Friday, April 27, 2012

ခုတလော ကျန်းမာရေး

 ကျွန်မဖျား
မတ်လအကုန် ဧပြီအကူးမှာ ကျန်းမာရေး တော်တော်ညံ့သွားတယ်။ တစ်ခုသော စနေညနေမှာ အာခေါင်ပူ၊ ထွက်သက်လေတွေပူ၊ မျက်လုံးတွေပူ ၊ကိုယ်လက်တွေ နာကျင်ကိုက်ခဲ ဖြစ်လာတော့ မောင်ကြီးဆီ မတ်စေ့ ပို့တယ်။ ထိပ်ခဲ ဆိုတဲ့ ပြန်စာလေးတောင် မရတော့ ဖျားနေတဲ့ကြားက "ရက်စက်သော--------၊ ဘာညာကွိကွ၊ကကြီး၊ ခခွေး၊ဂငယ်၊  ကြီး၊ င" ဆိုပြီး ရန်တွေ့တဲ့   မတ်စေ့ပို့လိုက်နိုင်သေးတယ် (ကွက်လပ်က သူ့အိမ်ကခေါ်တဲ့ နာမည်ပြောင်ပါ)။ သူ ဖုန်းသံတိုးထားပြီး ဖုန်းကိုလည်း မကြည့်ဖြစ်လို့ပါလို့ဆိုပြီး အဲဒီနေ့က စောစောပြန်လာတယ်။

အဲဒီနေ့ကစပြီး နေမကောင်းတလှည့်၊ ဖျားတလှည့်၊ ဖြစ်လိုက်တာ ၊ အိမ်မှာရှိတဲ့ ဒီကိုဂျင် တစ်နေ့ ၃ လုံးနှုံးနဲ့ ၂ ကဒ်ကုန်သွားတယ်။ ဆေးခန်းလည်း မသွားဘူး၊ အိမ်နားက ဆေးခန်းက မနက် ၉ နာရီဖွင့်တာ ၊တစ်ခါသား သမီးကိုယ်ပူလို့ အိမ်နားဆေးခန်းပဲ ပြမယ်ဆိုပြီး ၉ နာရီမှာ မောင်ကြီးတိုကင်သွားယူတော့ နံပါတ် ၁၅ ရခဲ့တယ်။ ရှေ့ကလူတွေက ညမအိပ်ပဲ တန်းစီစောင့်တာလား စဉ်းစားစရာဖြစ်သွားတယ်။ အလှည့်ရောက်ရင် ဖုန်းဆက်ခေါ်မယ်ပြောတယ်။ တော်တော်နဲ့ မခေါ်တော့ ဆေးခန်းပိတ်ခါနီး နေ့လည် ၁ နာရီ သွားကြည့်တော့ ၁၀ ယောက်မြောက်လူနာကိုကြည့်နေတယ်... ဟူးးးးးး။ ကလေး ကိုယ်ပူ ကျတာနဲ့ နောက်တစ်ခေါက်သွားမကြည့်တော့ဘူး၊ သူတို့လည်း ဖုန်းလှမ်းမဆက်ဘူး။ ဆေးခန်းသွားရင် အကြာကြီးစောင့်ရမှာစိုးတာရယ်၊ ကိုယ်သွားလေရာ ကလေးမပါမဖြစ်တော့ ကလေးကို ဆေးခန်းမှာ အကြာကြီးမထားချင်ဘူး၊ သွားပြလည်း ငါ့ကို ပါရာစီတမောလ်ပဲ ပေးမှာပါလေလို့ ဖြေသိမ့်ပြီး အိမ်မှာပဲ ဆေးသောက်နေတာ...။ မပျောက်ဘူးတော့..။

ကိုဝင်းနဲ့များကြည်ချင်လို့လားလို့ urine test လုပ်ကြည့်သေးတယ်။ မဟုတ်ပါဘူးတဲ့။ မောင်ကြီးဝယ်လာတဲ့ tester ကို ကြည့်ပြီး..ဟင်... ၂၀ တန်ကြီး ဝယ်လာပြန်ပြီလို့ အင်အားမရှိတဲ့ ကြားက အပြစ်တင်လိုက်သေးတယ်။ " နောက်တစ်ခါသုံးလို့ ရတယ်မဟုတ်လား၊ အာ့ကြောင့် တစ်ခါတည်း ဈေးကြီးတာဝယ်လာတာ" တဲ့...ကဲ....။ " ဖြစ်ရလေ အချစ်ရယ်" လို့သာ ပြောချင်တော့တာပဲ။ ဘယ်လိုလုပ် နောက်တစ်ခါသုံးမလဲ................ သူ့ကို ဝယ်ခဲ့ဖို့ မှာတုံးက သမီးတုံးက စမ်းတဲ့ဟာရော.. အဲဒါနဲ့ သုံးလေ လို့ ပြန်မပြောတာတော်သေးတယ်........ဟင်းးးး......။ 

၃ ရက်လောက်က နေ့ရော ညရောဖျားတယ်။ နောက်ပိုင်းကျ ဒီအချိန်ရောက်လာရင် ကျမစိတ်တွေ ဖောက်ဖောက်လာတယ်.. ဆိုသလို ညနေ ၆ နာရီဝန်းကျင်ဆို ထွက်သက်လေတွေပူလာပြီ၊ မျက်လုံးပူ၊ ခြေလက် မသယ်ချင်ဖြစ်လာပြီ..။  တိုင်းကြည့်လိုက်ရင် အဖျားတက်လာပြီ။ သမီး သာမိုမီတာလေးလည်း ကျွန်မပဲ သုံးလိုက်ရတယ်။ ဆရာဝန်တွေများ..တယ်တော်... သာမိုမီတာလေးကို လျှာအောက် ပလွတ်ဆို ထိုးထည့်လိုက်တာ ငြိမ်လို့၊ ကိုယ့်မျာ ကိုယ့်လက်နဲ့ ကိုယ့်လျှာအောက်ကိုယ် ထိုးထည့်တာကို ချော်ချော်ထွက်တယ်၊ ဒီကြားထဲ မတ်တပ်ရပ်စမ်းနေတဲ့ ကလေးက လှမ်း လှမ်းဆွဲလို့ သူမမီအောင် နွားရေနစ်သလို သာမိုမီတာကြီးငုံပြီး  ခေါင်းကြီးမော့ထားရတာက တစ်မျိုး...။ နောက်တော့ ချိုင်းကြားပဲ ထား တိုင်းလိုက်တယ်.. အေးရော။ ချိုင်းကြားထားတိုင်းရင် တိုင်းရတာကို ၁ နှုတ်ရတယ်လို့ (အမှား) ပြောသံကြားဖူးတော့ တိုင်းရတာက ၁၀၂ နီးပါး၊ ငါ့ ၁၀၁ နီးပါးပဲ ရှိတာ.. ကိတ်စန မရှိဘူးဆို ပေါ့ပေါ့လေးနေရာကနေ......သနပ်ခါးမေ ကို ဖေ့ဘွတ်မှာတွေ့တော့ ဖမ်းမေးလိုက်တယ်။ သူက ၁ ပေါင်းရမှာ အစ်မ ဆိုတော့မှ.. ဟိုက်.. ငါ့မှာ ၁၀၃ နီးပါးဟ၊ ငါတကယ်ဖျားတာပါလား ဆိုပြီး သာခွေယိုင် ဖြစ်သွားတော့တာ.. လူ့စိတ်...လူ့စိတ်.......။

ဒီတစ်ခါ နေမကောင်းဖြစ်ရတာ တော်တော်ခံစားရတယ်.. အားမရှိ၊ ဘာမှ မစားနိုင်၊ အမေနို့ကို အဓိက အာဟာရလုပ်နေတဲ့ ၁ နှစ်သားကလေးကို အာဟာရက ပေးရတာနဲ့ တော်တော်နဲ့ကို နာလန် မထူနိုင်တာပါ။ စိတ်ရှိသော်လည်း ထ လုပ်လိုက်ရင် လူက မခံနိုင်ဘူး..။ တစ်ရက်မှာ မီးပူတိုက်စရာတွေ များနေလို့ နေ့လည်ခင်း အားတုံး ခွဲတိုက်မယ်ဆို  ၁နာရီလောက် ထိုင်တိုက်လိုက်တာ.. နောက်နေ့ အိပ်ရာထဲ ပြန်လဲပြန်ရော။ အမေ နေမကောင်းဖြစ်တာမှာ သမီးကလေး ခမျာ တော်တော် သနားစရာကောင်းတယ်။ တစ်နေ့လုံး အမေနဲ့ပဲ နေရရှာ၊ အမေလုပ်သူက ကလေးကို ကူးမှာစိုးလို့ သူ့နားမကပ်ပဲ အိပ်ရာထောင့်ကပ်နေရင် သူ့ခမျာ အမေဆီလေးဘက်ထောက်ပြေးလာ၊ အမေ့ပေါ် ဖက်တက်၊ အမေ့မျက်နှာကို အတင်းလိုက်ကြည့်ပြီး ရယ်ရယ်ပြရရှာတာ..။ "အမေနေမကောင်းတာတွေ သမီးကို ကူးမှာစိုးလို့ပါ သမီးရယ်..." လို့ ပြောပြပေမယ့်လည်း သူ့မှာ နားလည်ပုံမပေါ်..အမေနားသာ အတင်း ကပ်နေချင်တော့တာပဲ။ အိမ်ထဲမှာ မီးဖိုနဲ့ အိပ်ခန်းလမ်းလျှောက်တာကို အသက်ရှုပြင်းတဲ့ထိ မောနေတော့ အိပ်ရာထဲ လှဲနေရတာ များတယ်။ ကလေးနဲ့လည်း မကစားနိုင်.. သမီးလေးခမျာ အိပ်ရာ တစ်ထောင့်မှာ သူ့ရဲ့ တစ်အုပ်တည်းသော ပုံပြင်စာအုပ်လေးကို အရုပ်ကြည့်လိုက်၊ ကြာလာရင် အိပ်ရာပေါ် လှဲပြီး စကားတွေ တစ်ယောက်တည်းပြောလိုက် နေရရှာတယ်။ တခါတလေ သမီးကို ကစားပေးရင်း စကားပြောရင် လေသံလေးနဲ့ ပြောရတယ်..။ မောင်ကြီးကိုလည်း တူတူပဲ။ စကားပြောရင်ကို မောနေတာ.. ခက်ပါဘိ...။ ဒီလို လွယ်လွယ်မောတတ်လို့ ရွာမှာတုံးက အီးစီဂျီ ရိုက်ကြည့်ဖူးတုံးကတော့ နှလုံးက အကောင်းပါပဲတဲ့.. ။ တခြား ဘာရောဂါများ ဒီလက္ခဏာရှိသေးလဲ မသိဘူး၊ လွယ်လွယ်မော ရောဂါပဲ ဆိုကြပါစို့ရဲ့...။


ချောင်းဆိုးလာတာက အဆိုးဆုံးပဲ... ။ ကလေးကို ကူးမှာစိုး..။ကလေးနဲ့က ခွဲ အိပ်လို့မရ..။ ကလေးကို ကူးမှာစိုး...။ ကိုယ့်မှာက ရာဇဝင်ရှိဖူးတော့ ချောင်းဆိုးတာ ရိုးရိုးလား... ဘာညာ လား.. စိတ်ပူရ ။ မောင်ကြီးကိုလည်း အလုပ်က ပြန်လာရင် ကလေး တန်းထိန်းရတာမျိုး  ၊ ထမင်းကို ဖြစ်သလို စားလိုက်ရတာမျိုးးတွေ များတော့ အားနာ...။ မောင်တစ်ထမ်း၊ မယ်တစ်ရွက်သည် ငယ်ငယ်က ဖတ်ဖူးတဲ့ စံပ မယ်ခ ကာတွန်းထဲကလို မောင်က ပုတ် လောက်ကြီး အထုပ် ၂ ထုပ်ရှေ့နောက် အိပဲ့ အိပဲ့ထမ်း.. မယ်က လက်သီးဆုပ်လောက် အထုပ်လေး ခေါင်းပေါ်ရွက်ထားသလို ခံစားရ...။
တစ်ရက်မှာ ခဏပျောက်သွားပြီး ကျွန်မကို ထမင်းစားလာခေါ်တယ်။ ဈေးမသွားဖြစ်တော့ အိမ်မှာ ရှိတာကို သူ့စိတ်ကူးနဲ့သူ စီစဉ်ထားတဲ့ ဟင်းကလေး..။ ခရမ်းချဉ်သီးကြော်ထဲမှာ နံနံပင်တွေ စီထားလိုက်သးတယ်.. :P၊ သူ့ဖုန်းထဲမှာ ဓာတ်ပုံတွေ့လို့ ..။

၇ ရက်မြောက်တဲ့ သောကြာနေ့မှာ ဘွတ်ကင်လုပ်လို့ရတဲ့ ဆေးခန်းတစ်ခုကိုသွားပြလိုက်တယ်။ ပြတဲ့ အချိန် အဖျားမရှိဘူး၊ သွေးပေါင်ချိန် ပုံမှန်ပဲ။ နှလုံးသာ တအားခုန်နေတာ။ ဆရာဝန်က MRT ကနေ လမ်း မြန်မြန်လျှောက်လာလို့လားတဲ့။ တကယ်က တက်စီနဲ့ အပေါက်ဝထိလာပြီး ဆေးခန်းရှိတဲ့ ၄ ထပ်ကို ဓာတ်လှေခါးနဲ့ တက်လာတာ။ တက်စီပေါ်က ဆင်းတော့ မောင်ကြီးက ကလေးတွန်းလှည်း မ ချ နေတာနဲ့ ကျွန်မက ကလေးကို ချီလာတာ တစ်ခုပဲ။ ဆရာဝန်မေးခွန်းတွေကို ဖြေရပါတယ်။ အစားအသောက် ပျက်လား...ဟုတ်ကဲ့ ပျက်ပါတယ်...ဘလာ..ဘလာပေါ့..။ ((ပျက်မှာပေါ့၊ ဟင်းမှ မကောင်းတာ...)) ။ လိုရင်းကတော့ ကျွန်မ ချောင်းဆိုးနေလို့ ဟိုတစ်ခါလို  ဖြစ်မှာ ကြောက်နေတာပါ။  ဆရာဝန်ကို ဇာတ်ကြောင်းပြန်လှန်တော့ သူပေးတဲ့ဆေးတွေသောက်ပြီး မသက်သာမှ ပြန်လာပြပါတဲ့။ အဲဒီအခါမှာ ကျွန်မ စိတ်ပူနေတာကို စစ်ကြည့်ပါလို့ပြောတယ်။

ဆရာဝန်ဆီက ဆေးတွေသောက်ပြီး  စဖျားတာကနေ ၂ ပတ်ကျော်ကျော်အကြာ မှာ ပြန်နေကောင်း သွားတယ်။ နောက်တစ်ခေါက်မသွားရတော့ဘူး.. ။

ကလေးချောင်းဆိုး
ကျွန်မနေကောင်းပြီး ၃-၄ ရက် အကြာ သမီးလေး ၂ ရက်ဖျားပြီး တစ်ပတ်လောက် ချောင်းဆိုးတယ်။ ညဘက် မအိပ်နိုင်လောက်အောင် ဆိုးတဲ့ချောင်း၊ ကလေးက ငို၊ ကျွန်မတို့ အိပ်ပျက် ၊ ကလေးကို သနား၊ ကျွန်မဆီက ကူးပြီလား တွေးပူ.. နောက်တော့ မသက်ဝေနဲ့ မူလလက်ဟောင်းကိုလူသစ်ညွှန်းတဲ့ ဆေးခန်း
ANNE'S BABY AND CHILD CLINIC
214 Jurong East Street 21
#01-433 Singapore 600214
Tel:+65 65667216
 ကိုရောက်သွားပါတယ်။ အချိန်ယူပြီးသေချာရှင်းပြတဲ့ ဆရာဝန်မကို ကျေးဇူးတင်ပါတယ်။ သူရှင်းပြတာတွေ က ကလေးဆရာဝန် ဒေါက်တာရဲမြင့်ကျော်စာအုပ်မှာ ဖတ်ဖူးတာတွေနဲ့ တူတယ်။ သူပေးလိုက်တဲ့ဆေးတွေနဲ့ ကလေး တဖြည်းဖြည်းသက်သာလာပါတယ်။ တဖြည်းဖြည်းသက်သာသလို သမီးနဲ့ ကျွန်မရဲ့ အိပ်ရေးပျက် နာရီတွေ တဖြည်းဖြည်းလျော့လာပါတယ်။ ၈ ရက်လောက်အကြာ မှာ ကောင်းသွားတယ်။ ဒီတစ်ခါချာင်းဆိုးဖြစ်တာမှာ အရင်ကဖျားသလိုမဟုတ်ပဲ သမီး သိပ်ဒေါသကြီးတယ်။ အိပ်ရေးပျက်လို့ ဖြစ်မယ်။

ကျွန်မဓားရှ
ကျန်းမာရေးဆိုတော့ ထည့်ရေးရမယ်ထင်တယ်.. :D ။ ရွာက အပြန်ဝယ်လာတဲ့ မြန်မာငွေ ၁၅၀ ကျပ်တန် ဓားပါးလေးနဲ့  ဂျင်းတုံး ထူထူကို ဖိလှီးလိုက်တာ ချော်သွားပြီး လက်သန်းထိပ်လေး ပဲ့လုလုဖြစ်.. သွေးစက်တွေ ပြန့်ကျဲ..။ ဘယ်ရမလဲ.. "ဘာမဆို၊ ဆရာခို" သိပ်ပြီး ပလာစတာ ကပ်ပစ်လိုက် တယ်။ တော်တော်နဲ့ မပျောက်ပါဘူး၊ ဒီကြားထဲ ပလာစတာလဲတော့ အသားနု ဝါတာတာလေး တက်နေတာကို ဆရာခိုဆေးအဟောင်းတွေမှတ်လို့ တစ်ရှုးနဲ့ ဖယ်လိုက်တာမှာ အဟောင်းတွေ အသစ်ဖြစ်ပြီး တော်တော်ခံစားလိုက်ရသေးတယ်။  ခု ၁ ပတ်လောက်ကြာတော့ အသားနုတက်ပြီး အနာရွတ်ဖြစ်ဖို့ပဲ ကျန်ပါတော့တယ်။  ကျွန်မရဲ့ ဘယ်ဘက် လက်သန်းကလေးရဲ့ ထိပ်ကို ကြည့်လိုက်ရင်  မြန်မာပြည်က ရဲမေရဲ့ခေါင်းမှာဆောင်းရတဲ့ ဦးထုပ်ကလေးလိုပဲ.. စောင်းစောင်းလေး....။

ကျွန်မ သွားကိုက်
အိပ်မရအောင် သွားကိုက်ကာမှ ကိုယ့်မှာ အံဆုံးရှိမှန်းသိရတော့တယ်။ မောင်ကြီးအားတဲ့ ရက်ထိစောင့်ပြီး မျက်ရည်ကျသည်ထိ၊ အိပ်စက်ခြင်းတွေ ခိုးယူနိုင်သည်ထိ (အလဲ့) ကိုက်သော အံဆုံးကြီးကို ရက်ရက်ရောရော နှုတ်ပစ်လိုက်သည်။ နှုတ်ပြီး ၃ ရက်ခန်း ထုံဆေးဒဏ်ကြောင့် " ဟားဟားဟားလို့ မရယ်နိုင်၊ ဝှား လို့လည်း မသမ်းနိုင်"၊ စားစရာကို သမီးဇွန်း အပို သေးသေးလေးနှင့် စားရသည်ထိ ဖြစ်ပြီးမှ ခုတော့ ပြန်ကောင်းပြီ။ 

လက်သည်းကြားထဲ ကြက်အရိုးစူး.. (( ဒါနောက်ဆုံး..နောက်ဆုံး...))
နမော်နမဲ့ နိုင်တာက မွေးကတည်းကပဲ ၊ ခုတလောမှ ဖြစ်နေပုံများ.. မနက်က မြန်မာကြက်နှင့်တူသော ကန်ပုံကြက် တစ်ကောင် (ဆိုင်မှာ ခုတ်ပြီးသား ကြီးတယ်ထင်လို့) အိမ်မှာ သေးသေးထပ်ခုတ်၊ ဒီတစ်ခါ ဓားအောက် လက်ရောက်ရင် မတွေးရဲစရာမို့ လက်တစ်ဘက် နောက်ပစ်ထား..၊ သို့သော် ခုန်ပြီးသားတွေ အိုးထဲ ထည့်တုံး ကြက်ရင်ပုံနားက အရိုးချွန်ချွန်လေးက လက်မ လက်သည်းကြား ၃ ပုံ ၁ ပုံခန့် ဝင်စူးသွားသည်။ အထဲမှာ ကျိုးမကျန်ခဲ့လို့တော်ပေသေး..။  အခုတော့ လက်မ လက်သည်းရဲ့ ၄ ပုံ ၁ ပုံလောက်က ပန်းရောင်မဖြစ်ပဲ အဖြူရောင်ဖြစ်နေ၏။ လက်မလည်း တော်တော်နာနေ...။ သွေးခြေဥမလား.. လက်မ ပုပ်လို့မဲသွားလို့ကတော့ လက်သည်းအမဲရောင် ဝယ်ဆိုးပစ်လိုက်အုံးမည်။ 

အဆိုးထဲက အကောင်းကတော့ ကလေးရပြီး ပုံမှန်ထက် ၇ ပေါင်လောက် ပိုတက်လာတဲ့ အလေးချိန်က အခု ချိန်တော့ ပုံမှန်ထက် ၃ ပေါင်လျော့ သွားတယ်။ နေမကောင်းဖြစ်တာမှာ ၁၀ ပေါင်လောက် လျော့သွားတာပေါ့...။ အကောင်းထဲက အဆိုးကတော့ လက်ရှိဘောင်းဘီတွေ မတော်တော့လို့ တလောက ဝယ်ထားတဲ့ ဂျင်းဘောင်းဘီ အသစ် ၂ ထည်ကို ဝတ်လို့ မရတော့ပါဘူး..။ သေချာ ထုပ်ပိုး သိမ်းထားတဲ့ အဟောင်းလေးတွေ ပြန်ထုတ်ဝတ်ပေတော့ပေါ့ကွယ်....။ မျက်တွင်းကလည်း ရေတွင်းပျက်နှင့် နင်လား ငါလားပေ...။


ပထမဆုံး နေမကောင်းဖြစ်ကတည်းက ခေါင်းစဉ်နှင့် စာ တစ်ပိုင်းတစ်စ ရေးထားသည်ကို အပြီးသတ်ရေးနေ သည်။ ဒီစာမပြီးသေးရင် နောက်တစ်ခုခု ထပ်ဖြစ်အုံးမှာလားလို့ စိုးရိမ်မိသည်ထိပဲ။ ဒီကြက်သားရိုးစူးတာပြီးရင် ပြီးပြီ.. ဘာမှ ထပ်မဖြစ်တော့.......ဘူးးး........။

ကျန်းမာရေး ဂရုစိုက်ကြပါ.. စိုက်ကြပါ...စိုက်ကြပါ.......။

 


6 comments:

JuneOne said...

ဟုတ်တယ် အသက်ကြီးလာလေ ဟိုနာ ဒီနာ။ဒီမှာတော့ အခုတလော အိပ်ရာကထရင် နားအူနေတယ်။ကလေးတွေ ချောင်းဆိုးရင် သနားဖိုးကောင်းတယ်။နို့သောက်တဲ့ အရွယ် နှာခေါင်းပိတ်၊နှာစေး ဖြစ်ရင် သိပ်သနားဖို့ကောင်းတာ။

myo said...

ဘလော့တွေဝင်မဖတ်ဖြစ်လို့ မသိလိုက်ဘူးကွယ်.. အဲလိုမှန်းသိ လာကြည့်ပါတယ်

Rita said...

ဟုတ်တယ် မျိုးလိုပဲ ဒီနေ့မှ ဖတ်မိတယ်။

:P said...

ဂျွန်ဝမ်းရေ..ဟုတ်တယ်၊ ကလေးမီးဖွားတုံးက ဘယ်ဘက် လက်ကောက်ဝတ် ယောင်ပြီး နာထားတာက ဒဏ်ဖြစ်ပြီး ခဏခဏ ပြန်ယောင်၊ ပြန်နာနေတယ်။

မြိုးနှင့်ရီတာ ... ဒေါင်ဒေါင်မြည်သွားမှ ရေးထားတာပါကွယ်..။ ကျေးဇူးတင်ပါတယ်...။ လာကြည့်ရင်တော့ လူမမာစာယူခဲ့နော်...

m said...

အရင်နေ့တွေ မအားလို့ ခုမှ ပေါင်းဖတ်တာ..
ဆင်ဆင် ရောဂါတော်တော်ထူတာပဲ..
:P
အဲ့ဒီရက်က တို့လဲ တော်တော်ဖျားနေတာ.. အဖျားပျောက်တော့လဲ ချောင်းဆိုးကျန်နေတယ်.. ဒါပေမယ့် ဆင်ဆင်နဲ့ ယှဉ်လိုက်ရင် နေသာပါတယ် :P

Mrs. Bagel said...

:D