Friday, November 5, 2010

ဖေဖေ



တစ်ခုသောသီတင်းကျွတ်လပြည့်ညမှာ ဖြစ်ပါသည်။ အသက် ၄၀ ကျော်အရွယ် “သူ”သည် ၂ လသား ရွယ် သမီးအငယ်ဆုံးလေးကိုပွေ့ချီကာ လရောင်ထိုးကျနေသော အိမ်ဧည့်ခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း  သူ့လက်ပေါ်မှာ ခြေကားယား၊လက်ကားယားလုပ်နေသော သမီးလေးကို ငုံ့ကြည့်ရင်း စကားတွေပြောနေသည်။ “ငါ့သမီးလေး မျက်နှာက ဝိုင်းစက်နေလိုက်တာ ဖိုးလမင်းကြီးလို ဝင်းပ နေတာပဲ …။ သမီးလေးနာမည်ကို လမင်းကြီးလို လင်းထိန်နေအောင် “---“ လို့ နာမည်ပေးမယ်ဟေ့”  ဟု အိမ်သားများကို လှမ်းပြောလိုက်သေးသည်။ (အသက် ၅ နှစ်ပြည့် ကျောင်းသွားအပ်တော့ မိခင်ဖြစ်သူက နေ့နာမ်ကိုက်အောင်ရှေ့ဆုံးတစ်လုံး ထပ်ပေါင်းထည့် လိုက်သည်မှအပ ဗေဒင်မမေး၊ ဇာတာမတွက်ပဲ ဖခင်က လက်တန်းပေးခဲ့သော ထိုနာမည်ကို ကောင်မလေး အလွန်မြတ်နိုးပါသည်။ )

နောင် ၆ နှစ်၊ ၇ နှစ်ခန့်အကြာ
တချို့သောနွေညများ၏ ညစာထမင်းစားပြီးကာစ၊ အိမ်ရှေ့ခြံဝင်းတွင်း မြေပြောင်ပြောင်တွင် ယှဉ်လျက်ချထားသော ထန်းပလတ် ပက်လက်ကုလားထိုင် အကြီးတစ်လုံး၊ အသေးတစ်လုံး နှင့် ထိုကုလားထိုင် နှစ်လုံးပေါ်တွင် လူကြီးကြီးတစ်ယောက်၊ လူသေးသေးတစ်ယောက် အေးအေးလူလူ ထိုင်နေသည်ကို အိမ်နီးချင်းများ၊ လမ်းသွားလမ်းလာများ အမြဲတွေ့ရတတ်သည်။  လမ်းပေါ်က အော်ရောင်းသွားသော မြေပဲလှော်၊ ပြောင်းဖူးစေ့လှော်တို့ကို ဝယ်စားရင်း စကားစမြည် ပြောနေသံကိုလည်း တခါတရံ ကြားရတတ်သည်။ (အစ်ကိုအစ်မများမှာ အိမ်ထဲတွင် ကာတွန်းစာအုပ် ဖတ်ချင်ဖတ်၊ လမ်းပေါ်ထွက် ကစားချင်ကစားနေတတ်ကြသည်။ သူတို့ ကစားဝိုင်းတွင် ပါလေရာငပိချက်သာ လုပ်ရသော လူသေးသေးမှာ အဖေနားသာ ကပ်နေတော့သည်။)

သူတို့နှစ်ယောက်ဘာတွေများ စကားစမြည်ပြောနေကြပါလိမ့် ….။ နားစွင့်ကြည့်လျှင်
တခါတလေ လူကြီးကြီးကရှေ့မှ ချပေးသည်ကို လူသေးသေးက လိုက်ဆိုနေသံ … 

“ အစွယ်ကိုလိုသူမိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ဘုရာ့ကျွန်တော်၊ ကြံဖော်ကြံဖက် (ဤနေရာတွင် အဖေလုပ်သူက အသံသြကြီးနှင့်ဆိုပြသည်ကို ကောင်မလေးအလွန်သဘောကျသည်)၊ သုံးဦးသား အနက်တွင်မှ ၊ ကံကွက်ကျား၍၊ ငမိုက်သားမုဆိုးလေ…………..”

“ဟဲ့ နော် .. လုဒ္ဒက ၊ ဆင်စွယ်ကိုမှ မရလျှင်၊ ဇီဝနတ္ထိ၊ နင်သေမည်သိစဟု…” ဤ အပိုဒ်ကို ပထမဆုံး လိုက်ဆိုသောအခေါက်က ကောင်မလေး ကွန်ပလိန့်တက်သည်။ သူသိသော မုဆိုးအမည်မှာ မြဝတီ၊ ငွေတာရီမဂ္ဂဇင်းထဲမှ ကာတွန်းအောင်ရှိန်၏ ဇာတ်ကောင် “လုဒ္ဒကိ” ဖြစ်နေသောကြောင့်တည်း၊  (ငယ်ငယ်က သူ့အဖေနောက်ကလိုက်ဆိုရင်း အလွတ်ရခဲ့သည်မှာ ဆဒ္ဒန်ဆင်မင်းဇာတ်မှန်း ၁၀ တန်း ရောက်မှ ကောင်မလေး သိလေသည်။)

တခါတရံတော့ ဘေးလူနားမလည်သောစကားများကို တစ်ယောက်တလှည့်ပြောနေကြသေး၏။ ကောင်မလေးဖတ်ထားပြီး ပြန်ပြောပြထားသော အောင်ရှိန်၏ကာတွန်းစာအုပ်ထဲက ဇာတ်လိုက် ကြာဇံ တောလည်ထွက်ရင်း လူရိုင်းများနှင့်တွေ့၍ အသက်လုပြေးခန်းပေ…။  

လူသေးသေး(လူရိုင်းများ) ။   ။ ဟောင်ကိတ်၊ မပြဲ့နေး

လူကြီး(ကြာဇံ)။   ။ ပြယ်မေး
(လူရိုင်းများလိုက်ဖမ်း၍ ကြာဇံထွက်ပြေး)

လူကြီး(ကြာဇံ)။  ။ ဟိုက်… ရှေ့မှာချောင်းကြီးပါလား၊ ဒုက္ခပါပဲ၊ လိပ်ညီနောင်တို့ ကျုပ်ကိုကယ်ကြပါအုံး (ဤအပိုဒ်တွင် စိုးရိမ်ပူပန်နေသောကြာဇံ့အသံ တုန်တုန်ရင်ရင်နှင့် ဆိုပြလျှင် ကောင်မလေး သဘောကျ၍မဆုံးပြီ။ )

(ချောင်းထဲမှာပေါ်လာသော လိပ်ညီနောင်ကို အကူအညီတောင်း၍ လိပ်တစ်ကောင်စီ၏ ကျောကုန်းပေါ်တွင်ကြာဇံခြေဖဝါးတစ်ဖက်စီတင်ထား၊ လိပ်များရေကူးသွားသောအခါ ကြာဇံရေပေါ်မှာ ရွေ့သွားသည်ကို တဘက်ကမ်းမှာ ကျန်ခဲ့သောလူရိုင်းများကြည့်၍)

လူသေးသေး(လူရိုင်းများ) ။   ။ ထန်းဆူး..ရောက်ပေါ်ရှေ …………….. အလေးလို ….
(ကြာဇံကိုကြည့်၍ လူရိုင်းများအံ့သြထိတ်လန့်ကာ ထွက်ပြေးခန်းတွင် သူတို့ပြဇာတ် အမြဲ အဆုံးသတ် လေသည်။ )
** ဆရာအောင်ရှိန်၏ လူရိုင်းစကားများ အဓိပါယ်မဖော်တတ်ပါက စုံစမ်းမေးမြန်းနိုင်ပါသည် :P

တစ်ခါကလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခန်းအနားတစ်ခုတွင် မူလတန်းကလေးများကို နေ့တစ်ဝက်ကျောင်းပိတ်ပေး၍ အလယ်တန်း၊ အထက်တန်း ကျောင်းသားများကို မြို့နယ်ပညာရေးမှူး ဆရာကြီးက ဟောပြောနေသည်။ မိခင်ဖြစ်သူဆရာမနှင့် အတူအိမ်ပြန်ရမည့် မူလတန်းကျောင်းသူ ကောင်မလေးက ခန်းမ၏နောက်ဆုံးတန်းမှ ဆရာမများကြားတွင် ထိုင်နားထောင်နေရာမှ တစ်ချက်တွင် ဘေးကဆရာမကို “အန်တီဆရာမ….. ဖေဖေပြောနေတာ တို့ကျောင်းသားစာအုပ်ထဲကပုံပြင်ကြီး” ဟု တိတ်ဆိတ်နေသောခန်းမထဲမှာ အသံကျယ်ကြီးနှင့် ထပြောရာ ဆရာမမှာ သူ့ပါးစပ်ကို ကမန်းကတန်း လိုက်ပိတ်လိုက်ရသည်။ သူ့အဖေပြန်သိတော့ လူပုံအလည် အရှက်ခွဲသောသမီးကို  တဟားဟား ရယ်ကာ သဘောကျရှာလေသည်။

အမေက ကောင်မလေး ၇ တန်းကျောင်းသူအရွယ်ကစလို့ ရာထူးတိုးစယူကာမြို့ခြား၊ ပြည်နယ်ခြားတွေထိ သွားရသည့်ပြင် အစ်ကိုအစ်မများကလည်း တက္ကသိုလ်သွားသူသွား၊ အလုပ်ဝင်ပြီး အိမ်နှင့်အဝေး ရောက်သူရောက်ဖြစ်ရာ အရွယ်မရောက်သေးသော ကောင်မလေးအတွက်နှင့် အဖေမှာ ရာထူးတိုး မယူရတော့ချေ။ မြို့ကလေးကအိမ်မှာ ကျန်ခဲ့ရသော သားအဖနှစ်ယောက် ထမင်းဆိုင်မှ ချိုင့်ဆွဲသည့်အခါဆွဲ၊ ဆိုင်ထမင်းဟင်း ညည်းငွေ့သည့်အခါ အဖေ့ညီအိမ် ထမင်းသွားစားသည့်အခါစားနှင့် အဖေနှင့်သမီး တစ်ယောက်တစ်ယောက် အဖော်ပြုနေကြရသော နေ့ရက်များပင်ဖြစ်သည်။

မူလတန်းကျောင်းသူဘဝက အဖေနမူနာထိုးပြခဲ့သောလက်မှတ်ကို တသက်လုံး ထိုးမြဲလက်မှတ်အဖြစ် သုံးခဲ့သော၊ ငယ်ငယ်က အဖေ့လည်ပင်းက အသားပိုလုံးလေးများကို ပဲပြုတ်တွေဟု ဆိုကာ ဆွဲနှုတ်တတ်သော၊ အပျိုပေါက်ဖြစ်စ ၈ တန်းကျောင်းသူအရွယ်ထိ (ကယ်ရီယာမှာ လူတင်၍ မစီးတတ်သော) အဖေ့ရာလေး စက်ဘီး ရှေ့ဘားတန်းတွင်စီးတတ်သော ၊ တစ်ယောက်တည်း အိပ်ရာ ခွဲမအိပ်ခင်ထိ အဖေနှင့်သာအမြဲတူတူအိပ်သော ထိုကောင်မလေးကို အဖေ့အသည်းကျော်ဟု မြို့ကလေးက သတ်မှတ်ထားပါသည်။

အဖေ့သမီး၊ အဖေကိုအလွန်ချစ်သူဟု အများသတ်မှတ်သောကောင်မလေးသည် အဖေ စိတ်ထိခိုက်ရလေအောင် ပညာရှိနည်းနှင့် လူမသိသူမသိ နှိပ်စက်ခဲ့ဖူးသေးသည်။ အသက် ၃၀ ကျော်မှ အိမ်ထောင်ကျသောအဖေ၏ အထွေးဆုံးသမီး ကောင်မလေး ၁၀ တန်းအောင်သောနှစ်တွင် သူ့အဖေ ပင်စင်ယူပါသည်။ ၁၀ တန်းမှာ အမှတ် ၄၀၀ ကျော်ရသော်လည်း အသက်မွေးဝမ်းကျောင်းတက္ကသိုလ် တစ်ခုမှ အမှတ်မမီနိုင်သောကောင်မလေးသည် တစ်အိမ်လုံးက နေ့ကျောင်းတက်ရန် ဝိုင်းဖျောင်းဖျသည့်ကြားက အဝေးသင်တက္ကသိုလ်ကိုသာအတင်းလျှောက်၍ ဂျီတီအိုင် ဝင်ခွင့်စာမေးပွဲကို ရအောင် ဖြေခဲ့သည်။ ဂျီတီအိုင် ၃ နှစ်မှာ အဆင့်မီလျှင် အာရ်အိုင်တီ ပေါင်းကူးဖြေကာ တတိယနှစ်မှ စတက်နိုင်မည့် အခွင့်အရေးကိုကောင်မလေး မျှော်လင့်ခဲ့လေသည်။ သို့သော် သူတို့နှစ်ကျမှ 96 အရေးအခင်းနှင့် ကြုံ၍ ပေါင်းကူးဝင်ခွင့်က ဖြေရနိုး၊ ဖြေရနိုးတော်တော်နှင့် မဖြေရခဲ့၊ အတူတူ သူငယ်ချင်းများလိုလည်း ရန်ကုန်မှာသွားနေကာ ဝင်ခွင့်ကျူရှင် ပုံမှန် တက်မနေနိုင်သော ကောင်မလေး သည် မြို့ကလေးတွင်သာ ၁၀ တန်းစာပြရင်း ကိုယ်တိုင်လည်း ဝီရိယနည်းကာ စာတွေနှင့် ဝေးသည်ထက်ဝေး၊ တကယ်ဖြေရမည်ဆိုတော့ ၃ ရက်အလိုမှ ကြိုသိခဲ့ရသည်။ ဘာစာမှ ဖတ်ပြီးသား အဆင်သင့်မရှိ၊ အရှုံးကိုလည်း ရင်မဆိုင်ရဲသော ကောင်မလေးသည် ဖခင်ကို စာမေးပွဲ ဝင်မဖြေပါမည့်အကြောင်း ခွင့်တောင်းပုံမှာ “သမီးမှာ ဘာစာမှလည်း ပြင်ဆင်မထားရဘူး.. ပါခဲ့ရင်တောင် ကျောင်းဆက်ထားဖို့ ဖေဖေတို့မှာ အခက်အခဲဖြစ်မယ်။ သမီးဝင်မဖြေတော့ဘူး” ပါတဲ့..။ တကယ်က ကိုယ်စာမရတာ ၈၀%၊ ကျောင်းစရိတ်ခက်ခဲမှာ စိတ်ပူတာက ၂၀%ဖြစ်ပါသည်။ သမီး၏ဆန္ဒကို အမြဲလိုက်လျောနေကျ ဖခင်ကလည်း ခွင့်ပြုပါသည်။ 

တကယ့်တကယ်ဝင်ခွင့်တွေဖြေပြီး ဂျီတီအိုင်တုံးက ၃ နှစ်လုံး တစ်ခုံတည်းတူတူထိုင်၊ စာတွေပြိုင်ခဲ့ကြသော အခင်ဆုံးသူငယ်ချင်းမလေး နှစ်ဦးက ကျောင်းတွေသွားတက်ကြ၊ ကျောင်းပြန်လာတိုင်း အိမ်လာလည် ကျောင်းအတွေ့အကြုံတွေ ပြောပြကြလေသောအခါ ကောင်မလေးမှာ ကိုယ်တိုင်ရွေးချယ်ခဲ့သော လမ်းပေါ်မှာ ဝမ်းနည်းပက်လက်ဖြစ်ရသည်။ ကိုယ့်ဘာသာ စာမကြည့်ရသေးပဲ ရှုံးမည်ကိုကြောက်လို့ စာမေးပွဲဝင်မဖြေတာ ဖြစ်ပါလျက် အိမ်ကိုငဲ့၍ပဲ ဝင်ခွင့်ကို ဝင်မဖြေသယောင်ယောင် လူသူတော်ကောင်းကြီး လုပ်ကာ ချစ်သောဖခင်ကို တစ်ဖက်လှည့်နှင့် “သမီးလုပ်သူကို အတင်းဝင်မဖြေခိုင်း လိုက်ရခြင်း၊ အတူတူတွေက ဘွဲ့ရနေချိန်မှာ သမီးလုပ်သူက ဒီပလိုမာလက်မှတ်လေးနှင့် မျက်နှာငယ်ရလေခြင်း” ဟု နောင်တရစေသေးသည်။ တကယ်မိုက်မဲခဲ့သော ကောင်မလေး ဖြစ်ပါသည်။ 

*** နောက်မှ B-Tech ဆိုတာပေါ်လာ၊ ထိုမှတဆင့် BE ဘွဲ့တစ်ခုကို ကျူရှင်သင်ရင်း ယူခဲ့ရသော ကောင်မလေးသည် သူ့ BE ဘွဲ့ကို သူ့သူငယ်ချင်းများ၏ bond အထပ်ထပ် ချည်နှောင်ထားသော PhD ဘွဲ့ထက်နှစ်သက်ကြောင်း၊ ဘွဲ့ကြီးကြီးအရ အသက်ငယ်ငယ်နှင့်ရာထူးကြီးကြီးရထားသော်လည်း စိတ်ဖိစီးမှုနှင့် အတက်အကျမြန်လွန်းသော ဌာနမှ သူ့သူငယ်ချင်းများသည် သူ့ရာထူး၊ သူ့အလုပ်ကို အားကျနေကြောင်း  (ဟုတ်ဟုတ်၊ မဟုတ်ဟုတ်) ပိုပိုသာသာလေး မကြာမကြာပြောပေးရင်း ဖခင်၏ရင်ထဲမှာ သူစိုက်ပေးခဲ့သော ဆူးတစ်ချောင်းကို သူကိုယ်တိုင် တဖြည်းဖြည်း ပြန်နှုတ်ခဲ့ရပါသည်။ 

ဖေဖေ့အကြောင်းတွေ ဆက်ရေးရရင် ဆုံးခန်းတိုင်မှာမဟုတ်လို့ ဒီမှာပဲ ရပ်လိုက်ရပါသည်။

ချစ်ရသောဖေဖေ ဒီကနေ့  ၂၀၁၀ခုနှစ်၊ နိုဝင်ဘာ ၅ ရက်နေ့မှာကျရောက်တဲ့ “၇၈ နှစ်” မြောက်မွေးနေ့မင်္ဂလာ အမှတ်တရ

bonus;  (ကျောင်းဆိုဒ်မှာ ရေးခဲ့ဖူးတဲ့ ဖေဖေ့အကြောင်း )

သက္ကရာဇ် 2,000 ဝန်းကျင်ကာလဆီကဖြစ်သည်။ အငြိမ်းစား ဆရာကြီး ဦး......တစ်ယောက် အခြားမြို့မှာနေသော သမီးကြီးထံ ဖုန်းဆက်ရန် မြို့ကလေး၏ လက်လှည့်အိတ်ချိန်းရုံးဝန်းထဲသို့ စက်ဘီးကလေးဖြင့် ဝင်လာသည်။ ထိုစဉ်က အော်တိုအိတ်ချိန်းမတပ်ဆင်ရသေးသောကြောင့် လက်လှည့်အိတ်ချိန်း ရုံးကလေးမှာ အမြဲလို လူစည်ကားနေသည်။ လူ ၄- ၅ယောက်စောင့်ပြီးနောက် ဆရာကြီးအလှည့်ရောက်လာသည်။ နားကျပ်ကြီးတပ်ထားသော အလှည့်ကျ အော်ပရေတာက
“ဆရာကြီး ဘယ်ခေါ်မလဲ …”

ဆရာကြီးသည် အကျီင်္အိတ်ကပ်ထဲမှာ အသင့်ထည့်ထားသည့် သူ့သားမက်၏ရုံးဖုန်းနံပါတ် ရေးထားသော စာရွက်ပိုင်းကလေးကို ထုတ်ပေးလိုက်သည်။ အရင်တစ်ခေါက်က ဖုန်းနံပါတ်အလွတ်ရသည်ဆိုကာ အိတ်ချိန်းရုံးရောက်ပြီးမှ မေ့သွား၍ အိမ်တစ်ခေါက် ပြန်ကာ ဖုန်းနံပါတ်ပြန်မှတ်ရသောအတွေ့အကြုံရှိထားပြီး ဖြစ်သည်။ ဒီတစ်ခါတော့ မလွဲတော့။
အော်ပရေတာသည် ထိပ်က ကြေးဝါချောင်းတပ်ထားသော ကြိုးတန်းလန်းအတောင့်ကလေးကို သူ့မျက်နှာချင်းဆိုင်ဘုတ်ပြားပေါ်က အပေါက်တွေထဲ ဟိုထိုးထည့်၊ ဒီထိုးထည့်လုပ်ပြီး ခဏအကြာ လိုင်းဝင်သွား၏။

“ ဟဲလို… ဘားအံကလား… ခဏကိုင်ထားပါ”
ထို့နောက်ဆရာကြီးကို ဖုန်းခွက်လှမ်းပေးလိုက်သည်။

“ဟဲလို အမိန့်ရှိပါရှင်၊_____ရုံးကပါ။” အသံဝဲဝဲမိန်းကလေးတစ်ယောက် ဖုန်းလာထူးသည်။

“ဟဲလို ….” ဆရာကြီးဦးထွန်းလင်း ဟဲလိုထူးပြီးနောက် အပြင်းအထန်စဉ်းစားနေသည်မှာ ဖုန်းလာကိုင်သော စာရေးမလေးကို ခေါ်ခိုင်းရန်… နာမည်…နာမည်….။ သူ့သမီးကြီး၏ခင်ပွန်း၊ သူ့သားမက်၏ နာမည်၊ ဘယ်လိုမှ အစဖော်လို့မရတော့ချေ။

“ဟုတ်ကဲ့ အမိန့်ရှိပါ၊ ဘယ်သူနဲ့ ပြောချင်လို့ပါလဲ” စာရေးမလေးအသံထပ်ထွက်၏။
ဖုန်းခွက်ကို လက်နှင့်ပိတ်ကာ အော်ပရေတာကိုမေးရ၏ ။

“ခင်စေးထန်း ၊ နင် မေနှင်းယောက်ျားနာမည် မှတ်မိလား”

အော်ပရေတာသည် ဆရာကြီးကို မရယ်ရဲသောကြောင့် မျက်နှာနီရဲလာသည်ထိ ရယ်ချင်စိတ်ကိုထိန်းကာ

“မမှတ်မိဘူးဆရာကြီး၊”

စိတ်နှလုံးဒုံးဒုံးချလိုက်သော ဆရာကြီးသည် ဖုန်းခွက်ကို ပါးစပ်ပြန်ကပ်ကာ

“ အေး အေး.. ဒါပဲနော်” ဟု တစ်ဖက်မှ မိန်းကလေးကို (ဘာမှလည်း မပြောရသေးပဲ) နှုတ်ဆက်ကာဖုန်းချလိုက်၏။

“ ငါအိမ်တစ်ခေါက်ပြန်လိုက်ဦးမယ်၊ ဘယ်လောက်ကျသလဲ အခုတစ်ကော(call) ”

ထို့နောက် ဖုန်းရုံးနှင့်အနီးဆုံး သူ့ညီအိမ်သို့ သူ့သားမက်အမည်သွားမေးပြီးမှ (ထိုအိမ်မှ ဝိုင်းဝန်းရယ်ပွဲဖွဲ့ခြင်းကိုခံလာပြီးမှ) စက်ဘီးကလေးစီးကာ ဆရာကြီးနောက်တစ်ခေါက်ပြန်ဝင်လာလေသည်။.

.
နောက်အခေါက်များတွင်ဆရာကြီးဖုန်းလာဆက်သောအခါ စာရွက်ပိုင်းတွင် သူ့သမီးအမည်၊ သူ့သးမက်အမည်နှင့် ဖုန်းနံပါတ်ကို
ပြည့်ပြည့်စုံစုံမှတ်လာသည်ကိုတွေ့ကြရ၏။....... သြော်...... မေ့တတ်တဲ့ ဖေဖေရယ် ......။


14 comments:

ZT said...

အော်။ အောင်ရှိန် ကာတွန်း ဖတ်ပြီး စင်ဒန်လား ဖြစ်သွားတာကိုး။

အဖေ့ အကြောင်း ရေးထားတာ ရှိတယ်။ ၇၅ နှစ်ပြည့်တုန်းက တင်မလို့။ နေ့ရွှေ့ညရွှေ့နဲ့ မတင်ဖြစ်ဘူး။ ၇၆ နှစ်ပြည့်မှပဲ တင်တော့မယ်။ :D

သစ်သစ် said...

မမဆင် ပို့စ်ကို ဖတ်ပြီး သစ်အဖေတောင်သတိရသွားပြီး(

Vista said...

း( သူများအဖေတွေများအသက်ရှည်ကြတယ် ကံကောင်းလိုက်ထှာ .. တန်ဖိုးထားပါ မမစင်

Min said...

ကောင်းတယ်ဗျို့
ဒါနဲ့ စင်စင် က နတ်တလင်း ကလား

Anonymous said...

ဟုတ်ကဲ့.. Min :)

pifpif

မောင်ဝေး said...

"Day Special & Night Sudy" ဆိုသည်မှာ ဘာအဓိပ္ပာယ်ဆောင်ပါလိမ့်ဟု အပြင်းအထန် စိတ်အာရုံကို စူးစိုက် ဖျစ်ညှစ်တွေးခေါ်ကြည့်ပါသော်လည်း၊ တိကျသောအဖြေကို သတ်မှတ်သိမြင်နိုင်စွမ်း မထမြောက်ပါသဖြင့်၊ ဤဘလော့ဂ်ပိုင်ရှင်သည် အလွန်ထူးပြားထွေဆန်းသည့် ဆောင်ပုဒ်ကြီးတခုကို ပိုင်ဆိုင်သူတဦးဖြစ်ပေသည်တကားဟုသာ နားလည်လိုက်မိတော့သည်။

Anonymous said...

ကိုမောင်ဝေး... နောက်ဆုံးတစ်လုံးက စာလုံးပေါင်းမှားနေတာဗျ... ဟီး...
နန်းညီကိုပြင်ပေးဖို့ ပြောထားပါတယ်...

pifpif

khin oo may said...

စင်စင်သိတ်ကံကောင်းတယ် . ဟိဟိ. စင်စင်ရှိရင် အိမ်မှာ နားညည်းလိုက်မဲ့အမျိုး. အခုဆိုရင် တိတ်ဆိတ်နေမှာလား..

busymozzee said...

တို့လဲ မဖေချစ်ပဲ.... :P

Anonymous said...

78နှစ်တောင်ပဲ။ ဒယ်ဒီကို ဂရိုက်စု..နော်။ ခင်စေးထန်းဆိုတာ ခင်စန်းငှေးကို မှားပြောတာလား။ နာမည်အရင်းလား။
ချစ်ရပါသော..
mm

:P said...

သူ့နာမည်က ခင်ဌေးစန်းတဲ့...
သူ့ကို ငါတို့ အိမ်ကလူတွေက တမင် နောက်ပြီး မခင်စေးထန်း လို့ပဲခေါ်တယ်..

Rita said...

နာမည်မှည့်တာ တူတယ်။ ရှေ့တစ်လုံးက နေ့နာမ်ကိုက်အောင် နောက်မှ ထပ်ထည့်တာ။

ဆက်ရေးပါ မမစင်။

Anonymous said...

ဖတ်လို့သိပ်ကောင်းတယ်စင်စင်.. ဆက်ရေးပါဦး။

မေဇင် said...

ဖတ်လို့ ကောင်းလိုက်တာ...