Wednesday, September 21, 2016

Sunday School



တနင်္ဂနွေနေ့တိုင်းသွားရတဲ့ ဘုန်းကြီးကျောင်းမြန်မာစာအတန်းအတွက် ဗလာစာအုပ်အသစ်ထုတ်တော့ နာမည်ရေးတယ်။
နာမည်ကလွဲလို့ ကျန် ၂ ကြောင်းကို ဘယ်လိုပေါင်းတယ်ဆိုတာ ပြောပြရတယ်။ မပေါင်းတတ်လို့ မေးပေမဲ့လဲ ကွန်ပလိန့်အများသားပါပဲ ..။ ဘုန်း ကို ဘယ်လိုပေါင်းသလဲ မေးလို့ ပါးစပ်က ပေါင်းပြတော့ ဖုန်းကြီးကျောင်းပါဆို ဘုန်း မှ မဟုတ်တာ.. ဖဦးထုတ်နဲ့ပဲ ပေါင်းမယ်လုပ်ပါတယ်...။ တချို့စကာူးလုံးတွေကပါးစပ်က အသံထွက်နဲ့ စာလုံးပေါင်းနဲ့ မတူကြောင်း နည်းနည်း အာပေါက်ပါတယ်။ ကြီး ကိုပေါင်းခိုင်းတော့ ပိုဆိုးတယ်..။ ဖုန်းရီးကျောင်း( အသံထွက်အတိုင်းမှတ်ထားပြီး ) ကကြီး ရရစ် မရေးဘူး.. ရီး ကို ဘယ်လိုပေါင်းသလဲပဲ ပြောပြလို့ ဆိုတယ်.။ အမြုပ်ပါထွက်ပီး ကျောင်းကျမှ ဆရာမကိုပါ မေးကြည့်ဖို့ပြော ၊ မနည်းဖျောင့်ဖျမှ မရေးချင့်ရေးချင်နဲ့ ဘုန်းကြီးကျောင်းကိုရေးတယ်။
ဒီနေ့ ကျောင်းအသွား ဘတ်စ်ကားပေါ်မှာ " ဘုန်းကြီးကျောင်းသား..အကောင်းစား..ဘုန်းကြီးကျောင်းသား အကောင်းစား" နဲ့ သီချင်းဆိုလာတယ်။ ဘယ်က ကြားလာလဲ ဆိုတော့ ဟိုးတခါတုံးက ဆံထုံးလေးနဲ့ သူငယ်ချင်းက ပြောတာတဲ့ ..။ ဘယ်သူ ဘယ်တုံးက သင်ပေးလိုက်တယ်တော့မသိဘူး ။


ကျောင်းထဲကထွက်ကတည်းက ပြောလာတယ် ..။ ဋ ၊ ဌ ၊ဍ တွေ မရေးတတ်တော့ဘူး..မေ့ကုန်ပြီလို့ပြောတယ် ။ အိမ်ရောက်လို့ စာအုပ်လှန်ကြည့်မှ ဆရာမ စာခေါ်ထားတာ သူမရေးတတ်လို့ ကျော်ချသွားတာပဲ .. ရေးခဲ့တာတွေအတွက် စနိုးဝှိုက်စတေကာရလာလို့ အပျော်လွန်နေတယ်။

"မေမေ.. ဝ ကိုလေ .. မောက်ချနဲ့ ထိစရာလဲ မလိုဘူး.. မှုံမှုံရေးသလိုပဲရေးပါ ...... " တဲ့ ။
ဖတ်စာအုပ်ကိုင်ပြီး အမေကိုဆရာပြန်လုပ်သေးတာ ..။
ဠ ကို လွယ်အောင် ကိုယ်တွေရေးသလို င တခါရေး အောက်က စတုရန်းတဖက်ဖွင့်လေးတခါရေးနည်းသင်ပေးတာ,. လိုက်မရေးဘူး
ဖတ်စာအုပ်လှန်ကြည့်ပြီး ဠ ရေးရင် တချက်တည်းဆွဲရတာမို့လို့ မြားတချောင်းထဲ ပြထားတာတဲ့.. မအေ ကို ဆရာပြန်လုပ်ပြီး ဖတ်စာအုပ်ထဲကအတိုင်းရေးတယ်။
အမေရေးပြတာကို ဖတ်စာအုပ်နဲ့ တိုက်ကြည့်ပြီး လိုက်ပြောနေတာ။
မ ရေးတာ အထဲက အဆံ ကြီးနေလို့ တခါ အပြောခံရသေးတယ်။


 

No comments: