Sunday, September 21, 2014

သမီး ၃ နှစ်ခွဲ အမှတ်တရ

အခုည သားနဲ့သမီးကိုသိပ်အပြီး အိပ်မပျော်သေးတာနဲ့ ဖုန်းမှာ ကိုယ့်ဘလော့ ကိုယ်ပြန်ကြည့်ဖြစ်.. ဘေးက ဘလော့ရိုးကိုကြည့်တော့ အသစ်တွေ တက်နေတာ အများကြီးတွေ့တာနဲ့ အားရဝမ်းသာ တစ်ခုစီ လိုက် ဖတ်ဖြစ်တယ်..။ ကောမန့်တွေ ရေးဖြစ်တယ်.. ဖုန်းနဲ့ ဖတ်ရ ရေးရဆိုတော့ တိုတိုတုတ်တုတ်ပဲပေါ့ ။ ဘလော့ရေးချင်စိတ်တွေပါ ပေါ်လာတယ်..။ အလိုက်သိတဲ့ ဗိုက်က ထ ဆာတာနဲ့  အိပ်ရာထဲက ထပြီး ပေါင်မုန့် ၁ လုံး၊ ငှက်ပျောသီး ၂ လုံး၊ ice lemon tea ၁ ခွက်နဲ့ ဘလော့ဂါကြီး မယ်ဆင် ကွန်ပြူတာရှေ့မှာ မိန့်မိန့်ကြီးရောက်လာတယ်။

ရေးစရာကလဲ သားကြောင်း သမီးကြောင်း ယောကျာ်းကြောင်းကလွဲလို့မရှိ ၊ ဓာတ်ပုံလေးနဲ့ တွဲ ဖောမှ စာလေးတစ်ပုဒ် ဖြစ်တာမျိုး .. ကိုယ့်အရည်အချင်းကိုယ် အားငယ်ရပါဘိတော့တယ်... ရွှတ်...။ ဝမ်းနည်းပန်းနည်းနဲ့ ပေါင်မုန့်တစ်လုံးကုန်သွားတယ်..။

စကားတမင်စပ်ပြီးပြောရရင် သမီးလေးမှုံမှုံ ပြီးခဲ့တဲ့ ၁၈ ရက်နေ့က ၃ နှစ်ခွဲ ပြည့်သွားတယ်။ မပြောင်းလဲသောသမီးလေး အစားကျွေးရခက်ဆဲ .. လူစိမ်းတွေနဲ့ ဆက်ဆံရေးခက်ဆဲ (လူကြောက်ဆဲ) .. ။ တိုးတက်လာတာတွေလဲ အများကြီးရယ်..။ သူသိပ်ကြိုက်တဲ့  Masha and The Bear ကြည့်ပြီး "မာရှာလေးက ဘယ်လိုအော်လဲ " သူ့ဘာသာသူမေးတယ်..သူ့ဘာသာသူ အော်ပြတယ်.. ပြီးရင် " မေမေ အော်ပါ" လို့ ခိုင်းတယ်.. မေမေ အသံမထွက်မချင်း တတွတ်တွတ် ခိုင်းတယ်..။ အော်ပြလိုက်မှ အေးမယ်မထင်နဲ့ ..နောက်တစ်မျိုးဆက်လာတယ်.. "ဝက်ဝံတက်ဒီ ဘယ်လိုလုပ်လဲ" ..သူ့ဘာသာသူမေးတယ်..သူ့ဘာသာသူ လုပ်ပြတယ် .." မေမေ ဝက်ဝံတက်ဒီလို လုပ်ပါ"လို့ ထပ်ခိုင်းတယ်..။ ကြာလာလို့ အမေက စိတ်မရှည်တော့ ပြီးပြီးရော ဆိုပြ လုပ်ပြ က ပြရင် သူက မကြိုက်ဘူး.. လိုချင်တဲ့ပုံစံ မရမချင်း " မေမေ ဒလို.. မေမေ ဒလို"( ဒီလိုကို သူက ဒလိုတဲ့)  နဲ့ ရှေ့က သင်ပြသေးတယ်..။  တခါတလေ သူနဲ့ တူတူဈေးဝယ် သွားမိရင် ငွေရှင်းကောင်တာနားရောက်မှ မေမေ ..ဟေး လို့ အော်ပါ လို့ ခိုင်းတယ်.. ။ စိတ်ပေါက်ပေါက်နဲ့ ကက်ရှာမိန်းမရှေ့မှာ ဟေး လို့ မတိုးမကျယ်အော်ပေးလိုက်တယ်..။ ကိုယ့်ကို အရူးထင်ထင် အကောင်းထင်ထင်။

သူ့ကိုပြောမရလို့ (ဥပမာ .. ဆိုဖာ လက်တန်းပေါ်မှာ နောက်ပြန်ထိုင်နေရာက ဆင်းခိုင်းတာ မဆင်းလို့) မအေ အသံ နဲနဲ မာသွားရင် သူက ငိုသံပါနဲ့ .. " မေမေ မှုံမှုံ့ကို အော်ရဘူး..မေမေ တိုး.....တိုးလေးပြော" လို့ ဆိုပါတယ်။ ပြီးရင် သူက လေသံတိုးပျော့ပျော့လေးနဲ့ " ဟေး....  ဟေး..မှုံမှုံ .. လက်တန်းပေါ် ထိုင်ရဘူးနော်.. ပြုတ်ကျမယ်နော် .. မေမေ အဲ့လိုပြောပါ" လို့ ဆိုတယ် ။ စိတ်တိုနေတဲ့ အမေဟာ မပြုံးရယ်ပဲ မနေနိုင်ဘူး..။ သမီးကိုပွေ့ဖက်ပြီးသူ့စိတ်ကြိုက် လေသံတိုးတိုးလေးနဲ့ တားမြစ်ရတော့တယ်။ သူပြောနေကျ မေမေ ပြောပါ ဆိုတာမှာ ပြောပါ ဆိုတဲ့ လေယူလေသိမ်းလေးရယ်၊  တိုး တိုးလေးပြော ဆိုတာ ရဲ့ တိုး ၁ လုံးနဲ့ ၁ လုံးကြားလေသံလေးတွေရယ်သာကြားရရင် ကျွန်မသမီးလေးဟာ ပေတူးလက်လန်လေး ၊ စိတ်ကောက်ရင် ဆိုဖာပေါ်တက် အုန်းပင်စိုက်တတ်တဲ့ ကလေးမလေး ၊ တစ်အိမ်လုံးဝုန်းဒိုင်းကြဲ ဗျောင်းဆန်အောင် ဆော့တဲ့ ကောင်မလေးလို့ ဘယ်သူမှ ထင်ကြမှာ မဟုတ်ပါဘူး..။ သူကလေးက အဲဒီလေယူလေသိမ်းလေးတွေ ပြောနေပြီဆိုရင် ကျွန်မနဲ့ သူ့အဖေမှာ.. "ပါးစပ်က ဘုရားဘုရား..လက်က ကားယားကားယား ဆိုတာ ဒါမျိုးလေး ဟဲ့" လို့ တိတ်တိတ် အတင်းပြောကြရတယ် (ကိုယ့်သမီးအတင်းကိုယ်ပါ)။ 

ငယ်ငယ်ကတည်းက ကြည့်ခဲ့တဲ့ Hutos ကာတွန်းလေးတွေ အိပ်ရာထဲမှာ ထိုင်ကြည့်ပြီး တစ်ယောက်ထဲ တခစ်ခစ် ရယ်ချင်ရယ်နေတတ်တယ်။ ဖေဖေနဲ့ မေမေ တလှည့်စီ အခေါက်ခေါက် ဖတ်ပြပြီးတဲ့ ၊ ဖွားလေးစူး ပို့ပေးလိုက်တဲ့ ပုံပြင်စာအုပ်တွေကို တစ်ယောက်တည်း အသံထွက် ထိုင်ဖတ်ချင် ဖတ်နေတတ်တယ် (ပုံပြင်တစ်ပုဒ်ကို တစ်အုပ် စာအုပ်ပါးလေးတွေ ၊ ပြီးတော့ တစ်မျက်နှာက စာ တစ်မျက်နှာက သရုပ်ဖော်ပုံဆိုတော့ စာမဖတ်တတ်ပေမဲ့ ပုံကြည့်ပြီး သမီးက ဖတ်တာပေါ့ ) ။ မေ့သွားတဲ့နေရာတွေမှာ ရွှီးချတာ .. ပုံပြင်ထဲက ဘီလူးကြီးနေရာ၊ လူဆိုးကြီးနေရာ ၊ ကျားကြီးနေရာမျိုး စကားပြောရင် အသံ သြသြကြီး လုပ်ပြောတာ .. ဆိတ်ကလေးနေရာ၊ ယုန်ကလေးနေရာဆို အသံ တိုးပျော့လေးနဲ့ ပြောတာ ..အဲဒါတွေကို သမီးမသိအောင် တစေ့တစောင်းနားထောင်ပြီး အမေတို့မှာ ကျိတ်ပြီး ရယ်ရပြုံးရတာ..။တကယ်တော့ သမီးက ကျောင်းက နေ့လည် ၁ နာရီခွဲပြန်လာ စားသောက်ပြီး ကစားရတာ ပျင်းရင် မေမေ့ကို ပုံပြင်ဖတ်ပြခိုင်းတာ ..။ မောင်မောင်လေးကိုသိပ်နေရရင် ၊ မောင်မောင်လေးအိပ်ပျော်နေတာ မြင်ရင် မေမေ့နား စာအုပ်လေးကိုင်ရောက်လာပြီးမှ မခိုင်းတော့ပဲ ကိုယ့်ဘာသာ ထိုင်ဖတ်တဲ့အကျင့်ရသွားတာ..။ သနားစရာလဲကောင်းတဲ့ အမေ့သမီးလေး..။ 

သမီးရဲ့ iPad ထဲမှ Baby Hazel  ဆိုတဲ့ ဂိမ်းလေးရှိနေတယ်။ အဲဒီဂိမ်းထဲမှာ ဟေဇယ်ဆိုတဲ့ ကလေးမလေးရယ်သူ့အမေရယ် ပန်းခြံမှာ ဆော့ကြတာ ၊ စူပါ မားကက်မှာ ဈေးသွားဝယ်တာ .. ဟေဇယ်နေမကောင်းလို့ သူ့အမေက ဆရာဝန်ဆီ လိုက်ပို့တာ စ သဖြင့် ကလေးမလေးနဲ့ သူ့အမေရဲ့ ဇာတ်လမ်းလေးတွေ ပါတယ်။ သမီးက အစကတော့ ဂိမ်းဆော့သေးတယ်.. နောက်တော့ ကလေးမလေးနဲ့ သူ့အမေ လှုပ်ရှားတာတွေပဲ ထိုင်ကြည့်တော့တယ်။ မေမေ့ကိုလဲ ပြတယ်.. ဘေဘီဟေဇယ်ကို ကိုယ့်မှုံမှုံ ၊ ဟေဇယ့်မေမေကို ကိုယ့်မေမေ လို့ ပြောပြတယ်။ ထုံးစံအတိုင်း ပါးစပ်ကလဲ တတွတ်တွတ် ပြောတယ်။ ကိုယ့်မေမေ ဘာလုပ်လဲ ကိုယ့်မှုံမှုံ ဘယ်လိုပြောလဲ စသဖြင့် ...။ မောင်မောင်လေးကိစ္စတွေ လုပ်နေရတာများတော့ အရင်ကလောက် သမီးနဲ့ မေမေ တူတူမကစားနိုင် ၊ အရုပ်မကြည့်နိုင်တာတွေ များလာတုံး သမီးလေးစိတ်ထဲ ဘေဘီဟေဇယ်နေရာမှာ သူ့ကိုယ်သူ၊ ဟေဇယ့်အမေနေရာမှာ မေမေ့ကို အစားထိုး စိတ်ကူးယဉ်နေတယ်လို့ ထင်မိပြီး သမီးကို ပိုသနားမိတယ်။ သားအလုပ်ရှုပ်ပေမဲ့ အားတာနဲ့ သမီးဘေးမှာ တူတူထိုင် ၊ သူကြည့်တာတွေ လိုက်ကြည့် .. စကားပြော စတာတွေကို သတိထားပြီး လုပ်ရတယ်။ သမီးကြိုက်လို့ ဝယ်လာပေးတဲံရွှေရောင်ဆံပင်နဲ့ အရုပ်မလေးကို သမီးက ဘေဘီဟေဇယ်လို့ နာမည်ပေးထားတယ်။ ည အိပ်ရင် ဖက်အိပ်တယ်။ ကျောင်းသွားရင် တွန်းလှည်းပေါ်တင်တွန်းသွားတယ်။

အစပိုင်းက အိပ်ရာဝင်ကြရင် မောင်မောင့်ကို မေမေက အရင်သိပ်နေရင် သမီးလေးက သူ့နေရာလေးကနေ ဘေဘီဟေဇယ်အရုပ်လေး/ ဘာနေအရုပ် တစ်ခုခုကို ဖက်ထားပြီး အိပ်စောင့်နေတတ်တယ်..။ မျက်လုံးက မေမေနဲ့မောင်မောင့်ကိုတချက်တချက်လှမ်းကြည့်တာ မြင်နေတဲ့ မေမေမှာ သမီးလေးကို သနားလို့ မောင်လေး မြန်မြန်အိပ်ပါစေ ဆုတောင်းမိတယ်။ မောင်မောင်လေး အိပ်သွားတာနဲ့ သမီးလေးကိုတင်ပါးလေးပုတ်ပြီး အမေက ဖက်သိပ်ရတယ်။ မောင်မောင့်ကို အိပ်ရာပေါ်သေချာချပြီးတာနဲ့ သမီးနား မေမေရွှေ့လာရင် သမီးလေးမျက်နှာ ပြုံးသွားရော....။ တခါတလေလဲ သမီးကို အဖေက သိပ်ပါတယ်..။ မသိပ်ရပဲ သမီးဘာသာ အစောကြီး အိပ်ပျော်သွားတာလဲ ရှိတာပေါ့။

ခုတလောတော့ finger family  ဆိုတဲ့ ကလေးသီချင်းသမီး သိပ်ကြိုက်နေတယ်..တစ်နေ့လုံးလိုလိုဖွင့်ပေးထားရတယ်။ လိုက်ဆိုတယ်..လိုက် က တယ်..။ ဖေဖေက father ၊ မေမေက mother ၊ မှုံမှုံက sister ၊ မောင်မောင်က baby လို့ ပြောပြီး brother ရှိဘူးနော် လို့လဲ ခဏခဏ ပြောတယ်။ အဲဒီသီချင်း စကြည့်ကာစက သမီးသေချာမကြားတော့ ဖေဖေက ဘာတာ ဆို ပြောလို့ အမေ့မှာ ရယ်လိုက်ရတာ..။


ဆက်ရန်
ငှက်ပျောသီး ၁ ပေါင်မုန့် ၁ အအေး ၁ ကုန်ပြီ.. ၃ နာရီကျော်ပြီ အိပ်ရပါတော့မယ်..နောက်မှ သတိရတာလေးတွေ ဆက်ရေးမှတ်ထားပါ့မယ်။





9 comments:

MrDBA said...

ဖတ်ပြီး

Lorem Ipsum said...

မှုံနဲ့အတူတူ masha ကြည့်ချင်တယ် ။ masha ကိုအရမ်းချစ်တယ် ။ အရုပ်လေးတွေ soft toy တွေမရှိတော့ masha ရုပ်လေးလိုချင်ပေမယ့် ၀ယ်လို့မရသေးဘူး ။ မှုံနဲ့အတူတူ masha ကြည့်ချင်တယ် ။ အားရင် မှုံကိုလာထိန်းပေးမယ်နော်း)

baby hazel လည်းဆော့တယ် (နေမကောင်းလို့ဆေးခန်းသွားတဲ့ဟာအကြိုက်ဆုံး)

:P ဟမ် မှုံနဲ့အမီးနဲ့ရွယ်တူလားဟင် ခစ်ခစ် (အဲလိုမမေးကြေး)

ချစ်တဲ့
ဆုမြတ်

သက်ဝေ said...

ကိုယ်က တစ်ယောက်ထဲပဲ မွေးထားခဲ့တော့ ကလေး နှစ်ယောက်ကို adjust လုပ်ရတဲ့ သင်ခန်းစာ မရှိခဲ့ဘူး ဆိုပေမဲ့ အတော်လေး ခက်ခဲမယ်ဆိုတာ သိနေပါတယ်.. လောလောဆယ်တော့ မောင်မောင်လေးက ဘာမှ သိပ်မသိသေးခင်မို့ သမီးကြီး မှုံကို ပိုပြီး ဦးစားပေးရမယ် ထင်တယ်နော်...
သားတစ်ယောက် သမီးတစ်ယောက်နဲ့ ဘလော့ဂါကြီး ဆင်ဆင် စာတွေ ဆက်ရေးနိုင်စေကြောင်း ဆုတောင်း၏။

MgMyo said...

အဲ့ကြောင့် ခလေးလိုချင်တယ်လို့ပြောတာ ဒီဘ၀တော့ ဘယ်ဆီဘယ်ဝယ် ပါပဲ အစ်မကြီးရေး)

Mrs. Bagel said...

ဒီလိုဆိုတော့လည်း မှုံလေးက သိတတ်သား။ ကလေး နှစ်ယောက်တပြိုင်နက်ထဲ ထိန်းရတာ မလွယ်ဘူးနော်။

Anonymous said...

မဖတ်ရတာကြာပီ...။ ချစ်စရာ သနားစရာလေး မှုံ။
၂ယောက်ထိန်းရတာပိုခက်မှာပဲနော်...။
သမီးလေးဖတ်တဲ့ပုံပြင်စာအုပ်နာမည်လေးပြောပြပေးပါလားဟင်။


နောင်ဂျိန်

မဒမ်ကိုး said...

စင်စင့်ဘလော့လေးကိုခုမှတွေ့လို့အလည်ရောက်ခဲ့ပါတယ် စစ်ရေ ဖဘမှာတော့မသိလို့မအပ်ဖြစ်ပါဘူး
ခုတော့ဘလော့ထဲပြန်လည်ဖြစ်နေလို့လင့်ပါယူသွားပါတယ်

ခင်မင်စွာဖြင့်

NSA said...

ကျေးဇူးတင်ပါတယ်ရှန်း....

နောင်ဂျိန် ညီမလေးရေ..သမီးဖတ်နေတြု ပုံပြင်စာအုပ်တွေက ယူနီဆက်ဖ်က အလကားဝေတဲ့ စာအုပ်လေးတွေပါ.. တစ်ပုဒ်ကို တစ်အုပ်..ပါးပါးလေးတွေပါ.. သူ့မှာ ၅ အုပကါလောက်ရှိတယ်..။

Anonymous said...

အစ်မရေ အမဘလော့ကို အစ်မသက်ဝေ ဘလော့ကနေတဆင့် ရောက်ပြီး စာလာလာဖတ်တာပါ အမှန်တော့မှုံကိုလာကြည့်တာပါ ပြီးခဲ့တဲ့ အင်ဂါနေ့က IMM က ဘော့စနီဆိုင်မှာ အမတို့ကိုတွေ့တာ မှုံမှုံ နှင့်မောင်မောင်ကိုအပြင်မှာတွေ့တော့အရမ်းဝမ်းသာတာပဲ နှတ်ဆက်ခြင်တာ အစ်မတို့ကို ကျွန်မကလူကြောင်တော့ ဘယ်ကစနှုတ်ဆက်ရမှန်းမသိတာနဲ့ ထွက်ခဲ့တာ ခနေနေတော့ အစ်မတို့ဘက်ကိုနောက်တစ်ခါလျှောက်ခဲ့သေးတယ် နှုတ်ဆက်ခြင်လို့ နှစ်ခါတောင် အူကြောင်ကြောင်နဲ့ အခုဘလော့မှာ လာနှုတ်ဆက်တာနော် အပြင်မှာ မနှုတ်ဆက်ဖြစ်လို့ :)
ခင်တဲ့ ညီမလေး