Sunday, May 6, 2012

Safety FIRST @ home ( ကလေးငယ်များ အိမ်ထဲမှာဘေးကင်းအောင်ထားဖို့)

ကိုယ့်ကလေး မွေးကာစ အနှီးထုပ်ထဲ မလှုပ်ရှားနိုင်တုံး လှုပ်စေချင်သည်။ ယက်ကန် ယက်ကန် လုပ် လာတော့ မှောက်စေချင်သည် (သမီးလေးတုံးက လူက ဝဝကြီးဖြစ်ရာ မှောက်ဖို့ရာ တစ်ဘက်စောင်း လိုက်၊ နောက်ဝိတ်က ပိုများပြီး ပက်လက်လန်သွားလိုက် ဖြစ်နေတာ ရယ်ပင်ရယ်ရသေးသည်) ။ မှောက်တာ ကြာလာလျှင် ထိုင်တတ်စေ ချင်ပြီ။ ထိုင်ပြန်တော့ လေးဘက်တွားဖို့ ဆန္ဒစောကြသည်။ လေးဘက်ပြီး မတ်တပ်စမ်း၊ ပြီးတာနဲ့ တစ်လှမ်း နှစ်လှမ်းစလှမ်း ၊ ၁၀ လှမ်း ၁၅ လှမ်း ၊ နောက်တော့ မတ်တပ်ပြေးတော့မည်။ 

ကျွန်မနှင့်သမီး ဒီပြန်လာတော့  အတူတူလိုက်လည်သော ဖေဖေနှင့် အန်တီဝင်း (မောင်ကြီးအဒေါ် )  ပြန်ပြီး နောက်တစ်နေ့တွင် သမီးကုတင်ပေါ်မှ ပြုတ်ကျပါသည်။ သမီးနှင့် ကုတင်ပေါ်မှာ အတူတူ ကစားနေရင်း ရုတ်တရက်မိုးရွာတော့ နောက်ဖေးထုတ်လှမ်းထားသောအဝတ်တွေ ပြေးရုပ်ခြင်းပင်၊ အဝတ်ရုပ်နေရင်း သမီးကို သတိရပြီး အခန်းထဲ တစ်ခါ ပြန်ပြေးလာ.. အခန်းဝမှာ ဘုတ်ကနဲ အသံကြားလိုက်ရပြီး သမီးလေးမှာ ကုတင်အောက်မှာ အားလျားမှောက်ရက်သားလေး.. ကျွန်မကိုမြင်တော့ အော်ငိုသည်။ အဲဒီကစလို့ နောက်ဖေး ဝါးလုံး ထုတ်အဝတ်မလှမ်းတော့၊ အိမ်ရှေ့ ကော်ရစ်ဒါမှာသာ စင်နှင့်လှမ်းတော့သည်။ ကုတင်ကို ဖြုတ်လိုက်၍ ကျွန်မတို့ အိမ်နိမ့်စံများ ဖြစ်သွားကြသည်။

သမီး လေးဘက်တွားကာစမှ တဖြည်းဖြည်း အလစ်ပေးမရလိုက်သည်မှာ အခု လမ်းသေချာလျှောက်တော့ ပိုဆိုးသည်။ ခြံကလေးကာထားသော အိပ်ယာထဲမှ အပ ဘယ်မှာမှ တစ်ယောက်တည်း ထားခဲ့ဖို့ စိတ်မချရတော့၊ အိပ်ရာထဲမှာတောင် အသေးအမွှား ပိစိလေးတွေ ဘာကျနေလဲ သေချာဖယ်ထုတ်ရသေးသည်။ သမီး လေးဘက် သွားသည်နှင့် ကြမ်းမှာ ကျနေသည့် အရာလေးတွေ (မုန့်အစအန၊ ဆံခြည်မျှင်၊ ကျပ်ခိုးလို ဖုန်လိပ်ကလေးတွေ .. ရေးပြလျှင်ပြီးမည်မဟုတ်) ကောက်ကောက်ပြီး ပါးစပ်ထဲ ထည့်မှာစိုးလို့  ကြမ်းပြင်က ပစ္စည်းတစ်ခုခု ကိုကောက်သည့် ဟန်လုပ်၊ လက်လွှဲပြီး လွှင့်ပစ်သည့်ဟန်လုပ် ၊ ပါးစပ်ကလည်း "ဘတ် " ကနဲ အသံထွက်ပြ။ ခဏခဏ လုပ်ပြတော့ နောက်ဆို သမီးက ကြမ်းပြင်မှာ ကျနေတာလေးတွေ ကောက်ပြီး ပါးစပ်က "ဘတ် " ကနဲအော်ကာ လွှင့်ပစ်ဖော်ရသည်။ သို့သော်................... သူ မြည်းစမ်းကြည့်ချင်သော ပစ္စည်း ကောက်တွေ့ လို့ကတော့ ဘေးကလူကြီးက "သမီး ဘတ်ကနဲ လွှင့်ပစ်လိုက်လေ.... ဘတ် လေ.. သမီး ဘတ် လေ.. ဘတ်..ဘတ်... " အသံနာအောင် ဘယ်လောက် ဘတ်ဘတ်၊ လူကြီးလက်မမြန်လျှင် သူကတော့ဖြင့် ပါးစပ် ထဲကောက်ထည့်လိုက်ပြီးဖြစ်သည်။ အဓိက ရှင်းလင်းရသည်မှာ အကြွေစေ့ဖြစ်သည်။ အကြွေစေ့ ကောက် ထည့်လိုက် လို့ကတော့ တွေးပင် မတွေးရဲ။ သူမြည်းစမ်းချင်သည်မှာ ကြယ်သီး၊ သနပ်ခါးတုံးမှ ကွာထွက်လာသည့် သနပ်ခါးခေါက်ကလေး၊ ဘာမှန်းမသိသည့် အသေးဆုံး အမှိုက်စ လေးတွေ သူပဲ မြင်တတ်သည်။ ကြမ်းပြင်မှာ သွားနေရာကရပ်ပြီး တခုခုကို စူးစမ်းကြည့်နေလျှင်သတိထားပေရော့ပဲ၊ သူမကောက်ခင် ကိုယ်က လက်မြန်မြန်နှင့် ကောက်ပြီး ဘတ် ရမည်ဖြစ်သည်။ 

အခု လမ်းလျှောက်တတ်သောအခါ အဆင့်မြင့်လာပြီး ကြမ်းပြင်ပေါ်မှ ပစ္စည်းထက် စားပွဲပေါ်ကို ခြေဖျားထောက် လှမ်းဆွဲရန်သာ ပိုအားသန်တော့သည်။ သမီးလက်လှမ်းမီသည့်နေရာတွင် ပြုတ်ကျပြီး အနာတရဖြစ်နိုင်သော ပစ္စည်းများမထားရန်၊ ပါးစပ်ထဲ ကောက်ထည့်နိုင်သောပစ္စည်းများ မထားရန် ။ အပြင်ထွက်ကာနီး ရေမွှေးပုလင်း ကို မှန်တင်ခုံစွန်းတွင် ကမန်းကတန်းတင်ထားခဲ့တတ်သော သမီးအဖေကို လည်း သတိပေးရသည်။ သမီးသည် ဧည့်ခန်းမှာ ထိုင် ကစားနေရာက အိပ်ခန်းဘက်သွား၊ အိပ်ခန်းတံခါးကို တွန်းထားသော သုံးမြှောင့်တုံးကလေးများ (ဘာခေါ်သည်မသိ) ကို သွား သွားပြီးဆွဲဖယ်ရာ လက်ညပ်မည်စိုး၍ သုံးမြှောင့်တုံး ၂ တုံး ညှပ်ထားရသည့်ပြင် တံခါးမှာလည်း ဖော့အညှပ်ဝိုင်း (ဒါလည်း ဘာခေါ်မှန်းမသိ) ၃ ဝိုင်း ထပ်ညှပ်ထားရသေးသည်။ ဒီက နံရံ မီးပလပ်ပေါက်များမှာ ကလေးလက်လှမ်းမီရာတွင်ရှိသော်လည်း လက်ထိုးထည့်ရန် ခက်လှသည်မို့ (လက် မပြောနှင့် တခါတရံ ပလပ်ခေါင်းပင် ခက်ခက်ခဲခဲ ထိုးရသည်) သိပ်စိတ်မပူ၊ ပလပ်ပေါက် အပိတ်လေးများလည်း ဝယ်ပြီးဖြစ်သည်။ extension မီးခုံနှင့် မီးကြိုးများကိုတော့ အားလုံး သမီးလက်လှမ်းမမီသော စားပွဲနောက်နှင့် စင် အမြင့်ပေါ်မှာတွေမှာချည်း ပြန်ထားရသည်။ သူဆွဲနေကျ စားပွဲနောက်ဘက်ထားမိလျှင်တော့ မမီ မီအောင် လှမ်းဆွဲနေမည်စိုး၍ ဖော့ပြားများနှင့်ကာထားရသည်။ 


အခုလပိုင်းအတွင်း ဟိုတွယ်တက်၊ ဒီဖက်တက်လုပ် ၊ ဆိုဖာပေါ်ကို နဖူးနှင့်ချိတ်ပြီး ဖက်တက်၊ လက်တန်းပေါ် တက်ရပ် သံဇကာတံခါးမှ အပြင်ဘက်ကို မမီ့တမီ မျှော်ငေးတတ်ရာ...သူ့နောက်မှာ လူတစ်ယောက်က Standby ရပ်ကို ရပ်နေရသည်။ ဘယ်တုံးကမှ မပိတ်ဖူးသော သံဇကာ တံခါးများ သော့ခပ်ထားရပါသည်။

ဒီနေ့ သက်နန္ဒာမိသားစု ဘလော့မှာ ပို့စ်အသစ်  သွားဖတ်ပြီး တော်တော်ကြောက်သွားသည်...။ ဒါက သူ့ရဲ့ ဆက်စပ်ပို့စ် နောက်တစ်ပုဒ်။
သီတင်းကျွတ် တုံးက အသိထဲက အဘွား ၂ ယောက်ကို သွားကန်တော့ဖြစ်တော့ တစ်ယောက်ရဲ့အိမ်မှာ သူတို့ အမျိုးထဲက ကလေးအကြောင်းပြောပြထားတာလည်း ရှိတယ်။ သမီးလေးကို ခဏလေးပဲဆိုပြီး တစ်ယောက် တည်း လွှတ်မထားဖို့သတိပေးတာပါ။ အဘွားရဲ့တူမက သူ့သမီးလေးကို Baby Walker ထဲ ထည့်ထားတုံး (ကလေး ကလည်း ဘေးလွတ်လွတ်ကင်းကင်းနေရာမို့) ခဏဆို ဟိုဘက်လှည့် ရေနွေးဖြည့်တုံး ကလေးက Walker ထဲကနေ ဝေါကနဲ မြန်မြန်ကြီးရောက်လာပြီး စားပွဲပေါ်က ဓာတ်ဘူးကို ဆွဲချတာတဲ့။ ခုမှ ဆူပွက် ကာစ ရေနွေးတွေက ကလေးရဲ့ Walker ထဲကို ကျ၊ ထိုင်နေတဲ့နေရာကို အကုန်သွန်ချသလိုဖြစ်တာတဲ့။ ထိုင်နေတဲ့ နေရာဆိုတော့ အောက်ကို ချက်ချင်း စီးကျမသွားပဲ အပူဒဏ်ကို ပိုပြီးကြာကြာ ခံလိုက်ရသလိုဖြစ် သွားပြီး အခု ၈ နှစ် ၉ နှစ်သမီး အရွယ်ရောက်သည်ထိ လမ်းလျှောက်တာ သိပ်ပုံမှန်မဟုတ်သေးဘူးတဲ့။ ကလေးများ သွားတာလာတာ မြန်လွန်းလို့ ခဏလေးပဲ ၊ ရောက်မလာလောက်ပါဘူးဆိုပြီး လွှတ်မထားဖို့ရာ ကျွန်မကို သတိပေးတာပါ။ အဲဒီကတည်းက ကျွန်မ ဓာတ်ဘူးဆို မသုံးဖြစ်သလောက်ပင်။

အပြင်သွားလျှင် သမီးကို သူ့လှည်းထဲမှာ ခဏပဲဖြစ်ဖြစ်ထားခဲ့လို့မရတော့ ၊ ခါးပတ် ပတ်ထားသည့်ကြားက ရအောင်ရုန်းပြီး မတ်တပ်ထရပ်တာဖြစ်သည်။ Walker ထဲ ရပ်နေရင်း အပြင်ကို ကျော်ထွက်ဖို့ ကြိုးစားလွန်း၍ Baby Walker ထဲတော့ မထည့်တာ ကြာလှပြီ .. ။ သမီးလေး၏ ထမင်းစားခုံမှာထိုင်ခိုင်းထားပြီး ပန်းကန်ဆေး၊ ဟင်းချက် စသည့် တခြားအလုပ်လုပ်ဖို့ မစဉ်းစားရဲ။ ကောင်းကောင်းထိုင်သည်မှာ ၅ မိနစ်မျှသာ၊ ခဏကြာလျှင် ခါးပတ်ပတ်သည့်ကြားက ရအောင် မတ်တပ်ထရပ်တော့တာပင်။

ကိုယ်ဝန်ဆောင်ဘဝမှာတုံးက ကလေးကျန်းမာရေး၊ ပြုစုစောင့်ရှောက်ရေး စာအုပ်တွေ ဝယ်ဖတ်ဖြစ်သည် ထဲက ဒေါက်တာတင်မောင်ထွေး (ဒေါက်ထွေး၊ဆေး-မန်း) ၏ ကလေးသူငယ်ပြုစု ပျိုးထောင်နည်း ဘာသာပြန် စာအုပ် (မူရင်း- The Encyclopedia of Baby & Child Care) စာအုပ်မှ  "ကလေးငယ်အတွက်လုံခြုံစိတ်ချရတဲ့ အိမ်တွင်းပတ်ဝန်းကျင်" ဆိုသည့် ဆောင်းပါး တစ်ပုဒ်ကလည်း အိမ်တွင်းမှာ ကလေးအန္တရာယ် ကင်းရှင်းရေး ပြင်ဆင်ရာမှာ အသုံးတည့်လှသည်။ ထိုဆောင်းပါးကို မနက်ဖြန် (သို့) ဘယ်သောခါတွင် စာရိုက်တင်မည်ဖြစ်ပါသည်.... ..
အိမ်တွင်ကလေးများ အန္တာရယ်မဖြစ်စေရန် ပြင်ဆင်ထားသင့်သည်များ ကျန်သေးလျှင် အောက်တွင် အကြံပြုပေးသွားကြပါ........။ ဝါးးးးး....... (အလွန်အိပ်ငိုက်နေပြီဖြစ်သည်။)





6 comments:

JuneOne said...

အိမ်က ၂ယောက်မှာ သားကသိပ်မကဲဘူး။အမျိုးတွေကတောင် ပြောတယ် နင်တို့အိမ်မှာ ပစ္စည်းတွေ ဒိတိုင်းထားလို့ရတယ်။ငါ့အိမ်မှာတော့ မြင့်မြင့်တင်ရတယ် အကုန်တတ်ယူလို့တဲ့။သူ့သားနဲ့ EDWIN နဲ့ က၁လပဲကွာတယ်။သမီးကတော့ ကုတင်ပေါ်တတ် ခုန်ချ၊ဆိုဖာပေါ်ကနေ အောက်ကို ခေါင်းနဲ့ဆင်း အဲလိုဆော့တယ်။သူတို့ ဆော့နေကျ ပစ္စည်းတွေကလွဲပြီး ကျန်တာတွေ ယူဆော့လေ့မရှိဘူး။ပစ္စည်းတွေ ဘာတွေလဲ ကောက်ပြီး ပါးစပ်ထဲ မထည့်ဘူး။လှေကားလို တတ်လို့ရတဲ့ ဟာတွေတော့ ဖြုတ်ထားရတယ်။သမီးကတတ်လို့။
အဲဒီ အပေါ်က အမျိုးသားလေး လေ သူ့အဖေ ရုံးသွားခါနီး ကော်ဖီဖျော်ပြီး စားပွဲပေါ်တင်ထားတာ။သူ့အဖေ ဖျော်နေချိန်မှာ သူ က ဧည့်ခန်းထဲမှာ ပက်လက် ကြမ်းပေါ်ချတဲ့ ပုခက်ထဲ အိပ်နေတာ။သူ့အဖေ ကကော်ဖီဖျော်ပြီး မီးဖိုဖက် ၀င်သွားချိန်မှာ အိပ်ရာက နိုးပြီး ကော်ဖီခွက်ကို ထဆွဲလိုက်တာ လက်ပေါ် ကောဖီတွေ မှောက်ပြီး လက်မှာ လက်လေးလုံးလောက် အရေခွံလန်သွားတယ်။ဆရာဝန် သွားပြတော့ အကြောတော့ မထိဘူး။၁နှစ်ကျော်အရွယ်လောက်က။
EDWIN ကတော့ လွန်ခဲ့တဲ့ ၆လလောက်က အောက်ကနေ အိမ်ပေါ်ကို LIFT နဲ့ တတ်လာတုံး တို့အထပ် အရောက်မှာ တံခါးပွင့်သွားတော့ တို့ကသမီးလေးကို ဂရုစိုကနေတုန်း ဓာတ်လှေခါး အဖွင့်မှာ ဆော့ပြီး လက်ကို ဘယ်တဖက်၊ညာတဖက် ဓတ်လှေခါး ပွင်းတဲ့ အတိုင်း တံခါးနဲ့ လက်ကို ကပ်လိုက်ပြီး တံခါးရွေ့တဲ့ အတိုင်းကပ်ပါသွားတာ ဘယ်ဖက်လက် တံခါးကြားထဲ ညှပ်သွားတာ။တော်သေးတယ် သူ့လက်က သေးလို့ ပြန်ဆွဲ ထုတ်လို့၇လို့။ရင်တွေတုန်လိုက်တာ။ငယ်ငယ်တုန်းကလဲ ဓာတ်လှေခါးထဲ တစ်ခါ ပါသေးတာ။သူက အဲလို။

အဲဒီ့ အပေါ်ကတူလေး ပဲလေ ဟိုတလော အိပ်ရာထဲမှာ ပက်လက်လှန်ပြီး ငါးပြားစေ့ ကို အပေါ်မြှောက်တင်လိုက် ပြန်ကျလာလိုက် ပြန်ဖမ်းလိုက်ဆော့နေတာ အစေ့ပြန်ကျလာချိန်မှာ ရီလိုက်မိတာ ပါးစပ်ထဲဝင်ပြီး မေ့ပြီးမြိုလိုက်တယ်။
ပြီးတော့ ထွေးထုတ်တော့မရတော့ဘူး။ဝင်သွားပြီး ဆရာဝန်သွားပြတော့ ဘာမှမဖြစ်ဘူးထားလိုက် သူ့ဘာသာ အီးပါရင် ထွက်သွားလိမ့်မယ်တဲ့။နောက်တော့ အခုထိ ဘာမှမဖြစ်သေးဘူး။ထွက်သွားပြီထင်တယ်။

သီရိရတနာ said...

ဂီဗာ တာလီ၏ ကလေးများအတွက်အန္တရာယ်ရှိတဲ့ အရာ ၅-ခု အကြောင်း ဟောပြောချက်။

အဲဒီ ဗီဒီယို ဟောပြော ပို့ချက်မှာ လေ့လာကြည့်ပါ ...

NSA said...

Kyi Kyi Khin
မြေပဲစေ့တို့ ပဲစေ့တို့ ကျွေးတဲ့အခါလဲ သတိထားမှ အဲဒါတွေက နှာခေါင်းထဲ ရောက်သွားရင် ပွလာပြီး ပိတ်သွားတတ်တယ်၊ ဒါပေမယ့် အမြဲလိုက်ပြီး ဆွဲနေလို့လဲ သိပ်မဖြစ်ဘူး စင်စင်၊ လှေခါး တက်ချင်ရင် နောက်က စောင့်ပြီးနေ သူတက်နေလို့ဘာမှမဖြစ်ရင် ဒီတိုင်း ကြည့်နေပါ၊ ပြုတ်ကျမှ ဖမ်းပါ။ သူတို့ရဲ့ တိုးတက်မှုဖြစ်စဉ်ပါပဲ။ စားစရာတွေ သူတို့ဖာသာယူစားချင်လဲ ပေးကျွေးပါ ပေပါစေ။ ပေတာပြီးမှ ပြန်ဆေးလို့ ရတယ်၊ သူတို့ ဇွန်းကိုင်တာ မြဲ လာမယ် ကိုယ့်လက်နဲ့ ပါးစပ်ထဲ ထည့်ဖို့ တဖြည်းဖြည်းအဆင်ပြေလာမယ် ဆို တိုးတက်လာတာပဲ။ အမသားတုန်းကတော့ အ ကုန် ပေးလုပ်တယ်။ တူထုချင်ရင်တောင် ပေးထုတယ် သူ့ဖာသာ ထုမိတော့ နားလည်သွားတယ်၊ ကလေးအားဆိုတော့ သိပ်တော့ မနာနိုင်ပါဘူး။ အဓိက သတိထားရမှာ ရေချိုးခန်းထဲမှာ ဘယ်တော့မှ ရေဇလုံတို့ ဘာညာတွေ ရေဖြည့်မထားပါနဲ့ ။ ကိုယ်မသိပဲ ၀င်သွားပြီး အဲဒီ ဘာမှမရှိတဲ့ရေထဲ လဲကျတတ်ပြီး မျက်နှာပြန်မဖေါ်တတ်ဖြစ်မှာ စိုးတာပါ၊

NSA said...

အဘ ဘိုးဏီ http://politiken.dk/poltv/tjek_dk/guider/ECE1595742/barsels-bootcamp-saadan-traener-du-balanceevnen/ နားမလည်ရင် ပုံကြည့်ပြီး လုပ်နိုင်၏။ ၁၂ ခုလားမသိ ရှိတယ် :P
Barsels-bootcamp: Sådan træner du balanceevnen
politiken.dk
I uge 2 af barsels-bootcampen giver Birgitte Nymann gode træningsråd om balanceevnen.

AMK said...

သိပ်သဘောကျတာပဲ မျှဝေတာကျေးဇူး စင်စင် အိမ်မှာတော့ သမီးလေး က တလပဲ ရှိသေးတယ် ဆိုတော့  ထုပ်ထား၇တုန်းပဲ

Anonymous said...

လာဖတ်ပြီး အတွေ့အကြုံတွေ၊ အကြံတွေ မျှဝေသွားသူတွေ ၊ လာဖတ်သွားသူတွေ ကျေးဇူးတင်ပါတယ်..


NSA