Monday, July 30, 2012

ရွာ

 စင်ကာပူကိုရောက်တဲ့အခါ ကိုယ့်မြို့အကြောင်းပြောဖြစ်ရင် ရွာ.. လို့ထည့်ပြောမိတယ်။အဲလိုပြောရတာ အားရတယ်..။ သမီးကိုယ်ဝန်နဲ့တုံးက ၁၀ လ လောက် ပြန်နေထားတာတော့ ရွာမှာ ပြောင်းလဲနေတာ မှန်သမျှ မှန်းမိတယ်.. (တကယ်တော့ ကိုယ် ၁၀ တန်းလောက်က မွေးတဲ့ကလေးတွေ အိမ်ထောင်ကျကြ... လူကြီးဖြစ်လာကြ တာကလွဲရင် ထူးထူးခြားခြား ပြောင်းလဲမှုလည်း မရှိလှပါဘူးလေ...)။ မူလတန်းကတည်းက လျှောက်ခဲ့တဲ့ တာပွန်လမ်းကြီးကလည်း ဆိုးမြဲ၊ လူတွေကလည်း တစ်ယောက်တစ်ယောက် ပါးစပ်ပြည့်လေသံကြီးတွေနဲ့ ပြောကြ ဆိုကြမြဲ။

တာပွန်ဆိုတာ နတ်တလင်းထက်အရင် မြို့ဖြစ်ခဲ့တယ်လို့ဆိုတယ်။ အခုတော့ ၊ တာပွန်က နတ်တလင်းမြို့နယ်ထဲက တိုက်နယ်..။ နတ်တလင်းကတဆင့်မှ မြင်းလှည်း၊ ကား ၊ ဆိုင်ကယ် တို့နဲ့ ဆက်သွားရမယ်။ တာပွန်လမ်းဆိုတာ နတ်တလင်းတစ်မြို့ထဲတင်မက မြို့နီးချင်း ပေါင်းတည်၊ ဇီးကုန်း၊ ကြို့ပင်ကောက်တို့မှာလည်း တာပွန်ထိ ပေါက်တဲ့ တာပွန်လမ်းရှိကြတယ်။ ကျွန်မကို တာပွန်မှာမွေးခဲ့တာပါ။ မွေးတဲ့ညက မိုးတွေကြီးနေလို့ အိမ်ရှေ့ မြောင်းကြီးကို ထိုးထားတဲ့တံတားပေါ်မှာ နောက်တံတားတစ်စင်း ထပ်ထိုးရတယ်တဲ့.. မေမေက အဲဒီ တံတား ၂ ထပ်ဆင့်ပေါ်ကနေ ဆေးရုံကို သွားခဲ့ရတယ်တဲ့။ ဒီလောက်မိုးကောင်းနေတုံး မွေးတာ ကျွန်မနာမည်မှာ "မိုး" ထည့် မမှည့်ရကောင်းလားဆိုပြီး ငယ်ငယ်က မိဘကို ခဏခဏ အပြစ်တင်မိတာ သတိရမိတယ်..။ ငယ်ငယ်က မိုး ဆိုတဲ့နာမည် ကြိုက်ခဲ့တယ် ထင်တယ်။


 ကျွန်မတို့မြို့နဲ့ မြို့နီးချင်းသားတွေ စကားပြောရင် ရန်ကုန်ကလူတွေ ပြောတာနဲ့မတူ.. အာလေးတယ်...ကျွန်မတို့ကလည်း ရန်ကုန်သူ/ ရန်ကုန်သားတွေ စကားပြောရင် ပေါ့ရွှတ်ရွှတ်နဲ့ လို့ ဆိုလေ့ ရှိကြတယ်။ ၁၀ တန်းအောင်ပြီး ပြည် GTI စတက်တော့ (အဲဒီအချိန်က) မြန်မာပြည် အောက်ပိုင်း၊ အထက်ပိုင်းနယ်စုံနဲ့ ရခိုင်ပြည်နယ်ကလူတွေ အကုန်လာတက်ရတယ်..ဆိုတော့... ကိုယ့်မြို့နဲ့ကိုယ် ပြောတဲ့စကားက တခြားနယ်က သူငယ်ချင်းတွေအတွက် ချစ်စနိုး စချင်၊ လှောင်ချင်စရာဖြစ်လို့.. ကိုယ်တွေကလည်း အညာဘက်က သူငယ်ချင်းတွေ ပြောတာ ပြန် စ နောက်တာပါပဲ .....။
ကိုယ့်နယ်ဘက်သားချင်းလည်း လေသံနားထောင်လိုက်တာနဲ့ တန်းသိပါတယ်။ တစ်ခါက ကိစ္စတစ်ခုနဲ့ အိမ်လာတဲ့ လင်မယား ၂ ယောက်နဲ့  မောင်ကြီး စကားပြောနေကြရင်း လေသံတွေ နားထောင်ကြရင်း မေးကြရင်းမှ တစ်မြို့တည်းသားတွေ ဖြစ်နေတာကြုံဖူးပါတယ်။

ကျွန်မတို့ အာလေးပုံ လေးနည်းကတော့ ဒီလိုပါ...။
နေကောင်းလား = နေးကောင်းလား
 ပြောင်ပြပါအုံး = ပြောင် (း) .. ပြပါအုံး
ပေစုတ်နေတာပဲ = ပေ (း) စုတ်နေတာပဲ 

ဒါပေမယ့် ကျွန်မတို့ ပြောတဲ့ ဝစ္စပေါက်သံလိုလို အာလေးသံက သူများလိုက်ပြောရင် မတူပြန်ဘူး.... :D

၁။ အစ အနောက်ခံလိုက်ရလို့ ရှက်သွားရင် ပြန်ပြောလေ့ရှိတာက .... "ဘာမှ ဟုတ်ဘူး" (မင်း ပြောနေတာတွေ မဟုတ်ဘူး ဆိုတဲ့ အဓိပ္ပါယ်) ။

၂။ ဝါကျ တစ်ကြောင်း၊ စကားတစ်ခွန်းရဲ့ အဆုံးသတ်မှာ အာလုတ်အနေနဲ့ ပြောတတ်ကြတာက ..."အနန့်" တဲ့... ။ စကားအဆုံးမှာ " နော်" အစား သုံးတတ်ကြတယ်..။ တခါ တခါကျတော့ " နော်..အနန့်" တဲ့...။
ဥပမာ ... စောစောပြန်လာနော်.... အနန့်


၃။ ကျွတ်ကျွတ်အိတ်၊ရှဲရှဲအိတ်၊ ရွစိအိတ်..
ကျွန်မတို့ က ကျွတ်ကျွတ်အိတ်ပဲ ခေါ်ပါတယ်..။ တစ်ခါက အရှေ့ဘက်(ပဲခူးရိုးမနားနီးနီး) ရွာတွေက လာတဲ့သူတွေနဲ့ စကားပြောမိတော့ သူတို့က ကျွတ်ကျွတ်အိတ်ကို ရှဲရှဲအိတ်.. ရွစိ အိတ် လို့ ခေါ်တာ ကြားဖူးလို့ မှတ်ထားလိုက်တာ...။

၎။ ဟိုးမို
လက်ညှိုးတစ်ဆုံး ထိုးပြပြီးး ဟိုး...မှာ လို့ ပြောတာ... ပြတာ.....( Homo နဲ့ မှားနေရင် အခက်ပဲ :D )

၅။ အကြီးမေကြီး
အကြီးကြီးပဲ လို့ပြောတာပါ...
ဥပမာ ... ငါတို့အိမ်က မာလကာပင်မှာ သီးနေတာ.. အသီးတွေ အကြီးမေကြီးတွေပဲ ... ။

၆။ ဂျင်းဂါးသီး
ကြက်ဟင်းခါးသီး=ဂျင်းဂါးသီး

၇။ မြေပုံသီး 
ခရမ်းချဉ်သီး= မြေပုံသီး... (မြေကြီးပေါ်မှာ ပုံလျက်လေးတွေ သီးတတ်လို့ များလား....  :P)

၈။ ဆန် ၁ ပြည် ၁၀ လုံး ၊
ကျွန်မတို့မြို့မှာ ဆန်တစ်ပြည်ကို နို့ဆီဗူး ၁၀ လုံး ရှိပါတယ်။  ပြည်တောင်းကလည်း သာမန်ပြည်တောင်း ထက် နို့ဆီဗူး ၂ ဗူးစာပိုကြီးပါတယ်..။ ဆန်တစ်အိတ်ချင်းကျတော့ ပုံမှန် အတိုင်းပဲ ချိန်သလား၊ ဈေးပိုယူပြီး မြို့အတိုင်းအတာနဲ့ ချိန်သလားတော့ သေချာမလေ့လာခဲ့ရဘူး.. ရွာပြန်မှ အမျိုး ဆန်ဆိုင်ကိုသွား ဗျူးရဦးမယ်..။
ကျွန်မတို့ နတ်တလင်းနဲ့ ၉ မိုင်ဝေးတဲ့ တာပွန် တိုက်နယ်မှာတော့ ဆန် တစ်ပြည်ကို နို့ဆီဗူး ၉ လုံးရှိပါတယ်။ 

နောက်သတိရမှ ထပ်မှတ်ထားရဦးမယ်..။

6 comments:

Anonymous said...

ကြို့ပင်ကောက်မှာတော့ ဆန်ကို အလေးချိန်နဲ့ ချိန်ရောင်းတာဆို ... :)

ပြည့်ဖြိုး

NSA said...

ဟုတ်တယ်တဲံ.. ညကတောင် NN ပြောနေသေးတယ်...

JuneOne said...

မော်လမြိုင်က လူတွေကတော့ ဇွန်းသေးသေးလေးကို ဇွန်းသားလေး လို့ပြောကြတယ်။

mstint said...

တစ်မြို့ တစ်နယ် တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလိုပေါ့ စင်စင်ရယ်။ ဗဟုသုတအဖြစ် မှတ်သားသွားတယ်း)
တီတင့်အိမ်ဦးသခင်တို့ နယ်ကလူတွေလည်း အခေါ်အဝေါ်တွေ ကွဲပြားတယ် တစ်ချို့ဟာတွေဆိုရင် နားတောင်မလည်ဘူး ပြန်မေးရတယ်း)
စကားမစပ် တီတင့်ရဲ့ ကွန်မန့်ဘောက်စ်က ပို့စ်ရဲ့ အောက်ဆုံးမှာရှိတဲ့ စာအုပ်လေးကို နှိပ်လိုက်ရတယ်)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သက်ဝေ said...

မှုံလေး နေ(း) ကောင်းလား စင်စင်... :D :D

Anonymous said...

မဂျေးသီးတွေစားပီး ချေးပန်းရင်တော့ ချေးသေးကြီး ထားလိုက်မှာနော် . .အဟတ်ဟတ်