Tuesday, December 20, 2011

သမီးရဲ့ အဝတ်အစားတွေ...

မနေ့က သမီး (၉)လပြည့် ကျန်းမာရေးစစ်၊ ပေါင်ချိန်၊အရပ်တိုင်း၊ အမြင်၊အကြားအာရုံတွေ စစ်ဖို့ SGH (Singapore General Hospital) က Healthy Promotion Board ကိုသွားရတယ်။ အပြန် Vivocity ကို ဝင်ဖြစ်တယ် (ကြုံလို့ကြွားရရင် ကျွန်မ စင်ကာပူရောက်တာ ၄နှစ်ရှိတော့မယ်။ Vivocity အထဲကို ပထမဆုံးရောက်ဖူးတာပဲ... :P)။ ဆက်ကြွားရရင် တစ်ခါကလည်း သူငယ်ချင်း သဘောင်္သားက စလုံးမှာ ကမ်းကပ်တုံး ဖုန်းဝယ်ချင်တယ်ဆိုလို့ (မောင်ကြီးမအားလို့) လိုက်ပို့ရ တုံးက Simlim Square ကို စီးတီးဟောကနေ တက်စီနဲ့ပို့ပေးလို့ တဗျစ်ဗျစ်ပြောမဆုံးဘူး၊ အပြန် လည်း စီးတီးဟောထိ တက်စီစီးပြီးမှ MRT စီး ပြန်လာတာ။ ကျွန်မလည်း သူ့လိုပဲ Simlim Square ကို ပထမဆုံးအကြိမ်ရောက်ဖူးတာဆိုတာ သူသိမသွားရှာဘူး..... ဟိ။
အိမ်ထဲမှာပဲနေချင်ပြီး အပြင်ထွက်ရမှာ တွန့်ဆုတ်တဲ့အကျင့်က သမီးလေး ကြီးမှ ပျောက်မယ် ထင်တယ်။ ကိုယ်မသွားချင်ပေမယ့် ကလေးသွားချင်ရင်ပို့ပေးရမှာကိုး။

လိုရင်းမေ့ပြီးမှ ပြန်ကောက်ရရင် Vivo မှာ ခရစ်စမတ်နီးတော့ ဈေးတွေ ချနေတာတွေ့တယ်။ သမီးအတွက် အကျီ (၃)ထည် ဝယ်ဖြစ်တယ်။ သမီးအတွက် အကျီ ဝယ်ကိုဝယ်မယ် တိုင်ပင်ထားတာမို့ ဝယ်ဖြစ်အောင် ဝယ်ခဲ့ပါတယ်။ 30% တွေ ၊ 40% တွေ နဲ့ ၃ ထည်ယူရင် additional 10%  တွေ ဈေးချနေပေမယ့် စုစုပေါင်းတော့ ၇၀ နီးပါးကျတယ်။ (ကိုယ့်အတွက် ဆိုရင်တော့ ၄၀ ကျော်တန် အကျီဝယ်ဖို့ အခါ ၄၀ ရဲ့ ၈ပုံ၁ ပုံလောက်တော့ စဉ်းစားတာပါ)။ အိမ်မှာ အနေများတဲ့လူဖြစ်တာရယ်၊ ကိုယ်ရှာတဲ့ငွေ မဟုတ်တာရယ်ကြောင့်ပါ ...  မောင်ကြီး လာဖတ်မိရင် သနားသွားအောင် အဟိ

ဓာတ်ပုံပြန်ကြည့်တော့ ခရမ်းပြာလေးတစ်ထည်ပဲ လှတယ်။ ကိုယ့်အရည်အချင်းကိုယ် ပိုသဘောပေါက်သွားတယ်။ ဒါတောင် ဆိုင်ထဲ လူရှုပ်လွန်းလို့ အပြင်မှာကလေးနဲ့စောင့်နေတဲ့ မောင်ကြီးဆီ ၉၆ ခါလောက်သွားတိုင်ပင်သေးတာ။

သမီးနဲ့ ကျွန်မ စင်ကာပူကိုရောက်ပြီးမှ သမီးအတွက် ပထမဆုံး အကျီဝယ်ခြင်းပဲ၊ ဒီကအကျီဆိုလို့ သူများလက်ဆောင်ပေးတာတွေရယ်၊ အရင် မောင်ကြီးပြန်လာတုံးဝယ်လာတာတွေရယ်ပဲ။ ဒါတောင် ကလေးအဝတ်အစားတွေ မဝယ်နဲ့လို့ ကျွန်မက အမြဲမှာတာ...၊ သမီးလေးက အကြီးမြန်တော့ ၃၀ ၊ ၄၀ ပေးဝယ်ထားတဲ့ အကျီက၂ လလောက်နဲ့ သေးသွားပြန်၊ တခါတလေ ဝတ်တောင် မဝတ်လိုက်ရဘူး ၊ မောင်ကြီး ဝယ်လာတဲ့ ၂ လခွဲသမီးအကျီက လည်ဟိုက်၊ စကဒ် က ပေါင်လည်ဆိုတော့ ရွာမှာ ခြင်ကိုက် တာနဲ့ ဘယ်လိုလုပ်လိုက်ဖက်ပါ့မလဲ။ ကလေးပိစိအဝတ် ကို အဲ့လောက်ကြီး ပေး ဝယ်ရတာ လည်း နှမျောမိတယ်။ ကြီးလာလို့ ကျောင်းတက်တဲ့အချိန် ဆိုရင်တာ့ ဝယ်ရမှာပေါ့ (ကျောင်းဆိုလို့ မြန်မာလို ကောင်းကောင်း မရေးတတ်၊ မဖတ်တတ်မှာ စိုးလို့ ကျောင်းလည်း မြန်မာပြည်မှာပဲ ပြန်ထားရမလိုလို စိတ်ကူးရှိသေးတယ်၊ စိတ်ကူးတွေပါပဲ.. ဘယ်လိုဖြစ်လာမယ် မသိသေးဘူး) ။

ဖေဖေဝယ်လာတဲ့ အကျီနဲ့စကဒ်ဝတ်၊ ကာကွယ်ဆေးထိုးခံရပြီး ငိုပြန်လာတဲ့ ၂လခွဲ သမီးလေး
စင်ကာပူမှာကလေးအဝတ်အစားတွေ သိပ်ဈေးကြီးတယ်။ ကျွန်မကြိုက်တာတွေကလည်း ၅၀ ၊ ၆၀ တန်တွေ ဖြစ် ဖြစ်နေတယ်... :D။ အဲဒါကြောင့် သမီးအိမ်နေရင်းဝတ်ဖို့ အကျီတွေ မြန်မာပြည်ကချုပ်လာတာ အများကြီးပဲ၊ စပန့်သားတွေ ၊ ဝိုင်သားတွေနဲ့ လီနင်သား၊ ချည်သားလေးတွေ၊ တစ်ကိုက်ကို ၁၈၀၀ ကနေ ၂၀၀၀ လောက်ပဲ ရှိတယ်။ သမီးလေး တစ်ဝတ်စာက တစ်ထောင့်ထွာ နဲ့ ချုပ်ခကလည်း တစ်ဝတ်စာကို ၁၂၀၀ လောက်ပဲရှိတယ်၊ ပန်းထိုးပေးရင်တော့ ၁၇၀၀၊၁၈၀၀ လောက်ပေးရတယ်။  ချုပ်ကောင်းကောင်းနဲ့ချုပ်လိုက်တာ ထွက်လာခါနီး ကလေးအကျီချုပ်ခ ၅ သောင်းကျော် ရှင်းရတယ်။ အဝတ်အစား တစ်စုံကို မြန်မာငွေနဲ့ ၃၀၀၀ ပတ်ဝန်းကျင်၊ ခုငွေဈေး နဲ့ဆို ၅ ကျပ် ၆ကျပ်လောက် နဲ့ ချည်သားဝမ်းဆက်လေးတွေရတော့ အိမ်နေရင်းဝတ်ဖို့ ပိုတန်တယ် လို့ ထင်တယ်။ ဒီမှာက ဈေးကြီးမှ အကျီက ချည်သားစစ်စစ်ရမှာ ၊ ဈေးသက်သာတဲ့ အကျီတွေက အသားထူထူ ၊ ချွေးမစုပ်တဲ့အသားတွေ အများကြီးရောထားတော့ ချွေးထွက်များတဲ့ သမီးအတွက် အဆင်မပြေဘူး...။

ကျွန်မ သမီးကို အဝတ်ဆင်ပေးရင် ကိုယ်နဲ့ကွက်တိတွေ သိပ်မဝတ်ပေးဖြစ်ဘူး၊ ပွပွ၊ ချောင်ချောင်တွေ ဝတ်ပေးဖြစ်တာ များတယ်။ ကိုယ်တိုင်ကလည်း စတိုင်ကျကျ၊ ခေတ်နဲ့ အမီ မပြင်ဆင်တတ်၊ မဝတ်စားတတ်၊ (မဝတ်ရဲတာလည်းပါတယ်.. ဆိုဒ်ကိုလားမသိဘူး..၊)။ ကိုယ်မဝတ်တတ်ပေမယ့်သူများပြင်ဆင်ဝတ်စားထားတာတွေ အားကျတယ်၊ သဘောကျတယ်။ သမီးကြီးရင်လည်း အမြင်မရိုင်းပဲ တင့်တင့်တယ်တယ် ခေတ်မီမီလေး ဝတ်စားပြင်ဆင် တတ်စေချင်တယ်။ အမေလိုမဟုတ်ပဲ အလှအပအမြင်ရှိစေချင်တယ်။

ဒါကလည်း သမီးကြီးလာရင် ပြန်ဖတ်ဖို့ ၊ ဒါမှ မဟုတ်၊ သမီးငယ်ငယ်တုံးက ဘယ်လို ဆိုပြီး ပြန်ပြောပြဖို့ မမေ့အောင် တို့ ထားတဲ့ သဘောပါပဲ၊ ဘာအဆီအနှစ်မှ မပါတဲ့စာတွေကို လာ လာဖတ်ကြ၊ ကောမန့်တွေရေးသွားကြတဲ့၊ ဘော်ဘော်တွေရော၊ မဘော့်တဘော်တွေရော သိပ်အားနာတယ်၊ ကောမန့်မရေးလည်း  ရပါတယ်လို့...... :))) အားနာလို့ပါ။


7 comments:

Anonymous said...

ကလေးက ငယ်တုန်းကတော. အိမ်နေရင်းအဝတ်ပဲများများ လိုတာနော် အပြင်က နဲနဲပေါ. ပြီးတော. ခနနေ မတော်တော.ဘူး

သက်ဝေ said...

ဘောလုံးပျောက် အင်္ကျီလေးကို အရမ်းချစ်တယ်... သမီးလေးမွေးထားတော့ ကိုယ် ဆင်ချင်တာတွေ အများကြီး ဆင်လို့ရတယ်... ပျော်စရာကြီးပါ...း)

Thandar Lwin said...

စင်စင် ..တို့နဲ့တူလိုက်တာ ဒီကလဲ အ၀တ်ဝယ်ဘို့အရမ်းနှမြောတယ် ။ အစားဆိုရင်တော့လာခဲ့.....)
(၉)လပြည့် ကျန်းမာရေးစစ်၊ ပေါင်ချိန်၊အရပ်တိုင်း၊ အမြင်၊အကြားအာရုံတွေ စစ်ဖို့ .....ဘမာပြည်မှာတော့ မစစ်ခိုင်းဘူးနဲ့တူတယ် ဘာမှမကြားဘူး ။ ၀က်သက်ကာကွယ်ဆေးတော့ထိုးခိုင်းတယ်တဲ့။

Anonymous said...

မေမေ့ကိုသတိရမိတယ်စင်စင်...ငယ်ငယ်ကမွေးနေ့ဖိတ်စာလေးတွေ အင်းကျီလေးတွေ သူမွေးနေ့မှာ ၀ယ်ပေးထားတဲ့ အရုပ်လေးတွေ အခုထိအကုန် အတော်များများ(ကိုင်ပေါက်လို့ပျက်စီးကုန်တာကလွဲ၇င်)အကုန်ရှိသေးတယ်....(စကားမစပ်အမေလဲလှပါတယ်..မီးမီးလေးအင်းကျီထဲက အနက်လုံးလေးပိုကြိုက်တယ်)
ချစ်တဲ့တီတီတောတော

Rita said...

(မဝတ်ရဲတာလည်းပါတယ်.. ဆိုဒ်ကိုလားမသိဘူး..၊)

ဆိုက်ကိုလား မသိဘူးလို့ ကိုယ့်ဘာသာလည်း ပထမဦးဆုံး တွေးမိသွားတယ်။ တကူးတက ပြင်ရဆင်ရမယ်ဆို စိတ်မပါတော့ဘူး။ ဂျလေဘီပုံစံနဲ့ပဲ စိတ်လွတ်လပ်တော့တယ်။

သူများ ဝတ်ထားရင်တော့ ကြိက်ပါတယ်။

myo said...

အမြဲတမ်းလာဖတ်ပါတယ်လို့..
အားနာနေမှာစိုးလို့ ကွန်မန့်မေ၇းခဲ့တာ :D

Vista said...

အကျီတွေ အကုန်လှတာကို
ကလေးအကျီက မြန်မာပြည်မှာ ပိုပေါ ပိုတန်တယ် ဟိ