Thursday, September 3, 2015

Facebook updates about kids ( 2015 August)

 
မျက်ကွယ်ရာရောက်နေတုံး အငယ်ကောင်ရဲ့ "အဟန့် ..အဟန့် အဟန့်" ( အသံထွက်မှန် အကြိမ်ရေမှန်).. ငိုသံကြားလို့ ပြေးကြည့်လိုက်ရင် .. အကြီးက မလှမ်းမကမ်းမှာ သူ့သူ ဆော့လို့... အငယ်ကလဲ ခုန အသံထွက်လာတာ သူမဟုတ်သလို တယောက်တည်း ထိုင်ဆော့လို့ .... ငါပဲ နားကြားလွဲသလား ဇဝေဇဝါဖြစ်...။
အဖြစ်မှန်မှာ....
- အငယ်ကိုင်ထားတဲ့ ကစားစရာ/စာအုပ်/ခရေယွန် စသည် တခုခုကို အကြီးက မသိမသာယူ ...ဆွဲယူ.. ( သူများကိုင်ထားတဲ့ ပစ္စည်း လု မယူရဘးပြောထားလို့ ) ၊
-အကြီးလက်ထဲ လုံးဝရောက်သွားရင် အငယ်က "အဟန့် ..အဟန့် အဟန့်" ထ ငို...၊ -အငယ်ဆီက အသံထွက်လာတာနဲ့ အကြီးကလက်ထဲကပစ္စည်း အငယ်လက်ထဲ ကပျာကယာပြန်ထိုးထည့် ပြီး ဟိုဘက်လှည့် တခုခုကိုင်ဆော့နေ..
-အငယ်က သူ့လက်ထဲ ပစ္စည်းပြန်ရောက်တာနဲ့ အသံလုံးဝ တိတ်

ဇာခန်းဆီးနောက်ကွယ်ကနေ ချောင်းကြည့်ထားတာ ...

သမီးလေးကတွေ့တဲ့စာကို စာလုံးပေါင်းဖတ်ချင်တယ်.. ဆရာလုပ်လဲ မခံချင်ဘူး..
- ရထားစီးတာနေရာရတော့ ကျောမှီက Reserved seat ဆိုတဲ့ စာကို စာလုံးပေါင်းဖတ်တယ်... reserved ပြီးရင် ခဏရပ်ရမယ်..အဲဒါက တလုံး seat က တလုံး လို့ ပြောတာ ဘယ်လိုမှ ပြောမရ.... အတွဲလိုက်ကြီးဖတ်ပြီး.. အားလုံးပြီးမှ အသံထွက်ထွက်တယ်။
- သူ့ကျောင်းယူနီဖောင်းရင်ဘတ်မှာ Hmone လို့ ကျောင်းကနေ နာမည်ရေးပေးထားတယ်.. အဲဒါ သူ့နာမည်ရေးထားတာမှန်းသိတော့ "H-m-o-n-e မှုံနံ့သာ" တဲ့... ။ မှုံ လို့ပဲရေးထားတာ သမီး.. နံ့သာ မပါသေးဘူး ပြောလို့ စိတ်ကောက်ရသေးတယ်..
- တနေ့က မက်ဒေါ်နယ်စားတော့ လင်ဗန်းနှုတ်ခမ်းက စာ ကိုပေါင်းဖတ်နေပြန်တယ်...
McDonald's Earth Effort အဲဒီစာအရှည်ကြီး တလုံးစီပေါင်းဖတ်ပြီး မက်ဒေါ်နယ် လို့ အသံထွက်လိုက်တယ်.. အဖေနဲ့ အမေမှာ သူစိတ်ထပ်ကောက်မှာစိုးလို့ ကျိတ်ရယ်ရတယ်..

တညနေလုံး ရေတွေသဲတွေနဲ့ဆော့
အိမ်အပြန်လမ်း တနာရီခရီးနဲ့ အိမ်မှာ မအေ အကုန်ရှင်းလင်းရေးပြီးတဲ့ထိ အိပ်မောကျ..
မအေ အိပ်ရာဝင်ကာနီးမှ ကြည်လင်လန်းဆန်း ကံ့ကော်ပန်းကြီးလို ပြုံးဖြဲဖြဲနဲ့ အိပ်ရာထဲက ထ လာရင်
ဗေဒင်မမေးနဲ့
အဲဒါ Hmone Nathar ပဲ

မောင်လေးလက်ကို ကိုင်ရဖို့အရေး မမမှာ ဘေးက ကပ်လိုက် လစ်ရင် လက်လှမ်းကိုင်.. အငယ်ကောင်က မမလက်ပုတ်ချ.. မမက ချစ် လို့ လေ.. လက်ကိုင်မယ်လေ နဲ့ တတွတ်တွတ်ပြောလာ ( အငယ်က နားလည်မလည်မသိ) .. ၃ ခါလောက်ရုန်းအပြီး ကိုင်ခွင့်ရ

သူတို့ ၂ ယောက်ဒါ ပထမဆုံး လက်တွဲဖူးခြင်း


သူ့ဟာသူ စိုက်စိုက်စိုက်စိုက်နဲ့ ဟပ်ထိုးလျှောက်တယ်
သူ့လက် ဘယ်သူလာတွဲတွဲ ဆောင့်ရုန်းတဲ့ အငယ်ကောင်
 


မှုံမှုံ ဆာဝန်မကြီးလုပ်မယ်
ဖေဖေ အိပ် .. ဖေဖေ နေကောင်းဝူး
ဖေဖေ ဆေးတိုက်မယ် ( ခွက်အလွတ်ကို ပါးစပ်နားတေ့ စောင်း သွန်ချ) .. Say ... Ahhhhh...
ဖေဖေ say...Ahhhhh
ဖေဖေ ချိုင်းမြှောက် အပူချိန် တိုင်းမယ်
)

သူ့အဖေ ရေချိုးပြီး အကျီမဝတ်ရသေးခင် တဘက်လှမ်းဖို့ အပြင်ထွက်လာတယ်..
အပြင်မှာထိုင်နေတဲ့သမီးလုပ်သူက"ဖေဖေ့ .. အကျီအရင်လဲလိုက်အုံး.. ရှက်ဖို့ကောင်းတယ် " တဲ့
သူ့အဖေ " ဟုတ်ကဲ့ ဟုတ်ကဲ့ " ဆိုပြီး ကုပ်ကုပ် ကုပ်ကုပ်နဲ့ အထဲပြန်ဝင်သွားတယ်

တီဗီက မစ်ကီမောက်စ်ကာတွန်းလာတော့ မောင်မောင်လှုပ်လှုပ်ရွရွဖြစ်လာတယ်.. ဆင့်ထပ်ထားတဲ့ အရုပ်ပုံးတွေကိုပုတ်ပြပြီး အရုပ်ထုတ်ခိုင်းတယ်.. မစ်ကီမောက်စ်နဲ့ မီနီမောက်စ်တရုပ်စီပွေ့ပြီးမှ ကာတွန်းကားဆက်ကြည့်တယ်..
- မောင်မောင်က nursery rhymes ပဲ ကြည့်တယ်.. သူကြည့်တဲ့ ကာတွန်းက မစ်ကီမောက်စ်တခုပဲ ရှိသေးတယ်
- မှုံ ကြိုက်တာက Shawun, the sheep နဲ့ Tom & Jerry .. သူက ၄ နှစ်ပြည့်ပြီးနောက်ပိုင်း nursery rhymes တွေ စိတ်သိပ် မဝင်စားတော့ဘူး ..

တီဗီကြည့်ရင်းစားပွဲပေါ်နဲ့ နံရံကို လျှောက်ခြစ်ထားတာ.. တနေ့ကတခါခြစ်ကတည်းက မလုပ်ရဘူးပြောပြီးသား .. ဒီနေ့ထပ်လုပ်လို့ ကိုယ်လုပ်ထားတာ ကိုယ်ပြန်ဖျက်ရမယ်.. ဖေဖေပြန်လာလို့မြင်ရင် ညည်းကို ဆူလိမ့်မယ်လို့ ပြောလိုက်တာ ( သူ့အဖေဖြင့် သူ့တခါမှ မဆူဖူးပဲနဲ့) မျက်စေ့မျက်နှာတွေပျက်ပြီး အသည်းအသန်လိုက်ဖျက်နေတယ်.. နံရံကခြစ်ရာက ဖျက်မရတော့ .. မေမေနော်.. မှုံမှုံ့ ကို လာကူဖျက်ပေးပါဆိုတာ မလာဘူး.. မေမေရိမ်မာဘူး.. မေမေဆိုးတယ်နဲ့ ပွစိပွစိလုပ်နေတယ်...
ဘယ်ပန်းချီဆရာလင်မယားဆိုလဲ သူတို့ ကလေးတွေ ခြစ်ချင်ရာခြစ်ဖို့ နံရံတဘက်ပေးထားတယ်ဆိုတာ ဖတ်ဖူးတယ်..
နတ်တလင်းအိမ်အပေါ်ထပ်က အိမ်တိုင်တခုရဲ့ ဒူးလောက်အမြင့်နေရာမှာ မြေဖြူခဲနဲ့ နငယ်ကိုပြောင်းပြန်ရေးထားတဲ့ ကိုယ့်လက်ရာလေးကို သတိရတယ်..


Tom and Jerry ကြည့်ပြီး ဝမ်းခေါင်းသံကြီးနဲ့ ထ ထ ရယ်တာများ ငိုက်နေတဲ့ အမေလုပ်သူတောင် လန့် သွားတယ်....
မှုံမှုံ


No comments: