Wednesday, March 12, 2014

မှုံကလေး မူကြို

သမီးလေးမှုံမှုံ ၃ နှစ်ပြည့်ဖို့ ၂ ပတ်လို (2014 မတ်လ ၃ ရက်)နေ့မှာ မူကြိုကျောင်း စ သွားတယ်။ Play Group လို့ခေါ်တဲ့ Nursery (N1 ) အတန်းပေါ့။ တစ်နေ့ကို ၂ နာရီ၊ တစ်ပတ်ကို ၅ ရက်တက်ရမဲ့ကျောင်းပါ။ သမီးလေးက အိမ်မှာပဲ ဖေဖေ မေမေတို့နဲ့ အနေများပြီး ကစားကွင်းသွားရင်ဖြစ်ဖြစ် ၊ အိမ်ကို ကလေးဧည့်သည် အလည်လာရင် ဖြစ်ဖြစ်တခြားကလေးတွေနဲ့ အတူတူမကစားတတ်တာ၊ ဝင်ကစားချင်ပေမဲ့ မကစားရဲပဲ အဝေးကနေ သူများကစားတာတွေသာ ရပ် ငေးနေတတ် ၊ ရှောင်ပြေးနေတတ်တာမို့ အပေါင်းအသင်း ပေါင်းတတ်အောင် ၊ ကစားရအောင် ရည်ရွယ်ချက်နဲ့ သမီးလေးကို ကျောင်းမထားချင်သေးပဲ စ ထားလိုက်တာ။ ရွာမှာလို အိမ်နီးချင်း ကလေးရွယ်တူတွေ တစ်ဝမ်းကွဲ အစ်ကို အစ်မတွေနဲ့ဆိုရင်တော့ သမီးလေးကို အိမ်မှာပဲ ထားဖြစ်ဦးမှာပဲ ။

အိမ်နဲ့ ၇ မိနစ်လောက်လျှောက်သွားရင်ရောက်တဲ့ Community Centre က ကျောင်းမှာ သမီးကိုထားတယ်။ သမီးတက်ရမဲ့ အတန်းမှာ သမီးအပါအဝင် ကလေး (၁၁) ယောက်ရှိတယ်။ သမီးပထမဆုံး ကျောင်း စ တက်ရတဲ့နေ့မှာ ဖေဖေနဲ့မေမေလိုက်ပို့တယ်။ ကျောင်းတက်စ ရက်တွေမှာ မိဘတစ်ယောက်ယောက် အတန်းထဲ ဝင်ထိုင်ခွင့်ရှိတော့ ဖေဖေက သမီးလေးနဲ့ တူတူနေခဲ့ပြီး မေမေကတော့ မောင်မောင် နို့ဆာပြီး ငိုနေမှာစိုးလို့ အိမ်ပြန်ရတာပေါ့။ သမီးလေး ကျောပိုးအိတ်ထဲမှာ ကျောင်းက မှာတဲ့အတိုင်း ဒိုင်ပါတစ်ခု ၊ ရေဗူးတစ်ဗူး ၊ မုန့်ဗူးတစ်ဗူးထည့်ပေးလိုက်ရတယ်။ သန့်ရှင်းရေးကိစ္စပေါ်ခဲ့ရင်သုံးဖို့ Wet Tissue အထုပ်အကြီးတစ်ထုပ် ကျောင်းကိုပေးထားရတယ်။ 

ဖေဖေပြန်ပြောပြတာတွေ မေမေရေးမှတ်ထားတယ်။ သမီးလေးက ကြောက်တတ်တယ်၊ ဆရာမက ကစားစရာတွေ သမီးရှေ့လာချပေးထားလဲ တခြားသူငယ်ချင်းတစ်ယောက်ယောက်က မိတ်ဆွေဖွဲ့ဖို့ အတူတူကစားဖို့ အနားကပ်လာရင် ကိုင်ထားတဲ့ ကစားစရာကို ပစ်ချပြီး ဖေဖေ့ဘေး ပြေးကပ်တော့တာတဲ့။ 
ဆရာမရှေ့က ဆိုတာ ကပြတာတွေတော့ အကုန်လိုက်ဆို လိုက်ကတယ်တဲ့။ အိမ်မှာကတည်းက ဆိုရ က ရတာ ဝါသနာပါတဲ့သမီးလေးက ဆရာမ က ပြတဲ့အတိုင်း အနီးစပ်ဆုံးတူအောင် အားကြိုးမာန်တက် လိုက်လုပ်တယ်တဲ့။ မုန့်စားချိန်မှာလဲ သူများတွေလိုပဲ ကိုယ့်မုန့်ဗူးကိုယ်ဖွင့်ပြီး မုန့်စားတယ်တဲ့။ သမီးက အတန်းထဲဝင်ဝင်ချင်း ကျောင်းမှာဖွင့်ထားတဲ့ သီချင်းအတိုင်း ခုန်ပေါက်ပြီး က သေးတယ်ဆိုပဲ။ ဘေးက သမီးသူငယ်ချင်း ကုလားလေး ၂ ယောက်ကလဲ ဝင်က ကြတယ်တဲ့ ။ ဖေဖေပြန်ပြောပြတော့ မေမေ့မှာ ရယ်လိုက်ရတာ..။

နောက်တစ်နေ့ ဖေဖေက အတန်းထဲ ၅ မိနစ်လောက်ပဲဝင်ထိုင်ပြီး အိမ်ပြန်လာ၊ တတိယနေ့ကျ ဖေဖေက အတန်းရှေ့ထိပဲ လိုက်ပို့ပြီး ပြန်လာ တဆင့်ချင်း သမီးကို ကျောင်းမှာ ထားရတာပေါ့။ ကျောင်းသွားကြိုတော့ သမီးလေးက ကျောင်းကပေးလိုက်တဲ့စက္ကူရုပ်ကိုကိုင်လို့ အေးအေးဆေးဆေးပါပဲ။ သမီးက အတန်းထဲရောက်တော့ "ဖီဖီ ဖီဖီ နဲ့ တစ်ချိန်လုံး ပြောနေတယ် ။ ဖီဖီ ဆိုတာ ဘာအဓိပ္ပါယ်လဲ" လို့ ကျောင်းသွားကြိုတဲ့ဖေဖေ့ကို ဆရာမက မေးတယ်တဲ့ ။ သမီးက အိမ်မှာ ဖေဖေ့ကို ပြောင်ပြီး "ဖီဖီ" လို့ ခေါ်လိုက် "ဖေဖေပါ" လို့ ကိုယ့်ဘာသာ ပြန်ပြောလိုက် လုပ်တတ်တာ ။ အတန်းထဲ ဖေဖေ လိုက်ဝင်မလာလို့ သမီးက ဖေဖေ့နာမည်ကို ကို တဖွဖွ ရွတ်နေတာပေါ့။


 


အိမ်ပြန်ရောက်ရင် စီးလာတဲ့ ဖိနပ်ကို ကိုယ့်ဘာသာထိုင်ချွတ် ၊ ဖိနပ် ၂ ဘက်ပူးပြီး အိမ်ရှေ့က ဖိနပ်ဗီဒိုလေးထဲ သွားထည့်ဖော်ရလာပြီ။ ကျောင်းမှာ ကတဲ့အတိုင်း ပြန် က ပြ၊ ရသလောက်သီချင်းတွေ ပြန်ဆိုပြတယ်။ သမီးနားက ကြားတဲ့အတိုင်း မပီကလာ ဆိုတော့ မေမေ နားမလည်တာတွေလဲ ပါတယ်။ ဂွတ်မော်မင်း..ဂွတ်မော်မင်း နဲ့ သီချင်းတစ်ပိုင်းတစ်စ ညည်းနေလို့ ၄-၅ ခါကြားမှ Good Morning ကိုပြောနေမှန်း ရိပ်မိတယ်။ 

ကျောင်း စ တက်တဲ့ ပထမတစ်ပတ်မှာတော့ သမီးလေးက မနက်အစောကြီးထဲက  မှုံမှုံ ကျောင်းသွား ၊ မှုံမှုံကျောင်းသွား နဲ့ အတင်းကျောင်းသွားမယ်လုပ် ၊ ကျောင်းက ၁၁ ခွဲမှ တက်ရမှာမို့ မနည်းလှည့်ပတ်ပြောရ၊ မနက်ပိုင်းမုန့်ဝယ်ဖို့ဖြစ်ဖြစ် ညှော်ရှောင်ဖို့ ဖြစ်ဖြစ် အောက်ဆင်းရင် ကျောင်းသွားမယ်ဆိုပြီး မေမေ့ကို အတင်းဆွဲခေါ်လို့ ဖျောင့်ဖျရ ၊ အိပ်ကာနီး ညဝတ်အကျီင်္လဲပေးရင် မဝတ်ဘူးလုပ်ပြီး ဘီဒိုထဲ ချိတ်ထားတဲ့ ကျောင်းဝတ်စုံကို အတင်းဝတ်ခိုင်းနဲ့ တက်ကြွနေခဲ့တာ။

စနေ တနင်္ဂနွေကျောင်းပိတ်ပြီး တနင်္လာနေ့မှာ သမီးလေး နှာပိတ်နေလို့ ကျောင်းမသွားရတာ ရက်ဆက်သွားတော့ ဒုတိယပတ် ကျောင်းစတက်တော့ အတန်းထဲဝင်ကာနီး သမီးငိုတယ်တဲ့။ ဆရာမက ချီပြီးအထဲခေါ်သွားတယ်။ ခဏနေတော့ အပြင်မှာစောင့်နေတဲ့ ဖေဖေ့ကို ဆရာမက "သမီး အိုကေပါတယ် ၊ အထဲမှာ ဆိုလိုက် က လိုက်လုပ်နေပါပြီ" လို့ လာပြောတယ်တဲ့။ နောက်တစ်နေ့ (ဒီနေ့) လဲ အတန်းထဲ ဝင်ကာနီး သမီးငိုလို့ ကျောင်းပို့ပြီး ပြန်လာတဲ့ ဖေဖေက မျက်နှာဘ မသာမယာဖြစ်နေတယ်။ မေမေ ကျောင်းသွားကြိုတော့ သမီးလေးက အေးဆေးပါပဲ ။ သမီး အဆင်ပြေရဲ့လား၊ ဆက်ငိုနေသေးလား၊ သူများနဲ့ ဝင်မပူးပေါင်းပဲ ဘေးမှာ တစ်ယောက်တည်း ရပ်နေသေးလား ဆိုတာတွေ မေးတော့ သမီးက ကျောင်းခန်းထဲ ဝင်တာနဲ့ အားလုံးအဆင်ပြေပါတယ် ဆိုလို့ သက်ပြင်းချရတယ်။

မေမေမြင်ဖူးတဲ့ အတန်းထဲထိ ဝမ်းပန်းတနည်း ငိုယို အော်ဟစ် ရုန်းကန်နေတာမျိုးမဟုတ်လို့ တော်သေးပါရဲ့ ပဲ ဖြေသိမ့်ရပါတယ်။
သမီးလေးဘဝရဲ့ ပထမဆုံး အပြင်ကျောင်းအတွေ့အကြုံကို မေမေက မှတ်ထားတာပါ။

6 comments:

Lorem Ipsum said...

ရှုမငြိမ်းတဲ့ချစ်သမီးလေးမှုံး) မောင်မောင်လေးရှိလာတော့ တကယ်ပဲငြိမ်သွားတယ်နော်...မှုံနဲ့မောင်မောင်လေးအကြောင်းရေးပါဦးလို့ ...။

Anonymous said...

အမဆင်
လူဦးရေတိုးတာ မသိလိုက်ဘူးရော။ ၀မ်းသာတယ်ကော။
ဒီစာဖတ်မိတော့ ငယ်ငယ်တုန်းက ကျောင်းတက်ပုံတွေ သွားမြင်ယောင်တယ်။ အိမ်ကိုလည်း သိပ်မတွယ်တတ်တာ ငယ်တုန်းကတည်းကဖြစ်မယ်။ နေ့လည် မေတယောက်တည်း ထမင်းမစားဖြစ်အောင် စက်ဘီးနဲ့ နေ့တိုင်းပြန်စားတာ သတိရတယ်။ လွယ်အိတ်ကို နေ့တပိုင်းဆီ ပြင်ထားတာမို့ လွယ်အိတ်မှားလွယ်တိုင်း အိမ်နဲ့ကျောင်းကို စက်ဘီးပြန်ပြန်နင်းရတယ်။ သိပ်စိတ်မပူပါနဲ့ သူ့ဟာနဲ့သူ အဖော်တွေနဲ့ ပျော်သွားမှာ

Mrs. Bagel said...

မိခင်မေတ္တာ :) မြတ်ကြည်ငယ်ငယ်တုန်းကတော့ ၁ ရက်ပဲ လိုက်ပို့လိုက်ရတယ်။ ငိုဘူး။ ဆရာမရဲ့ လက် ဆွဲပြီး ဝင်သွားရောတဲ့။

AMK said...

မှုံလေး ကသိပ်လိမ်မာနေပြီနော်..မီယာ ငယ်ငယ်တုန်း ၈လထဲ ကကျောင်းပို့ တာ ပထမတ၇က် နှစ်ရက်ဆို့  သူ့ ရဲ့  တွန်းလှည်းပါထည့်ပေးလိုက်၇တာ..ပြီး အဲ့ ပေါ်မှာဘဲ ထိုင်နေတာ..သုံးရက်မြှောက်မှ အောက်ဆင်းဆော့တယ်..

mae said...

တူလေးနဲ့ တူလိုက်တာ.. စကားပြောလဲ တယ်တွေ မယ်တွေ ထည့်မပြောဘူး.. အပိုတွေလို့ ထင်နေတယ် ထင်တယ် :D

လရိပ်အိမ် said...

ချစ်စရာကောင်းတဲ့မှုံလေးအကြောင်း သေသေချာချာရေးပေးတဲ့ အမကိုကျေးဇူးတင်ပါတယ်။ နောက်ဆို ၂ယောက်လုံးအကြောင်းရေးနော်။