုစွန်ခြောက်မှုန့်တို့ ပဲကြော်တို့ ပါမှာပေါ့ ။ ကျွန်မက အဲဒါတွေ မကြိုက်တော့ ဒီ ၁၀၀ တန် အထုပ်နဲ့ တော်တော်အဆင်ပြေပါတယ်။

4 comments:

JuneOne said...

ထမင်းသုပ်..တို့ဟူးသုပ် မကြိုက်လို့ ဒီပိုစ့် သရေမကျဘူးကွယ်

Anonymous said...

ကြိုက်တယ်

ဆုမြတ်မိုး said...

ကြိုက်တယ်... ဘာသုပ်သုပ်ကိုကြိုက်တာ...ခစ်ခစ်..
ုအသုတ်ကြိုက်ပေမယ့် လက်ဆိပ်မရှိတော့ စားမကောင်းဘူးရယ်.. ။

သွားရည်တစ်ပိဿာလောက်ကျသွားတဲ့
ဆုညတ်

Rita said...

ကြိုက်တယ်။ ထမင်းသုပ်ရော တို့ဟူးသုပ်ရော။ ဖြူးမှာနေတုန်း စားခဲ့ဖူးတဲ့ တို့ဟူးသုပ်ကို သတိရရင် ငိုတောင် ငိုချင်တယ်။ :'(